သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ထိုင်းဆောက်လုပ်ရေးလုပ်ငန်းခွင်တခုမှာ မြန်မာလုပ်သားတွေ လစာမရဘဲ စွန့်ပစ်ခံရ


(Photo: အလုပ်ကိုင် ရှာဖွေရေးနဲ့ အလုပ်သမားရေးရာဌာန)
(Photo: အလုပ်ကိုင် ရှာဖွေရေးနဲ့ အလုပ်သမားရေးရာဌာန)

ထိုင်းနိုင်ငံ ရယောင်ခရိုင် နိုခုမ်ဖတ်ထနာမြို့ ဖနာနိခုမ်ကျေးရွာ အုပ်စု ၅ က ဆောက်လုပ်ရေးလုပ်ငန်းခွင်မှာ အလုပ်ရှင်ကနေ လုပ်အားခလစာ၂ လစာမပေးဘဲ စွန့်ပစ်ထားတာကြောင့် ထိုင်းအလုပ်သမားရေးဆောင်ရွက်နေသူတွေနဲ့ ထိုင်းအာဏာပိုင်တွေက ကူညီဆောင်ရွက်ပေးနေရပါတယ်။ ဒီသတင်းကို ဗွီအိုအေသတင်းထောက်မအေးအေးမာက သတင်းပေးပို့ထားပါတယ်။

တရားဝင်အထောက်အထားရှိတဲ့ မြန်မာလုပ်သားတွေဟာ လုပ်ခလစာ ၂ လနီးပါး ခန့်မရတဲ့အပြင် အလုပ်ရှင်က စွန့်ပစ်ခဲ့တဲ့အတွက် စားသောက်နေထိုင်ရေး အခက်ခဲကြုံနေရတယ်လို့ Myanmar Humanitarian Action Centre (MHAC) က တာဝန်ရှိသူ ကိုရဲမင်းက အခုလိုပြောပါတယ်။

“အလုပ်ရှင်က စွန့်ပစ်တာပေါ့နော်။ စားသောက်ရေးလည်းခက်ခဲတယ်။ ပုလောပီနံဥတွေ တူးစားနေရတယ်။ ကန်ဇွန်းရွက်တွေ ခူးစားနေရတယ်။ ဒီအလုပ်သမားတွေကို ထိုင်းအာဏာပိုင်တွေက လာပြီး အကူအညီ ပေးနေရတာပေါ့နော်။ အလုပ်သမားတွေကို ထိုင်းအလုပ်သမားရေးရာဌာနတွေ ထိုင်းလ၀ကနဲ့ အလုပ်သမားရေးရာအဖွဲ့တွေက အကူညီပေးနေရတာပေါ့နော်။”

အခုအခါမှာတော့ မြန်မာအလုပ်သမား ၁၈၀ ဦးက အထောက်အထား လက်မှတ်တွေ ပြည်စုံစွာရှိနေတဲ့အတွက် ထိုင်းအလုပ်ရှင်ကပေးရမယ့်ဘတ်ငွေ ၃ သန်းခန့် ပေးဖို့အတွက်လည်း ထိုင်းအာဏာပိုင်များက ညှိနှိုင်းဆောင်ရွက်ပေးနေပါတယ်။

အလုပ်အကိုင်ရှာဖွေရေးနဲ့ အလုပ်သမားရေးရာ အရာရှိ နိုင် စွန်ထရာ ကလာစီ ကတော့ အဲဒီဆောက်လုပ်ရေးဆိုဒ်ကိုလာရောက်ပြီး ထိုင်းဘာသာနဲ့ အခုလို ပြောသွားပါတယ်။

“အလုပ်သမားတွေဟာ စာရွတ်စာတမ်းအပြည့်အစုံ ကိုင်ဆေင်ထားကြသူတွေဖြစ်ပါတယ်။ အခုချိန်မှာ သူတို့ရဲ့ အရေးပေါ်လုပ်အပ်ချက်တွေကို ခရိုင် အလုပ်သမားရေးရာ အဖွဲ့တွေအနေနဲ့ ကူညီပေးနေတဲ့အပြင် သူတို့တွေကိုတော့ တခြားလုပ်ငန်းရှင်တွေဆီမှာအလုပ်အကိုင်တွေ ရှာဖွေပေးရေးကိုလည်း လုပ်ဆောင်နေပါတယ်လို့ ပြောသွားပါတယ်။

အလုပ်သမားတွေအတွက် အရေးပေါ် လိုအပ်နေတဲ့ စားနပ်ရိက္ခာတွေကို ရယောင်ခရိုင် လူမှုဖွံဖြိုးရေးနဲ့ လူသားလုံခြုံရေးဌာနက ထမင်းနှင့်ဆန်ရိက္ခာခြောက်တွေကို အလုပ်သမားတွေကို ကူညီပေးခဲ့ပါတယ်။

ထိုင်းနိုင်ငံမှာ အခုလိုတရားဝင်အထောက်အထားရှိသူတွေတောင် အခက်အခဲဖြစ်နေတာကြောင့် တရားဝင်အထောက်အထားမရှိသူတွေက ပိုပြီးခက်ခဲနေကြတယ်လို့လည်း ကိုရဲမင်းကပြောပါတယ်။

“ထိုင်းနိုင်ငံမှာက ဒီလို အထောက်အထားပြည်စုံတဲ့သူတွေတောင် ဒုက္ခတွေရောက်နေတယ်ဆိုတော့ အထောက်အထားမဲ့တွေအတွက်က ပိုပြီးစိုးရိမ်စရာရှိတယ်။ အခုက တချို့ အလုပ်သမားအခွင့်အရေးပေးတဲ့စက်ရုံတွေရှိသလို အလုပ်သမားအခွင့်အရေး ချိုးဖောက်နေတဲ့အလုပ်ရှင်တွေကလည်း တချို့နေရာတွေမှာရှိနေသေးတယ်။”

အခုလို အလုပ်ရှင်က လုပ်ခလစာမပေးတဲ့အပြင် နေထိုင်နေတဲ့ အလုပ်သမားတန်းလျှားတွေကနေ ဖိအားပေး ပြောင်းရွေ့ခိုင်းနေတဲ့အတွက် ရယောင်ခရိုင် အလုပ်သမားကာကွယ်ရေးအဖွဲ့တွေ၊ လ၀က အဖွဲ့တွေ၊ ရဲတွေက လာရောက်စစ်ဆေးနေကြပါတယ်။ စစ်ဆေးချိန်မှာ သန့်ရှင်းရေးနဲ့ပတ်သက်လို့ သတိပေးထားပေမဲ့လိုက်နာမှုမရှိတာကြောင့် အလုပ်သမားတန်းလျားတွေဟာ ကျန်းမာရေးနဲ့မညီညွတ်တဲ့အတွက် ဆက်ပြီး အရေးယူသွားမယ်လို့လည်း ပြောဆိုသွားပါတယ်ရှင်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG