သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရခိုင်ပဋိပက္ခ အပြုသဘောနဲ့ ချဉ်းကပ်ဖို့လိုအပ်ဟု အမျိုးသားအကြံပေးပုဂ္ဂိုလ် ရှင်းလင်း


မြန်မာနိုင်ငံ လုံခြုံရေး အကြံပေး ဦးသောင်းထွန်း
မြန်မာနိုင်ငံ လုံခြုံရေး အကြံပေး ဦးသောင်းထွန်း

ရခိုင်ပြဿနာ အဖြေရှာတဲ့ နေရာမှာ အပြုသဘောဆောင် ချဉ်းကပ်ဖို့ လိုနေသလို မတူညီတဲ့ ၂ ဘက် အသိုင်းအဝိုင်း အတွက် အခြေခံ လိုအပ်ချက်တွေကို မျှမျှတတ မြှင့်တင်ပေးဖို့ လိုအပ်နေတယ်လို့ မြန်မာနိုင်ငံ လုံခြုံရေး အကြံပေး ဦးသောင်းထွန်းက ပြောကြားလိုက်ပါတယ်။ အမျိုးသား ပြန်လည်သင့်မြတ်ရေးနဲ့ ငြိမ်းချမ်းရေး ဗဟိုဌာနမှာ အင်္ဂါနေ့က ရန်ကုန်အခြေစိုက် နိုင်ငံတကာ သံတမန်တွေကို ဖိတ်ကြားရှင်းလင်းတဲ့ပွဲမှာ အခုလို ပြောကြားခဲ့တာပါ။ အပြည့်အစုံကို ဒေါ်ခင်မျိုးသက်က ပြောပြပေးမှာပါ။

ရခိုင်ပြည်နယ်အရေးနဲ့ ပတ်သက်ပြီး ကုလသမဂ္ဂ စုံစမ်းစစ်ဆေးရေးအဖွဲ့ ကို သွားရောက်ခွင့် မပြုတဲ့ အတွက် နိုင်ငံတကာက ဝိုင်းဝန်းဝေဖန်နေချိန်မှာပဲ အခုလို သံတမန်တွေကို ဖိတ်ကြား ဆွေးနွေးခဲ့တာ ဖြစ်ပါတယ်။

နိုင်ငံတော် လုံခြုံရေး ဆိုင်ရာအကြံပေး ဦးသောင်းထွန်းက ရခိုင်ပြည်နယ်မှာ စိန်ခေါ်မှုတွေ အများကြီး ရှိနေပြီး လုံခြုံရေး အခြေနေဟာ ရှုပ်ထွေးနေဆဲ ဖြစ်ကြောင်း အခုလိုပြောပါတယ်။

“အစိုးရသစ် တက်လာခဲ့ပြီး တနှစ်ကာလ အချိန်အထိ စိန်ခေါ်မှုတွေ အများကြီးနဲ့ ရင်ဆိုင်နေရပါတယ်။ ငြိမ်းချမ်းရေး လုပ်ငန်းစဉ် အတွက်လည်း အခက်အခဲတွေ အများကြီး ရှိနေဆဲ ဖြစ်ပေမယ့် ဆက်ပြီး ကြိုးစား လုပ်ဆောင်နေပါတယ်။ ရခိုင်ပြည်နယ်က အခြေနေတွေဟာ အခုထိ ရှုပ်ထွေးနေဆဲပါ။”

ဒီဒေသအတွက် လူသားချင်းစာနာမှု ဆိုင်ရာ အကူညီပေးရေး အဖွဲ့တွေကို ဒီနှစ်ဆန်းက စပြီး ပြန်လည် ဝင်ရောက်ခွင့် ပေးထားတာမို့ အခုဆိုရင် အထောက်အကူ လိုအပ်တဲ့ ဒေသမှာ၉၅ % လောက်ကို ကုလသမဂ္ဂနဲ့ INGO အဖွဲ့တွေ သွားရောက် ကူညီပေးနိုင်နေပြီဖြစ်ကြောင်းလည်း ပြောပါတယ်။

ဒီဒေသကို သတင်းမီဒီယာမရောက်နိုင်ဘူးလို့ ဝေဖန်ကြပေမယ့် အောက်တိုဘာ ၉ ရက် ဖြစ်စဉ်အပြီး မနှစ်က ဒီဇင်ဘာလကစပြီးပြည်တွင်းမီဒီယာ အဖွဲ့ တွေ ၂ ကြိမ်သွားရောက်ခဲ့သလို မကြာခင်ကပဲ ပြည်ပမီဒီယာတွေပါ သွားရောက် ကြည့်ရှု နိုင်အောင် ဆောင်ရွက်ပေးခဲ့ကြောင်း ပြောပါတယ်။

ဒါ့အပြင် ဒေသတွင်း တရားဥပဒေစိုးမိုးနိုင်အောင် ကြိုးစား နေတဲ့ အပြင် နယ်စပ်ချင်း ထိစပ်နေတဲ့ ဘင်္ဂလားဒေ့ရှ် နိုင်ငံကို ထွက်ပြေး ခိုလှုံသူတွေ အရေး ဖြေရှင်းနိုင်ဖို့ နိုင်ငံတော် အတိုင်ပင်ခံကိုယ်တိုင်နဲ့ သူကိုယ်တိုင် ဘင်္ဂလားဒေ့ရှ် တာဝန်ရှိသူတွေနဲ့ ထိတွေ့ ဆက်ဆံပြီး လုပ်ဆောင်နေသလို နယ်စပ်မှာ ဆက်သွယ်ရေး အရာရှိတွေ ထားပြီး ၂ နိုင်ငံ နယ်ခြားစောင့် တပ်တွေ ပူးတွဲ ကင်းလှည့်တာ ၂၄ ကြိမ် ရှိခဲ့ပြီလို့ ဆိုပါတယ်။ ဒါ့အပြင် မစ္စတာ ကိုဖီအာနန်ရဲ့ ရခိုင်အရေး အကြံပေးချက်တွေ အတိုင်း ရာနှုန်းပြည့် မလုပ်နိုင်သေးပေမယ့် ဒေသတွင်း လုံခြုံရေးအဖွဲ့တွေ အတွက်သင်တန်းပေးတာတွေနဲ့ လူမှု ဘဝဖွံ့ဖြိုးရေး လုပ်ဆောင်နေတဲ့ အခြေနေတွေ ကို ရှင်းပြခဲ့သလို IDP အိုးအိမ်ရွှေ့ပြောင်း ရသူတွေ နေရပ်ပြန်နိုင်ဖို့ လုပ်တဲ့ နေရာမှာ စခန်း ၃ ခု ပိတ်သိမ်း နိုင်ခဲ့တယ်လို့ ပြောပါတယ်။

အခုလို ရခိုင်ပြဿနာ အဖြေရှာတဲ့ နေရာမှာ အပြုသဘောဆောင် ချဉ်းကပ်ဖို့ လိုတယ်လို့ မြန်မာနိုင်ငံ လုံခြုံရေး အကြံပေး ဦးသောင်းထွန်းက ပြောကြားခဲ့ ပါတယ်။

“ရခိုင်ပြည်နယ် အခြေနေဟာ အတော် ထိလွယ် ရှလွယ် အခြေနေမှာ ရှိနေဆဲ ဖြစ်ပါတယ်။ အသိုင်းဝိုင်း ၂ ခုကြား ဒီထက် ပိုပြီး နားလည်မှု ရှိလာဖို့ မျှော်လင့်ထားတာမို့ မတူညီတဲ့ ဒီ ၂ ဖက် အသိုင်း အဝိုင်း အတွက် အခြေခံ လူ့အခွင့်ရေး ဆိုင်ရာ လိုအပ်ချက်တွေကို မျှမျှ တတ မြှင့်တင်ပေးဖို့ လိုအပ်နေပါတယ်။ ဒါကို ဖြေရှင်းနိုင်ဖို့ ကြိုးစား ဆောင်ရွက်နေသလို ရေရှည် ခိုင်မြဲတဲ့ အဖြေရနိုင်ဖို့ အတွက် အပြုသဘောဆောင်တဲ့ ချဉ်းကပ်မှုမျိုး တွေ လုပ်ဖို့ လိုနေပါတယ်။”

ရန်ကုန်အခြေစိုက် နိုင်ငံခြားသံရုံးတွေက တာဝန်ရှိသူတွေကို ဖိတ်ကြားရှင်းလင်းတဲ့ ပွဲမှာ နိုင်ငံတော် အတိုင်ပင်ခံရုံး ဝန်ကြီးဌာန ဝန်ကြီး ဦးကျော်တင့်ဆွေ က မကြာသေးခင်က ကျင်းပခဲ့တဲ့ ၂၁ ရာစု ပင်လုံ ဒုတိအကြိမ် အစည်းအဝေးနဲ့ ပတ်သက်ပြီး အချက် ၃၇ ချက်ကို လက်မှတ်ရေး ထိုး နိုင်ခဲ့သလို အောင်မြင်မှုရှိတယ် လို့ ပြောပါတယ်။

NCA အပစ်ရပ် စာချုပ်ကို အဖွဲ့အားလုံး ပါဝင် လက်မှတ်ရေးထိုးနိုင်အောင် ကြိုးစားနေသလို ငြိမ်းချမ်းရေး အတွက် နိုင်ငံရေး ဆွေးနွေးမှုတွေ ဆက်လုပ်သွားမယ်လို့ ဝန်ကြီး ဦးကျော်တင့်ဆွေက ပြောပါတယ်။

“နိုင်ငံရေး ဆွေးနွေးပွဲတွေ ဆက်ပြီး ကျင်းပနိုင်ဖို့ လုပ်ဆောင်မှာ ဖြစ်သလို အစိုးရအဖွဲ့ အနေနဲ့ NCA စာချုပ်မှာအဖွဲ့အားလုံး ပါဝင်လက်မှတ်ရေး ထိုးလာဖို့ ဆက်ပြီး ကြိုးစားနေမှာ ဖြစ်ပါတယ်။”

အခုလို ဖိတ်ကြား ရှင်းလင်းပြီး ဆွေးနွေးတဲ့ ပွဲကို အာဆီယံနိုင်ငံတွေအပါအဝင် နိုင်ငံရပ်ခြားက သံတမန်တွေ နဲ့ တာဝန်ရှိသူ အများအပြား တက်ရောက်ခဲ့ကြပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG