သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

AA ကိုမဖိတ်တဲ့အတွက် မြောက်ပိုင်းမဟာမိတ်အဖွဲ့ ၂၁ ရာစု ပင်လုံညီလာခံတက်ဖို့ မသေချာသေး


ရက္ခိုင့်တပ်မတော် AA ဗိုလ်သင်တန်းဆင်းပွဲအခမ်းအနား (ဓါတ်ပုံ- AA Info Desk)
ရက္ခိုင့်တပ်မတော် AA ဗိုလ်သင်တန်းဆင်းပွဲအခမ်းအနား (ဓါတ်ပုံ- AA Info Desk)

(Zawgyi/Unicode)

လာမယ့် ရွေးကောက်ပွဲတွေမတိုင်ခင် ကျင်းပဖို့ပြင်ဆင်နေတဲ့ ပင်လုံညီလာခံကို NCA လက်မှတ်မထိုးရသေးတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေအနေနဲ့ အကန့်အသတ်နဲ့ တက်ရောက်ဖို့ ဖိတ်ကြားထားပါတယ်။

ဒီ NCA တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးသဘောတူစာချုပ်ကို လက်မှတ်မထိုးရသေးတဲ့ အဖွဲ့တွေထဲ AA ရခိုင်လက်နက်ကိုင်တပ်ဖွဲ့ကို မဖိတ်ဘဲ ကန့်သတ်လိုက်တာကြောင့် ဒီတစ်ခေါက် တက်သင့်၊ မတက်သင့်ကို စုပေါင်းဆွေးနွေးကြဖို့ရှိနေပါတယ်။

ဒီတက်ရေးမတက်ရေး ဘယ်လိုဖြစ်လာနိုင်ပြီး၊ ဘယ်လို အကျိုးဆက်တွေရှိနိုင်တာကို ကိုဝင်းမင်းက မေးမြန်းထားပါတယ်။

ရှေ့တပတ်တည်း ကျင်းပဖို့ ပြင်ဆင်နေတဲ့ ၂၁ ရာစုပင်လုံညီလာခံ တက်ရေး မတက်ရေး NCA လက်မှတ်မထိုးရသေးတဲ့ အဖွဲ့တွေ ဒီတခေါက်ဆွေးနွေးရာမှာ ထူးခြားချက်ကို UWSA ၀ လက်နက်ကိုက်အဖွဲ့ လားရှိုးရုံးဆက်ဆံရေးတာဝန်ခံ ဦးညီရန်းက အခုလိုပြောပါတယ်။

“ ခါတိုင်းကတော့ နှစ်တိုင်းလိုလိုကျင်းပတဲ့ ၂၁ ရာစုပင်လုံက ကျနော်တို့ FPNCC (Federal Political Negotiation and Consultative Committee/ ပြည်ထောင်စုနိုင်ငံရေး ဆွေးနွေးညှိနိုင်းမှုကော်မီတီ) အဖွဲ့ကနေပြီးမှ ကြိုတင်ပြီးမှ တက် မတက်ဆိုတာကို ဆွေးနွေးကြတယ်ပေါ့နော်။ အခေါက်တိုင်းလိုလိုလည်း သူ့အခက်အခဲနဲ့ သူတော့ ရှိပါတယ် ပုံစံချင်းမတူတာတခုပဲ ။ ဒါပေမယ့် ဒီတခေါက်ကတော့ AA အဖွဲ့က မပါရဘူးဆိုတဲ့ကိစ္စကတော့နည်းနည်းလေး ဟိုဟာဖြစ်တယ်လေနော်။”

တိုင်းရင်းသားအရေး သုံးသပ်သူ ဦးမောင်မောင်စိုးကလည်း ဒီတက်ရောက်ဖို့အပေါ် အခက်အခဲတစုံတရာ ဖြစ်နေတာကို အခုလို သုံးသပ်ပြပါတယ်။

“ဒီမြောက်ပိုင်းမဟာမိတ်အဖွဲ့တွေနဲ့ ပတ်သက်ပြီးတော့ အရင်လ ၂၀ ရက်ပတ်ဝန်းကျင်ကစပြီးတော့ တရုတ်ကိုယ်စားလှယ် စွန်ကော့ရှန်ပေါ့နော် မြောက်ပိုင်းကိုယ်စားလှယ်တွေနဲ့ တွေ့ပြီးတော့ ပင်လုံညီလာခံတက်ဖို့ တိုက်တွန်းတယ်ဆိုတဲ့ သတင်းစကားတွေ ကြားရပါတယ်။ ဒါပေမယ့် စွန်ကော့ရှန်ကိုယ်တိုင်ကတော့ မတက်နိုင်ဘူးဆိုတဲ့ သတင်းစကားတွေ ကြားရပါတယ်။ ထူးခြားချက်ကတော့ အားလုံးကို ဖိတ်မယ်ဆိုရင်တော့ ပြဿနာမရှိဘူး ။ အခုက ဒီတခါက်မှာက AA ကိုမဖိတ်ဘူးဆိုတဲ့အခါကျတော့ မြောက်ပိုင်းမဟာမိတ်အဖွဲ့တွေအတွက်တော့ စဉ်းစားစရာ ဖြစ်သွားတယ် ။ တတိယအချက်အနေနဲ့ကတော့ စွန်ကော့ရှန်ကိုယ်တိုင်လည်း မတက်ဘူး တရုတ်ပြည်ကလည်း မစီစဉ်တဲ့အခါမှာ လုံခြုံရေးနဲ့ ပတ်သက်ပြီး ဘယ်သူတာဝန်ယူူမလဲဆိုတဲ့ မေးခွန်းတွေပေါ်လာတယ်။”

အဲဒီတော့ NCA တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မူရပ်စဲရေးသဘောတူစာချုပ်ကို လက်မှတ်မထိုးရသေးတဲ့ အဖွဲ့တွေအနေနဲ့ တက်နိုင်ဖို့အလားအလာ ဘယ်လိုမြင်ပါသလဲလို့ မေးရာ ဦးညီရမ်းက

“ဗဟိုဌာနချုပ်ရယ် ပြီးတော့ FPNCC တို့ရဲ့ ဆွေးနွေး သဘောတူညီမှုအပေါ်မှာ မူတည်ပါတယ်။ အားလုံး ပါဝင်နိုင်ရင်တော့ ကောင်းတာပေါ့နော် မပါပဲနဲ့ ဒီအတိုင်းထားရင်ရော ပြီးမလားဆိုတာ ကျနော်တို့ကတော့ စဉ်းစားစရာပေါ့နော်။”

ဒီ NCA လက်မှတ်မထိုးရသေးတဲ့အဖွဲ့တွေ ဒီတခေါက် ပြည်ထောင်စု ငြိမ်းချမ်းရေးညီလာခံ တက်ရောက် နိုင်ဖို့ အလားအလာကို ဦးမောင်မောင်စိုးကတော့ အခုလို ခွဲခြားသုံးသပ်ပြပါတယ်။

“တပိုင်းကတော့ ဒီလို မဖိတ်တဲ့ကိစ္စတွေနဲ့ ပတ်သက်လို့ AA နဲ့ စစ်ရေးတပ်ပေါင်းစု ဖွဲ့ထားတာ ၃ ဖွဲ့ရှိတာကို။ ကိုးကန့်ရယ်၊ TNLA ရယ်၊ AA ဒါစစ်ရေးတပ်ပေါင်းစုပေါ့ FPNCC ကတော့ နိုင်ငံရေးတပ်ပေါင်းစုလို့ ဖွဲ့တာကိုး။ စစ်ရေးတပ်ပေါင်းစု အဖွဲ့ကတော့ မတက်ဖို့ ဆန္ဒပြုဖို့ များတယ် နိုင်ငံရေးတပ်ပေါင်းစုကတော့ တက်မတက် ချင့်ချိန် မယ်လို့ထင်ပါတယ်။ စစ်ရေးအရ ပြောမယ်ဆိုရင် AA ကို မဖိတ်ရင်တော့ ငြိမ်းချမ်းရေးကိစ္စကတော့ မပြေလည်ဘူးဗျ ၊ အခုမြန်မာပြည်မှာ တကယ်တမ်း တိုက်နေတာက AA နဲ့ပဲ တိုက်နေတာကို။ နိုင်ငံရေး တပ်ပေါင်းစုတွေ ပါမလားဆိုတာနဲ့ ပတ်သက်ပြီးတော့ မေးခွန်းမေးစရာ တခုရှိတာက ဒီတပတ် NRPC က ပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေးတို့ ပြောတာကတော့ ခေါင်းဆောင်တွေကို By name နဲ့ ဖိတ်တယ်။ အဲဒီလူတွေပဲ တက်ရမယ်ဆိုတဲ့ သဘောမျိုး ဖိတ်တဲ့အချိန်မှာ အဲဒီလူတွေ ကိုယ်တိုင် မတက်နိုင်ရင် အစားထိုးတက်မယ့်လူကို ဒီဘက်က လက်ခံနိုင် မခံနိုင်လည်း မသိဘူးဆိုတဲ့ အခါကျတော့ ဒီကိစ္စကို စောင့်ကြည့်ရမယ်လို့ ထင်ပါတယ်။”

အဲဒီတော့ ဒီတခေါက် ညီလာခံကို ဖိတ်ကြားမှုမှာ အကန့်အသတ်တွေ ဘာကြောင့် အခုလို ရှိတာပါလဲလို့ မေးခဲ့ရာမှာ ဦးမောင်မောင်စိုးက ဆက်ပြီးတော့

“တဘက်ကလည်း COVID ကိုအကြောင်းပြလို့ရတယ်။ တဘက်ကလည်း AA ကို အကြမ်းဖက်အဖွဲ့အဖြစ် ကြေညာထားတဲ့ အခြေအနေတွေနဲ့လည်း ဆိုင်ပါတယ်။ တဘက်ကလည်း NCA မထိုးတဲ့အဖွဲ့တွေနဲ့ ညှိနှိုင်းလို့မရတဲ့ အခြေအနေတွေနဲ့ ဆိုင်မယ်လို့ထင်ပါတယ်။”

ဒါပေမယ့် ဦးညီရမ်းက အကြမ်းဖက်အဖွဲ့ သတ်မှတ်တာနဲ့ အများကြီးမဆိုင်ဘူးလို့ အခုလို သုံးသပ်ပြပါတယ်။

“အကြမ်းဖက်အဖွဲ့ကြေညာတာကတော့ မြောက်ပိုင်းမဟာမိတ်လည်း အကြမ်းဖက်အဖွဲ့ ကြေညာတာပဲ။ ဒါလည်း တက်နေတာပဲ၊ တက်ခဲ့တာပဲ ။ သေချာတာတခုကတော့ ပြဿနာဖြစ်တဲ့အဖွဲ့ အဲဒီဘက်က ဖြစ်နေတဲ့အဖွဲ့က ပိုမိုတက်ရောက်သင့်တယ်လို့ ၊ ဒါက ပိုပြီးမှ ပြဿနာဖြစ်နေတဲ့ ရခိုင်ဒေသမှာ အားလုံးသိနေတာပဲ ။ တက်ရောက်တယ်ဆိုတာက မတက်တာထက် ကောင်းပြီးသားလေ တွေ့ဆုံဆွေးနွေးမှု လမ်းကြောင်းတခုကတော့ ပွင့်သွားတာပေါ့။ ဒါမျိုးပဲ ဆက်ထားမယ်ဆိုရင်တော့ တိုင်းပြည်နစ်နာတာပေါ့။”

တကယ်တော့ အရင်ကျင်းပခဲ့တဲ့ ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေးညီလာခံကြီးကို NCA လက်မှတ်မထိုးရသေးတဲ့ အဖွဲ့တွေအနေနဲ့ အခက်အခဲမျိုးစုံကြားက တက်ရောက်နိုင်ခဲ့ပေမယ့် ဒီတခေါက်တော့ ပို ခက်ခက်ခဲခဲ ဆုံးဖြတ်ရတော့မယ်လို့ သုံးသပ်မှုတွေလည်း ရှိနေပါတယ်။

တိုက်ရိုက် လင့်ခ်



.............


(Unicode)

















XS
SM
MD
LG