သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ထိုင်းနိုင်ငံ ဟွာဟင်းမြို့စက်ရုံမှာ မြန်မာ ၁၀၀ ကျော် ကိုဗစ်ကူးစက်ခံရ


ကိုဗစ်ကူးစက်မှု ဖြစ်ပွားနေတဲ့ စက်ရုံအတွင်းက အလုပ်သမားတန်းလျားတွေကို ပိုးသတ်ဆေး လိုက်ဖျန်းပေးနေတဲ့ မြင်ကွင်း။ (ဓာတ်ပုံ - CJ)
ကိုဗစ်ကူးစက်မှု ဖြစ်ပွားနေတဲ့ စက်ရုံအတွင်းက အလုပ်သမားတန်းလျားတွေကို ပိုးသတ်ဆေး လိုက်ဖျန်းပေးနေတဲ့ မြင်ကွင်း။ (ဓာတ်ပုံ - CJ)

(Zawgyi / Unicode)

ထိုင်းနိုင်ငံ ပကျွတ်ကရိန်ကန်ပြည်နယ် ဟွာဟင်းမြို့နယ်အတွင်းက နာနတ်သီး ဆီသွတ်ဘူး ထုတ်လုပ်နေတဲ့ စက်ရုံမှာ မြန်မာနိုင်ငံသား အလုပ်သမား ၁၀၀ ကျော် ကိုဗစ်ကပ်ရောဂါပိုး ကူးစက်ပြီး စက်ရုံကို ယာယီပိတ်ပင်လိုက်ပါတယ်။ အပြည့်အစုံကို မအေးအေးမာ တင်ပြပေးထားပါတယ်။

ထိုင်းနိုင်ငံမှာ တကျော့ပြန်ဖြစ်လာတဲ့ တတိယလှိုင်း ကိုဗစ်ကပ်ရောဂါပိုး ကူးစက်မှုမှာတော့ ကပ်ရောဂါပိုး ကူးစက်သူနဲ့ သေဆုံးသူနှုန်း မြင့်တက်လာနေတာပါ။ ဒီထဲမှာ အခုရက်ပိုင်းအတွင်း ပကျွတ်ကရိန်ကန်ပြည်နယ် ွဟွာဟင်းမြို့နယ်အတွင်းက နာနတ်သီး ဆီသွတ်ဘူး ထုတ်လုပ်နေတဲ့ စက်ရုံမှာ COVID-19 ရောဂါပိုး ကူးစက်နေသူ မြန်မာနိုင်ငံသား ၁၁၂ ဦးအထိ ရှိလာနေတာကြောင့် ပြည်နယ်အာဏာပိုင်တွေဟာ အရးပေါ်အစည်းအဝေး ပြုလုပ်ပြီး ရောဂါပိုးထိန်းချုပ်နိုင်ဖို့ လုပ်ဆောင်နေကြကြောင်း ထိုင်းသတင်းမီဒီယာတွေမှာ ဖော်ပြနေပါတယ်။

မြန်မာနိုင်ငံသား ၁၀၀ ကျော် ကူးစက်ခံရမှု အခြေအနေနဲ့ ပတ်သက်လို့ ထိုင်းတောင်ပိုင်းအခြေစိုက် ပညာရေးနဲ့ ဖွံ့ဖြိုးရေးဖောင်းဒေးရှင်းက အလုပ်သမားရေး လှုပ်ရှားသူ ဦးမင်းဦးက အခုလိုပြောပါတယ်။

“မြန်မာနိုင်ငံသား အဲဒီမှာ ၁၁၂ ယောက် ကူးတယ်လို့ သိရတယ်။ လောလောဆယ် အစိုးရက အဲဒီစက်ရုံဝင်းထဲမှာပဲ ယာယီဆေးရုံလုပ်ပြီး သီးခြားထားတဲ့ဆေးရုံ သူတို့ခေါ်တဲ့ Field Hospital အဲဒါလုပ်မယ်ဆိုပြီး ဖွင့်ပြီး ကုသထားမယ်။ အဲဒီလူတွေကို အပြင်ပေးမထွက်ဘူးဆိုပြီး အစိုးရက ကြေညာတယ်။ အထူးသဖြင့် ပြည်နယ်ရဲ့ ဒုတိယခရိုင်ဝန်က ပြောတယ်။ အဲဒီလူတွေကို အပြင်ပေးမထွက်ဘဲ ကုသပေးမယ်။ အဲဒီမှာ လောလောဆယ် ကုတင် ၂၅၀ ရှိတဲ့ဆေးရုံ လုပ်ပေးမယ် ပြောတယ်။ ပြောရရင် ကူးစက်တာက သူတို့ပြောတာက ဟွာဟင်းမှာရှိတဲ့ ဖျော်ဖြေရေးနေရာကိုသွားတဲ့ အလုပ်သမားတဦးကနေ စပြီးကူးစက်တယ်လို့ ခန့်မှန်းတယ်။”

ဒီစက်ရုံထဲမှာ ကူးစက်မှုတွေ စတင်ကတည်းက စက်ရုံကိုပိတ်ဖို့ ပတ်ဝန်းကျင်က တောင်းဆိုပေမယ့် စက်ရုံဆက်ဖွင့်ခဲ့တယ်လို့ ဆိုပါတယ်။ ဒါပေမယ့် အခုအခါမှာတေ့ာ စက်ရုံရော အလုပ်သမားတွေနေတဲ့ တန်းလျားတွေကိုပါ Lockdown လုပ်ထားတယ်လို့လည်း ဦးမင်းဦးက ပြောပြပါတယ်။

“အဲဒီနေရာက အရင်တည်းက ဟိုတခေါက်က သိပ်မကြာသေးဘူး၊ တချို့ ၇ ယောက်ကူးစက်တာဖြစ်တယ်။ ပတ်ဝန်းကျင်က အဲဒီစက်ရုံကို ပိတ်ဖို့ လောလောဆယ် Lockdown လုပ်ဖို့ ပြောတယ်၊ ဝိုင်းပြီး တောင်းဆိုတယ်။ အဲဒီတုန်းက ဒီအတိုင်း ဆက်ဖွင့်ထားတယ်ပြောတယ်။ အခုကတော့ ပိတ်ရတယ်။ အခုမပိတ်လို့မရဘူး။ အဲဒီစက်ရုံနဲ့ စက်ရုံအလုပ်သမားတွေနေတဲ့နေရာ Lockdown လုပ်ပစ်လိုက်ရတယ်။”

လက်ရှိအခြေအနေမှာ ဟွာဟင်းမြို့နယ်အတွင်းက အလုပ်သမားတွေ နေထိုင်နေတဲ့ နေရာတွေမှာ ပိုးသတ်ဆေးဖျန်းတာတွေ အလုပ်သမားတွေ စက်ရုံတွင်းကနေ အပြင်မထွက်ရအမိန့် ထုတ်ပြန်ထားပြီး ဥပဒေချိုးဖောက်ရင် ထောင်ဒဏ် ၂ နှစ်အထိ အပြစ်ပေးမှာဖြစ်ကြောင်း ပြည်နယ် ကပ်ရောဂါထိန်းချုပ်ရေးအဖွဲ့က ထုတ်ပြန်ထားပါတယ်။ ပကျွတ်ကရိန်ကန်မြို့ပိုင် Mr. Pallop Singhasani ကတော့ အခုလိုပြောသွားပါတယ်။

“အခုအချိန်မှာ ကူးစက်ခံနေရတဲ့ စက်ရုံထဲက အလုပ်သမားတွေကို အရေးပေါ် ဆေးကုပေးနိုင်ဖို့ ကုတင် ၂၅၀ ဆန့် ယာယီဆေးရုံတွေ စီစဉ်ထားပြီး ပိုးတွေ့တဲ့နေရာတွေမှာ ကန့်သတ်ချက် စည်းကမ်းတွေ ထုတ်ပြန် လုပ်ဆောင်နေပါတယ်။ မကြာခင် ထိန်းချုပ်နိုင်မှာပါ။” ဆိုပြီး ပြောသွားပါတယ်။

ထိုင်းနိုင်ငံမှာ တကျော့ပြန်ဖြစ်လာတဲ့ ကိုဗစ်တတိယလှိုင်းမှာတော့ ကူးစက်မှုတွေ မြင့်တက်လာနေတာကြောင့် လောလောဆယ်အထိ ကိုဗစ် အတည်ပြုလူနာ စုစုပေါင်း ၇၉,၀၀၀ နီးပါးရှိနေပြီး သေဆုံးသူက ၃၆၃ ဦးအထိ ရှိတယ်လို့ ထိုင်းအစိုးရက တရားဝင် သတင်းထုတ်ပြန်ထားပါတယ်။

တိုက်ရိုက် လင့်ခ်

----------------------

(Unicode)











XS
SM
MD
LG