သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အမျိုးသားနေ့အထိမ်းအမှတ်ပွဲတွေ ဘာကြောင့်နည်းလာ


အမျိုးသားနေ့အထိမ်းအမှတ်ပွဲ မြိတ်မြို့တွင်ကျင်းပနေစဉ် (၁၃ရက် နိုဝင်ဘာလ ၂၀၁၇)
အမျိုးသားနေ့အထိမ်းအမှတ်ပွဲ မြိတ်မြို့တွင်ကျင်းပနေစဉ် (၁၃ရက် နိုဝင်ဘာလ ၂၀၁၇)

ဒီကနေ့ဟာဆိုရင် ၁၉၂၀ ပြည့်နှစ် ဗြိတိသျှကိုလိုနီပညာရေးစနစ်ကို တက္ကသိုလ်ကျောင်းသားတွေ ဦးဆောင်ပြီး သပိတ်မှောက် ဆန့်ကျင်ခဲ့ကြတဲ့အထိမ်းအမှတ် အမျိုးသားအောင်ပွဲနေ့ ဖြစ်ပါတယ်။ အမျိုးသားအောင်ပွဲနေ့ကို အရင်တုန်းက နိုင်ငံအဝှမ်း ခြိမ့်ခြိမ့်သဲ ကျင်းပခဲ့ပေမယ့် နောက်ပိုင်းမှာတော့ အခမ်းအနားတွေ လှုပ်ရှားမှုတွေ ကျင်းပပြုလုပ်တာ အားနည်းလာပါတယ်။ ဒါဟာ ကျောင်းသားလူငယ်တွေရဲ့ အခန်းကဏ္ဍ အားနည်းလာလို့ဖြစ်တယ်လို့ သုံးသပ်ဝေဖန်မှုတွေရှိပါတယ်။ ဗွီအိုအေ သတင်းထောက် ကိုထက်အောင်ခန့် သတင်းပေးပို့ထားပါတယ်။

၁၉၂၀ ခုနှစ် တန်ဆောင်မုန်းလပြည့်ကျော် ၁၀ရက်နေ့မှာ ကိုလိုနီပညာရေးစနစ်ရဲ့ တက္ကသိုလ်အက်ဥပဒေကို တက္ကသိုလ်ကျောင်းသားတွေ ဦးဆောင်ပြီး သပိတ်မှောက်ဆန့်ကျင်ခဲ့ကြသလို၊ မြန်မာစာ မြန်မာစကားကို အလေးပေးတဲ့ အမျိုးသားကျောင်းသားတွေ ပေါ်ပေါက်လာခဲ့တာကြောင့် အဲဒီနေ့ကို နှစ်စဉ်လိုပဲ အမျိုးသားအောင်ပွဲနေ့အဖြစ် ကိုလိုနီခေတ်ကတည်းက စတင်သတ်မှတ်ကျင်းပလာတာဖြစ်ပါတယ်။ ဒါပေမယ့် နောက်ပိုင်းမှာတော့ အမျိုးသားနေ့အဖြစ် ပိုပြီး လူသိများပါတယ်။

ဒီနှစ်ပတ်လည်ရောက်တိုင်း အမျိုးသားနေ့အခမ်းအနားတွေ လှုပ်ရှားမှုတွေကို မြန်မာနိုင်ငံ အဝှမ်း ပြုလုပ်ခဲ့ကြပေ မယ့်၊ နောက်ပိုင်းမှာတော့ ရုံးပိတ်ရက်အဖြစ်သာ အသိများပြီး အခမ်းအနားလှုပ်ရှားမှုတွေ အားနည်းလာပါတယ်။ ဒီအခြေအနေကိုကြည့်ရင် ကျောင်းသား လူငယ်တွေရဲ့ အခန်းကဏ္ဍကို မြင့်တင်ဖို့ လိုအပ်နေတာကို ပြတယ်လို့ နိုင်ငံရေးလေ့လာသုံးသပ်သူ ဒေါက်တာရန်မျိုးသိမ်းကသုံးသပ်ပါတယ်။

“အရင်အစိုးရ အဆက်ဆက် လက်ထက်ရော အခုလက်ရှိအစိုးရလက်ထက်မှာရော ဒီအမျိုးသားနေ့နဲ့ ပတ်သက်ပြီးတော့ ပြည်သူလူထုကြားမှာပေါ့လေ နိုးနိုးကြားကြားတက်တက်ကြွကြွ ဆောင်ရွက်နိုင်ဖို့အတွက် အပိုင်းအားနည်းတာဟာ ကျနော့်အမြင်အားဖြင့်တော့ ဒါဟာ နိုင်ငံရေးအရပေါ့လေ လိုအပ်ချက်တခုလို့ ကျနော်ကတော့ မြင်ပါတယ်။ တကယ်တမ်းပြောမယ်ဆိုရင် တိုင်းပြည်တည်ဆောက်ရေးနဲ့ ဒီမိုကရေစီပြုပြင်ပြောင်းလဲရေးမှာ ကျောင်းသားတွေ လူငယ်တွေရဲ့ အခန်းကဏ္ဍကို ဒီထက်ပိုပြီးတော့ မြင့်တင်နိုင်ဖို့ လိုအပ်တယ်ဆိုတာ ပြောပြနေသလိုဖြစ်တယ်လို့ မြင်ပါတယ်။”

အမျိုးသားရေးလှုပ်ရှားဆောင်ရွက်မှုအားနည်းနေပေမယ့် အမျိုးသားရေးစိတ်ဓာတ်ဟာ တိုင်းပြည်ပြုပြင်ပြောင်းလဲတည်ဆောက်ရေးမှာ အရေးကြီးပြီး အမျိုးသားရေးစိတ်ဓာတ် အစွန်းရောက်မှုတွေဟာတိုင်းပြည်တည်ဆောက်ရေးကို အထောက်အကူမပြုနိုင်ဘူးလို့သူက ဆက်ပြောပါတယ်။

“ကျနော့်အမြင်ကတော့ ဥပမာ အမျိုးသားရေးစိတ်ဓါတ်၊ အမျိုးသားရေးအကျိုးစီးပွားပေါ့လေ၊ ဒါက နိုင်ငံတိုင်းမှာ အရေးကြီးတယ်လို့ မြင်တယ်။ အမေရိကန်အပါအဝင် အနောက်နိုင်ငံတွေမှာရော ကျနော်တို့ဒီဘက် အရှေ့နိုင်ငံတွေမှာပေါ့လေ၊ တရုတ်၊ ဂျပန်၊ တောင်ကိုရီးယား အပါအဝင် ကျနော်တို့ အာရှနိုင်ငံတွေမှာ အမျိုးသားရေးစိတ်ဓါတ်ဆိုတာကတော့ တိုင်းပြည်ကို ပြုပြင်ပြောင်းလဲတဲ့ နေရာမှာ ၊ တိုင်းပြည်ကို တည်ဆောက်တဲ့နေရာမှာ အင်မတန်မှ အရေးကြီးတယ်လို့ မြင်တယ်။ ဒါပေမယ့် တချိန်တည်း တပြိုင်တည်းမှာပဲ ၊ ဒီအမျိုးသားရေးအရ အစွန်းရောက်မှုတွေ အလွန်အကျွံဖြစ်မှုတွေဟာ ဒီမိုကရေစီပြောင်းလဲမယ့် တိုင်းပြည်တည်ဆောက်ရေးကို အထောက်အကူ မပြုနိုင်ဘူးဆိုတာကို အများပြည်သူအနေနဲ့ အလေးအနက်ထားဖို့ တိုက်တွန်းတဲ့သဘောလို့ ကျနော်ကတော့ သုံးသပ်ပါတယ်။"

၁၉၂၀ ပြည့်နှစ်က ကျောင်းသားတွေ အမျိုးသားရေးစိတ်ဓာတ်နဲ့သပိတ်မှောက်ကနေ နောက်ပိုင်းမှာ လွတ်လပ်ရေးလှုပ်ရှားမှုကြီးဖြစ်လာတဲ့အထိ တနိုင်ငံလုံးပူးပေါင်းပါဝင်ခဲ့ကြတဲ့ သမိုင်းဝင်အမျိုးသားနေ့ကို ဒီနောက်ပိုင်းလူငယ်တွေ သိရှိမှုအားနည်းလာတာဟာ ကျောင်းသားလှုပ်ရှားမှုတွေကို ကန့်သတ်ခံရတာ အဓိကအကြောင်းအရင်းဖြစ်တယ်လို့ ဗကသ ကျောင်းသားခေါင်းဆောင်ဟောင်းတစ်ဦးဖြစ်တဲ့ ကိုမင်းသွေးသစ်ကပြောပါတယ်။

“ ဒီနောက်ပိုင်းကာလမှာကတော့ ကျနော်တို့ ကျောင်းသားတွေ ကြားထဲမှာ နေ့ထူးနေ့မြတ်တွေရဲ့ သမိုင်းကျောင်းကို သိတဲ့လူ ရှားသွားပါတယ်။ ဒါကြောင့်မို့လို့ လှုပ်ရှားမှုက ပိတ်ရက်၁ ရက်အနေနဲ့လောက်ပဲ လူငယ်တွေအမြင်မှာ ရှိပြီးတော့ ဒီအပေါ်မှာ အလေးအနက်ထားမှု လျှော့နည်းလာတာတွေ့ရတယ်။ ကျောင်းသားသမဂ္ဂနဲ့ ပတ်သက်တာ နောက်ကျောင်းသားတွေလှုပ်ရှားမှုနဲ့ ပတ်သက်တာ လူငယ်တွေရဲ့ အခန်းကဏ္ဍတွေက ဒီနိုင်ငံမှာ ပျောက်ဆုံးနေတယ်။ နောက်သူတို့လှုပ်ရှားမှုနဲ့ ပတ်သက်တဲ့ ဟာတွေက အန္တရာယ်ရှိတယ်လို့ အမြင်ခံရအောင်လို့ ကန်သတ်ခံရတာတွေရှိတယ်။ တလျောက်လုံးလည်း ဖိနှိပ်တာတွေဖြစ်လာတဲ့အတွက် ဒီအပေါ်မှာ လူထုပူးပေါင်းပါဝင်မှု လျှော့နည်းတာက အခြေခံအကြောင်းအရင်းပေါ့ ဒါက ကျောင်းသားတွေ လူငယ်တွေရဲ့ လုပ်ပိုင်ခွင့် အခန်းကဏ္ဍကို မမြင့်တင်ပေးတာ ၊ အခန်းကဏ္ဍမပေးပဲ တားမြစ်ပိတ်ပင်တာ တွေက အခြေခံအကြောင်းအရင်းပါပဲ။”

ဗြိတိသျှပညာရေးစနစ်ရဲ့ ယူနီဗာစတီအက်ဥပဒေကို ရန်ကုန်ကောလိပ်ကျောင်းသား ၁၁ ဦးက စတင်သပိတ်မှောက်ဆန္ဒပြခဲ့ကြရာကနေ မြန်မာစာ မြန်မာစကားဆိုတဲ့ စာပေနဲ့ ပညာရေးမှသည် အမျိုးသားရေးစိတ်ဓါတ်ကို မွေးဖွားပေးနိုင်ခဲ့တယ်လို့ ယူဆတာကြောင့်၊ ၁၉၂၂ ခုနှစ် ရန်ကုန်မှာကျင်းပတဲ့ မြန်မာနိုင်ငံလုံးဆိုင်ရာမြန်မာအသင်းချုပ်ကြီး (ဂျီစီဘီအေ) အစည်းအဝေးကနေ ဒီနေ့ကို မြန်မာနိုင်ငံအမျိုးသားနေ့လို့ သတ်မှတ်ဖို့ ဆုံးဖြတ်လိုက်တာလည်း ဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG