သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

တိုင်းပြည်အနာဂတ်ရေးတောင်းဆိုတဲ့ မြန်မာဆန္ဒပြသူတွေကို ပစ်ခတ်နေ - ကန်နိုင်ငံခြားရေးဝန်ကြီး


အမေရိကန် နိုင်ငံခြားရေးဝန်ကြီး Antony Blinken။ (မတ် ၁၇၊ ၂၀၂၁)
အမေရိကန် နိုင်ငံခြားရေးဝန်ကြီး Antony Blinken။ (မတ် ၁၇၊ ၂၀၂၁)

[Zawgyi/Unicode]

အမေရိကန်သမ္မတ Joe Biden အစိုးရအဖွဲ့ဝင်တွေထဲက ပထမဆုံးပြည်ပခရီးစဉ်အဖြစ် အာရှဒေသမှာ ရောက်နေတဲ့ နိုင်ငံခြားရေးဝန်ကြီး Antony Blinken ဟာ ဒီကနေ့မှာလည်း မြန်မာနိုင်ငံနဲ့ပတ်သက်ပြီး ပြောဆိုခဲ့ပါသေးတယ်။

"မြန်မာနိုင်ငံမှာ ဒီမိုကရေစီနည်းကျ ရွေးကောက်ပွဲတစ်ခုရဲ့ရလဒ်ကို ပြောင်းပြန်လှန်ပစ်ဖို့ စစ်တပ်က ကြိုးစားနေပါတယ်။ ဆန္ဒပြသူတွေကို ရက်ရက်စက်စက် ဖြိုခွဲနေပါတယ်။ သူတို့နိုင်ငံရဲ့ အနာဂတ်အတွက် သူတို့ကိုယ်တိုင် ပါဝင်ခွင့်ရဖို့ ရိုးရိုးလေး တောင်းဆိုသူတွေကို ပစ်ခတ်နေပါတယ်။" လို့ ဝန်ကြီး Blinken က ပြောပါတယ်။

ဝန်ကြီး Blinken နဲ့ ကာကွယ်ရေးဝန်ကြီး Lloyd Austin တို့ဟာ ဂျပန်နိုင်ငံကနေ တောင်ကိုရီးယားနိုင်ငံ၊ ဆိုးလ်မြို့တော်မှာရောက်နေတာဖြစ်ပြီး တောင်ကိုရီးယားနိုင်ငံခြားရေးဝန်ကြီး Chung Eui-yong နဲ့ တွေ့ဆုံဆွေးနွေးချိန်အတွင်း အဲဒီလိုပြောသွားတာပါ။

အာရှဒေသအပါအဝင် ကမ္ဘာတဝန်းမှာ ဒီမိုကရေစီ ယုတ်လျော့ကျဆင်းလာနေတာကို ဝန်ကြီး Blinken က ထောက်ပြပြောဆိုတာမှာ မြန်မာနိုင်ငံအခြေအနေကို အရင်ဆုံး စပြောတာဖြစ်ပါတယ်။ အဲဒီနောက်မှာမှ ဟောင်ကောင်နဲ့ တိုင်ဝမ်မှာ တရုတ်အစိုးရက စွက်ဖက်လုပ်ဆောင်နေတာတွေ၊ တိဘက်မှာ လူ့အခွင့်အရေး ချိုးဖောက်နေတာ၊ တောင်တရုတ်ပင်လယ်မှာ နိုင်ငံတကာဥပဒေကို ချိုးဖောက်လုပ်ဆောင်နေတာ၊ မြောက်ကိုရီးယားအစိုးရက သူ့လူထုအပေါ် ဖိနှိပ်အုပ်ချုပ်နေတာတွေကို တစ်ခုချင်း ပြောသွားပါတယ်။

အခြေခံအခွင့်အရေးနဲ့ လွတ်လပ်ခွင့်တောင်းဆိုသူ လူထုနဲ့အတူ ရပ်တည်ရမှာဖြစ်ပြီး အဲဒီအခွင့်အရေးတွေကို ဖိနှိပ်သူတွေကို ဆန့်ကျင်ကြရမယ်လို့လည်း ဝန်ကြီး Blinken ကပြောပါတယ်။

ပထမဆုံးပြည်ပခရီးစဉ်ဖြစ်တဲ့အပြင် သွားရောက်တာကလည်း အာရှဒေသမှာ မြန်မာနိုင်ငံနဲ့နီးစပ်တဲ့ ဂျပန်နဲ့တောင်ကိုရီးယားနိုင်ငံတွေဖြစ်ပြီးတော့ အဲဒီနှစ်နိုင်ငံစလုံးမှာ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး Antony Blinken က မြန်မာနိုင်ငံနဲ့ ပတ်သက်ပြီး ပြောဆိုခဲ့တာဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

[Unicode Version]








XS
SM
MD
LG