သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

လွတ်ရက်စေ့မြန်မာတွေ ထိုင်းအချုပ်စခန်းက ထွက်ပြေးဖို့ကြိုးပမ်းမှု


 Photo- ရနောင်းလဝကအချုပ်က နေ ထွက်ပြေးဖို့ ကြိုးစားကြတဲ့မြန်မာနိုင်ငံသားများ
Photo- ရနောင်းလဝကအချုပ်က နေ ထွက်ပြေးဖို့ ကြိုးစားကြတဲ့မြန်မာနိုင်ငံသားများ

(Zawgyi/Unicode)

မြန်မာနိုင်ငံနဲ့နယ်စပ် ထိုင်းနိုင်ငံ ရနောင်းမြို့က လူဝင်မူကြီးကြပ်ရေးအချုပ်ထောင်မှာ လွတ်ရက်စေ့ပေမယ့် နေရပ်ပြန်ခွင့်မရကြပဲ ဖြစ်နေတဲ့ ရာနဲ့ချီတဲ့ မြန်မာနိုင်ငံသားတွေ အချုပ်ခန်းက ထွက်ပြေးဖို့ ကြိုးစားခဲ့ကြတဲ့ သတင်းကို ပြောပြပါမယ်။ ဗွီအိုအေမြန်မာပိုင်းသတင်းထောက် မအေးအေးမာက ထိုင်းမြန်မာနယ်စပ်ကနေ သတင်းပေးပို့ထားတာပါ။

ရနောင်းမြို့က လူဝင်မူကြီးကြပ်ရေးအချုပ်မှာ ထိမ်းသိမ်းခံထားရတဲ့ မြန်မာ ၄၀၀ ကျော်ဟာ လွက်ရက်ပေမယ့် နှစ်တွေ၊ လတွေနဲ့ ချီ ဆက်လက် ထိန်းသိမ်းခံထားရပြီး၊ နေရပ်ပြန်ခွင့်မရကြတာကြောင့် ထွက်ပြေးဖို့ ကြိုးစာခဲ့ကြတာ ဖြစ်ပါတယ်။ တနင်္လာနေ့ အစောပိုင်းက ထွက်ပြေးဖို့ ကြိုးစားခဲ့သူတွေထဲမှာ အမျိုးသမီးတွေလည်း ပါဝင်ကြောင်း ထိုင်းနိုင်ငံအခြေစိုက် AAC အလုပ်သမားကူညီရေး အဖွဲ့ရဲ့ပြောရေးဆိုခွင့်ရှိသူ ဦးရဲမင်းက ပြောပါတယ်။

“ထိုင်းလဝကရဲ့အိပ်ပြန်ပို့မယ့်မြန်မာတွေ ထားတဲ့ လေးထပ် အကျဉ်းထောင်ရှိတယ် အဲဒီမှာထိန်းသိမ်းထားတဲ့ အကျဉ်းသား ၄၀၀ကျော်ရှိတယ်။ မိန်းကလေးတွေလည်းရှိတယ်၊ မိန်းကလေးတွေလည်း ၄၀နီးပါးပါတယ်။ သူတို့ တွေက အာဏာပိုင်တွေဆီက တံခါးသော့တွေ ယူပြီးအချုပ်ထောင်ကနေ ထွက်ပြေးဖို့ ကြိုးစားကြတာ ။ သူတိုက ပြစ်ဒဏ်ကျပြီးပြီ၊ ထောင်တွေလည်း ကျပြီးပြီ၊ ချုပ်ရက်တွေလည်းပြည့်ပြီး သူတို့ အိမ်ပြန်ချင်တယ်၊ အိမ်ပြန်ပို့ပေးဖို့ ဆိုပြီအသံတွေနဲ့လည်း ဆန္ဒထုတ်ဖော်တယ်။”

အချုပ်ခန်းတံခါးတွေကို ဖွင့်ထွက်လာခဲ့ကြပေမယ့် နောက်ဆုံး တံခါးမှာ ပိတ်မိနေတာကြောင့် ထွက်မပြေးနိုင်ပဲ ပိတ်မိနေခဲ့ကြတယ်လို့လည်း ပြောပါတယ်။ လူဝင်မှု ကြီးကြပ်ရေး အချုပ်ထောင်မှာ ရုန်းရင်းဆန်ခတ် ဖြစ်ခဲ့ရာက ထိုင်းလုံခြုံရေးတပ်ဖွဲ့ဝင် အင်အား ၂၀၀ လောက် လုံခြုံရေး ယူခဲ့ကြရပါတယ်။

ကိုဗစ်ကပ်ဘေးကာလမတိုင်ခင်မှာတုန်းက အခု ဆူပူမှုဖြစ်ခဲ့တဲ့ လူဝင်မှုအချုပ်ဟာ ထိုင်းနိုင်ငံ တောင်ပိုင်းက အချုပ်စခန်းတွေက လွတ်ရက်စေ့သူတွေကို ယာယီ ထိန်းသိမ်းပေးပြီး မြန်မာနိုင်ငံဘက် လွဲှပြောင်းပေးလေ့ ရှိပါတယ်။ ဒါပေမဲ့လည်း မြန်မာနိုင်ငံဘက်ခြမ်း ကော့သောင်းမြို့မှာ ကပ်ရောဂါကာလ စောင့်ကြည့်ရေးစင်တာတွေ မလုံလောက်တာကြောင့် အချုပ်ကျခံပြီး လွဲှပြောင်းပေးမယ့် မြန်မာနိုင်ငံသားတွေကို အစုလိုက်အပြုံလိုက် လက်ခံဖို့ အခက်အခဲကြုံနေရာက ထိုင်းနိုင်ငံက အချုပ်တွေမှာ လူတွေပိုများလာနေတာလို့လည်း အလုပ်သမားရေး လှုပ်ရှားသူတွေက ပြောပါတယ်။

အခုနောက်ဆုံး လူဝင်မှုကြီးကြပ်ရေးထောင်မှာ ဆူပူမှုဖြစ်ခဲ့ပြီးနောက်မှာတော့ ထိုင်း၊ မြန်မာ အာဏာပိုင်တွေ အရေးပေါ် ဆွေးနွေးခဲ့ကြပြီး အမြန်ဆုံး နေရပ်ပြန်နိုင်အောင် စီစဉ်ဖို့ သဘောတူညီချက် ရခဲ့တယ်လို့လည်း FED အဖွဲ့ကအလုပ်သမားရေးလှုပ်ရှားသူ ဦးမင်းဦးကပြောပါတယ်။

“ညှိနိုင်းမူ နောက်ဆုံအရ က ထိုင်းဘက်က မြန်မာဘက်ကိုမေးတယ်၊ မြန်မာဘက်က ဘယ်လိုလုပ်မှာလဲပေါ့ ပြတ်ပြတ်သားသားပြောပေါ့ ။ မြန်မာဘက်ကလည်း လက်ခံမယ်ပြောတယ် ၊ ဒီလူတွေကိုလက်ခံမယ် သို့သော် အသုတ်လိုက ်လက်ခံမယ်ပြောတယ် အလှည်ကျပေါ့။ ဘယ်နေ့ကနေ စလုပ်မလဲပေါ့ အမြန်ဆုံးတော့လုပ်မယ်။ဥပမာပေါ့ မနက်ဖြန်ဆို ဘယ်လောက်လက်ခံလိုရတယ် ၊ သဘက်ခါဘယ်လောက်လက်ခံလို့ရတယ်ဆိုတာ ပြောမယ် အဲဒါကို သံအရာရှိတွေကိုလည်း ဆက်သွယ်ပြီး ဆောင်ရွက်မယ်ပေါ့၊ ကော့သောင်းခရိုင်နဲ့ ရနောင်းခရိုင်က အာဏာပိုင်တွေကဆက်သွယ်ပြီး လုပ်မယ်ပြောတယ်”

မကြာသေးခင် ရက်ပိုင်းမှာပဲ ထိုင်းနိုင်ငံတောင်ပိုင်း စူရတ်ဌာနီခရိုင်က လူဝင်မှုကြီးကြပ်ရေး အချုပ်ထောင်မှာလည်း လွတ်ရက်စေ့ပေမယ့် နေရပ်ပြန်ခွင့်မရသေးတဲ့ မြန်မာမိန်းကလေးတဦးဟာ ရဲအရာရှိတဦးရဲ့ အဓမ္မပြုကျင့်ခဲ့ရတာကြောင့် မြန်မာသံရုံးတာဝန်ရှိသူတွေ အကူအညီ ပေးနေပါတယ်။

ကိုဗစ်ကပ်ရောဂါကြောင့် သေဆုံးသူ ၇၃ ယောက်နဲ့ ကူးစက်သူ ၁၃၅၀၀ လောက်ရှိနေတဲ့ ထိုင်းနိုင်ငံမှာ ရောဂါကူးစက်မှုတွေ တကျော့ပြန် ပေါ်ပေါက်နေတာကြောင့် နယ်စပ် ဝင်ထွက်သွားလာမှုတွေကိုလည်း တင်းတင်းကျပ်ကျပ် ထိန်းချုပ်ထားပါတယ်။

တိုက်ရိုက် လင့်ခ်


..............


(Unicode)










XS
SM
MD
LG