သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာအမျိုးသမီးများ လူကုန်ကူးခံရမှု အများဆုံး တရုတ်ပြည်


 အမေရိကန်စင်တာမှာလုပ်တဲ့ လူကုန်ကူးမှု အခြေအနေဆိုင်ရာ လေ့လာတွေ့ရှိချက်သစ် ကိုဖော်ပြ
အမေရိကန်စင်တာမှာလုပ်တဲ့ လူကုန်ကူးမှု အခြေအနေဆိုင်ရာ လေ့လာတွေ့ရှိချက်သစ် ကိုဖော်ပြ

မြန်မာအမျိုးသမီးအများစုဟာ တရုတ်အမျိုးသားတွေနဲ့ အတင်းအကျပ်လက်ထပ်ဖို့ လူကုန်ကူးခံနေရကြောင်းနဲ့ ဒီလိုဖြစ်ရတာ လက်နက်ကိုင်တိုက်ပွဲတွေ အပါအဝင် ငွေကြေးမပြည့်စုံတဲ့အခြေအနေတွေကြောင့် ဖြစ်ကြောင်း အမေရိကန်နိုင်ငံ တကာဖွံ့ဖြိုးရေးအေဂျင်စီ USAID ရဲ့ မြန်မာပြည်ဌာနေ ညွှန်ကြားရေးမှူးက ပြောလိုက်ပါတယ်။ ဒီ်အကြောင်း ကိုယ်တိုင်သွားရောက်သတင်းယူခဲ့တဲ့ ဗွီအိုအေ မြန်မာပိုင်းသတင်းထောက် ကိုဇော်ထက် ရန်ကုန်ကနေ ပေးပို့ထားပါတယ်။

ပြည်ပကို လူကုန်ကူခံရတဲ့ မြန်မာအမျိုးသမီးအများစုဟာ တရုတ်ပြည်ကို လူကုန်ကူးခံရတာဖြစ်ပြီး ၇၀ရာခိုင်နှုန်းကျော်က တရုတ်အမျိုးသားတွေနဲ့ အလိုမတူဘဲ လက်ထပ်နေရတာဖြစ်တယ်လို့ ဒီကနေ့ အမေရိကန်စင်တာမှာလုပ်တဲ့ လူကုန်ကူးမှု အခြေအနေဆိုင်ရာ လေ့လာတွေ့ရှိချက်သစ်မှာ ဖော်ပြထားပါတယ်။ ဒါဟာ အခုနောက်ပိုင်းမှာ ပိုဆိုးရွားတဲ့အခြေအနေဖြစ်လာတယ်လို့ အမေရိကန် နိုင်ငံတကာဖွံ့ဖြိုးရေးအေဂျင်စီရဲ့ မြန်မာပြည်ဌာနေ ညွှန်ကြားရေးမှူး ထရီဆာမက်ဂီက ပြောလိုက်ပါတယ်။

“၂၀၁၇မှာ လူကုန်ကူးမှုရဲ့ ၇၂% လောက်က တရုတ်ပြည်ကိုပါ။ မြန်မာပြည်တွင်းလူကုန်ကူးမှုကိစ္စတွေကလည်း ရာခိုင်နှုန်း မြင့်လာတာပါ။ ဘာကြောင့်လဲဆိုရင် တရုတ်ပြည်မှာလူကုန်ကူးခံရတဲ့ အမျိုးသမီးတွေက သူတို့ဖာသာပြန်လာပြီး ပြည်တွင်းလိင်လုပ်ငန်းတွေမှာပြန်လုပ်နေတာကြောင့်ပါ။ ဒါကသူတို့ရဲ့ စိတ်ပိုင်းဆိုင်ရာ ဒဏ်ရာတွေနဲ့လည်း ပတ်သတ်နေပါတယ်။ မြန်မာနိုင်ငံကတရုတ်နိုင်ငံနဲ့ အိမ်နီးချင်းကပ်နေတာဖြစ်ပြီး နယ်စပ်မှာ လက်နက်ကိုင်ပဋိပက္ခတွေဖြစ်နေတာကြောင့်လည်း လူကုန်ကူးတာတွေကိုအကာအကွယ်ပေးနေတဲ့ အခြေအနေဖြစ်နေ။ အစိုးရက ဒါကိုဘာကြောင့် ဖြေရှင်းသင့်လဲဆိုတာ နောက်ဖြစ်လာမယ့် ဆိုးရွားတဲ့ကိစ္စတွေအတွက်ပြင်ဆင်နိုင်ဖို့ပါ”

အမေရိကန်အခြေစိုက် ဂျွန်ဟော့ပ်ကင်း တက္ကသိုလ်က လေ့လာပြုစုချက်တွေကို တင်ပြတဲ့ ဆွေးနွေးပွဲမှာတော့ ပြီးခဲ့တဲ့ ၂၀၁၃ ကနေ ၂၀၁၇ အထိ တရုတ်ကနေ ပြည်တွင်း ပြန်လာတဲ့ အမျိုးသမီး ၁၀၆,၀၀၀ ရှိတဲ့အကြောင်း ဒီတက္ကသိုလ်က ဒေါက်တာ ကော့လန်ရော်ဘင်ဆင်က ပြောပါတယ်။

အဲဒီအထဲက အမျိုးသမီး ၇၈၀၀ ဟာ တရုတ်အမျိုးသားတွေနဲ့လက်ထပ်ခဲ့ပြီး ၅၀၀၀ လောက်က အတင်းအကျပ် လက်ထပ်ခဲ့ရတာဖြစ်ပါတယ်။ ၂၈၀၀ လောက်က ကလေးမွေးပေးဖို့အတွက် အတင်းအကျပ်စေခိုင်းခံခဲ့ရတာလို့ဆိုပါတယ်။

တချို့အမျိုးသားတွေက ကလေးရရုံလောက်ပဲ လက်ထပ်တာဖြစ်ပြီး တချို့ကတော့ အတူနေဖို့လက်ထပ်လိုတာပါ။ လူကုန်ကူးခံရသူတွေရဲ့ တွေ့ကြုံခံစားမှုတွေ၊ သွင်ပြင်လက္ခဏာတွေကို လေ့လာပြီးကောက်ယူထားတဲ့တွေ့ရှိချက် (Qualitative and Quantitative findings) အရဆိုရင် ငွေကြေးမပြည့်စုံတဲ့အခြေအနေတွေက ကြိုတင်စီစဉ်လက်ထပ်ပေးစားတဲ့ ကိစ္စတွေကို ဖြစ်စေနိုင်ကြောင်း ဂျွန်ဟော့ကင်းတက္ကသိုလ် ကဒေါက်တာ ကော့လန်ရော်ဘင်ဆင် ကပြောပါတယ်။

မြန်မာနိုင်ငံအတွင်း ဆင်းရဲနွမ်းပါးမှုနဲ့ အလုပ်အကိုင်ရှားပါးမှုတွေကြောင့် အိမ်နီးချင်းနိုင်ငံတွေမှာ သွားရောက် လုပ်ကိုင်ကြဖို့ ကြိုးစားကြသူတွေ၊ အထူးသဖြင့် အမျိုးသမီးတွေဟာ လူကုန်ကူးမှုရဲ့သားကောင်တွေ ဖြစ်ကြရလေ့ရှိတာပါ။ အခုနောက်ပိုင်းမှာဆိုရင် အိမ်နီးချင်း တရုတ်နိုင်ငံကို ရောင်းစားခံရတဲ့ အမျိုးသမီးတွေ ပိုမိုများပြားလာနေတာပါ။ လူကုန်ကူးမှုတိုးလာရတဲ့ အကြောင်းအရင်းတွေထဲမှာတော့ မြန်မာနိုင်ငံတွင်း လက်နက်ကိုင် ပဋိပက္ခတွေ၊ မြေသိမ်းသိမ်ဆည်းမှု၊ အတင်းအဓမ္မဖယ်ရှားခံရမှု၊ လူ့အခွင့်အရေးချိုးဖောက်တာတွေနဲ့ အလုပ်အကိုင် အခွင့်အလမ်း ရှားပါးမှုတွေကြောင့် အခုလို တရုတ်ပြည်ကိုသွားကြတဲ့ မြန်မာ ရွှေ့ပြောင်းလုပ်သား တိုးလာနေတာဖြစ်တယ်လို့ ဒီကနေ့ဆွေးနွေးပွဲမှာ အဓိက ထောက်ပြခဲ့ကြပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG