သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အိန္ဒိယ အာသံပြည်နယ် အကျဉ်းစခန်းမှာ မြန်မာ ၁၄၀ ဆန္ဒပြ


အိန္ဒိယနိုင်ငံ၊ အာသံပြည်နယ်ထဲ ရွှေ့ပြောင်းအခြေချလာသူတွေကို ထိန်းသိမ်းထားတဲ့ အကျဥ်းစခန်း။ (ဧပြီ ၁၇၊ ၂၀၂၃)
အိန္ဒိယနိုင်ငံ၊ အာသံပြည်နယ်ထဲ ရွှေ့ပြောင်းအခြေချလာသူတွေကို ထိန်းသိမ်းထားတဲ့ အကျဥ်းစခန်း။ (ဧပြီ ၁၇၊ ၂၀၂၃)

အိန္ဒိယနိုင်ငံ အာသံပြည်နယ်ထဲ အကျဉ်းစခန်းတခုမှာ အဖမ်းခံထားရတဲ့ ရိုဟင်ဂျာအပါအဝင် မြန်မာနိုင်ငံသား ၁၄၀ကျော်ဟာ စက်တင်ဘာလ ၉ ရက်နေ့ကစလို့ အစာငတ်ခံဆန္ဒပြနေကြတယ်လို့ သူတို့ကို အကူအညီပေးနေသူတွေကပြောပါတယ်။ လွတ်ရက်စေ့ပေမယ့် ပြန်မလွှတ်တာ ကြောင့် အခုလို ဆန္ဒပြကြတာလို့ ဆိုပါတယ်။ ဒီအကြောင်း ရန်ကုန်ဘက်က သတင်းပေးပို့ထားတာကို နန်းလောင်ဝ်က တင်ပြပေးထားပါတယ်။

ဆန္ဒပြသူတွေကတော့ ရိုဟင်ဂျာ အယောက် ၁၁၀ နဲ့ ချင်းတိုင်းရင်းသား ၃၂ ဦး၊ စုစုပေါင်း ၁၄၂ ဦးဖြစ်ပြီး စက်တင်ဘာ၉ ရက်နေ့စလို့ အစာငတ်ခံ ဆန္ဒပြတာပါ။ သူတို့တွေဟာ အိန္ဒိယနိုင်ငံထဲ တရားမဝင် အထောက်အထားမဲ့ နေထိုင်မှုနဲ့ဖမ်းဆီးထောင်ချခံထားရတာဖြစ်ပါတယ်။ ဆန္ဒပြတာနဲ့ပတ်သက်လို့ India For Myanmar တည်ထောင်သူ ဆလိုင်းဒိုခါရ်က ခုလိုပြောပြပါတယ်။

“အဓိကသူတို့ဆန္ဒပြတဲ့အကြောင်းအရင်းကတော့ ထောင်ဒဏ် ငွေဒဏ်ကျခံပြီးနောက်ပိုင်း ဖမ်းဆီးထိန်းသိမ်းတဲ့အတွက် သူတို့ရဲ့ အခြေခံ လူ့အခွင့်အရေးတွေ ချိုးဖောက်ခံနေရတာဖြစ်တယ်။ နောက် ထောင်ထဲမှာ အမျိုးမျိုးသောညှင်းပန်းနှိပ်စက်တာတွေ ကြုံနေရတာ။ ဒါတွေကြောင့် အစာငတ်ခံဆန္ဒပြရတာဖြစ်ပါတယ်။ သူတို့ရဲ့အဓိကတောင်းဆိုချက်ကတော့ UNHCR စောင့်ရှောက်မှုအောက် ထားပေးဖို့၊ တွေ့ပေးဖို့နဲ့ ဆက်လက်ပြီး ထောင်ထဲမှာမထည့်တော့ဖို့ဖြစ်ပါတယ်။”

သူတို့ဟာ ပြစ်ဒဏ်စေ့ပြီဖြစ်ပေမဲ့ အကြောင်းပြချက်အမျိုးမျိုးနဲ့ ထောင်တွေထဲကနေမလွတ်ဘဲ နှစ်ချီထိန်းသိမ်းခံထားရတာဖြစ်တယ်လို့ ဒုက္ခသည်အရေး ကူညီသူတွေကပြောပါတယ်။ ရိုဟင်ဂျာတွေဟာ ပြီးခဲ့တဲ့ ၂ဝ၁၇ ခုနှစ်က ပဋိပက္ခမှာတုန်းက ရခိုင်ပြည်နယ်တွင်းကနေ ထွက်ပြေးလာရတဲ့သူတွေဖြစ်ပြီး အဲဒီထောင်ထဲမှာ နေနေရတာ ခုနှစ်ကျော်နေပြီလို့ဆလိုင်းဒိုခါရ်က ပြောပါတယ်။ ချင်းတိုင်းရင်းသားတွေကတော့ ၂ဝ၂၁ ခုနှစ် စစ်တပ်အာဏာသိမ်းပြီးနောက် နယ်စပ်ဖြတ်ကျော် ထွက်ပြေးလာကြသူတွေဖြစ်ပြီး ထောင်ထဲမှာနေနေရတာ နှစ်နှစ်ကျော်ကြာနေပြီဖြစ်ပါတယ်။ ထောင်ထဲမှာစိတ်ပိုင်းရုပ်ပိုင်း ဖိစီးမှုတွေခံစားနေကြရတယ်လို့လည်း ဆလိုင်း ဒိုခါရ်က ပြောပါတယ်။

“တကယ် ဒုက္ခကြုံတွေ့နေရတဲ့မြန်မာစစ်ဘေးဒုက္ခသည်တွေကိုမှ ဖမ်းဆီးထောင်ချဖမ်းဆီးတာတောင်မှ သူတို့ တရားစီရင်တယ်။ ပြစ်ဒဏ် မှန်သမျှကို အေးအေးချမ်းချမ်းနဲ့ခံယူပြီးသားသူတွေကိုမှ ထောင်သွင်းပြီး လွတ်ရက်မသိ၊ဘယ်အချိန်လွတ်ရမယ်၊ ဘယ်နေရာမှာလွတ်ရ မယ်ဆိုတာ မသိတဲ့အနေအထားနဲ့ စိတ်ပိုင်းကောရုပ်ပိုင်းကော တအားဖိစီးမှုများတယ်။ သေဒဏ်နဲ့ထောင်ဒဏ်တသက် ကျခံရတဲ့ပုံစံအခြေ အနေမျိုးနဲ့ ထိန်းသိမ်းနေတာကတော့ ကျနော်တို့အနေနဲ့ ဘယ်လိုမှလက်ခံနိုင်စရာမရှိဘူး။ ဒါကြောင့် အိန္ဒိယအစိုးရအနေနဲ့ မြန်မာနိုင်ငံသား တွေကို အမြန်ဆုံးလွှတ်ပေးဖို့ အကောင်းဆုံး message ပေးချင်တာပါ။”

ပြီးခဲ့တဲ့ သြဂုတ်လကုန်ပိုင်းကလည်း မဏိပူရ်အကျဥ်းထောင်မှာ ထိန်းသိမ်းခံထားရတဲ့ မြန်မာအမျိုးသား ၅၂ ဦးကတင်းကြပ်တဲ့ ထောင်စည်းကမ်းတွေ ဖြေလျော့ဖို့နဲ့ လွတ်ရက်ပြည့်ပေမယ့် မလွတ်နိုင်တဲ့အတွက် အစာငတ်ခံဆန္ဒပြတောင်းဆိုခဲ့ပါတယ်။ ၃ ရက်ကြာ ဆန္ဒပြခဲ့ပေမယ့် ထောင်အာဏာပိုင်တွေကမလိုက်လျောခဲ့သလို အစာငတ်ခံဆန္ဒပြသူတချို့ မှာ အသက်ကြီးပိုင်းတွေပါတာမို့ ကျန်းမာရေးချို့တဲ့လာတဲ့အတွက် ရပ်နားခဲ့ရတယ်လို့ မိသားစုဝင်တွေကပြောပါတယ်။

လက်ရှိ ၂၀၂၁ စစ်အာဏာသိမ်းမှုနောက်ပိုင်း အိန္ဒိယနိုင်ငံ၊ မဏိပူရ်ပြည်နယ်နဲ့ အာသံပြည်နယ်တွေမှာ မြန်မာစစ်ဘေးရှောင် ဒုက္ခသည် အမျိုးသား ၁၄၆ ဦးနဲ့ အမျိုးသမီး ၁၀၄ ဦး၊ စုစုပေါင်းအယောက် ၂၅၀ ဆက်လက်ဖမ်းဆီးထိန်းသိမ်းခံထားရတယ်လို့ India For Myanmar က ပြုစုထားတဲ့စာရင်းတွေကဖော်ပြထားပါတယ်။ ဒီ ၂၅၀ ဦးထဲက ၇၇ ဦးကို ပြီးခဲ့တဲ့ မေလနဲ့ဇွန်လအတွင်းမှာ အိန္ဒိယအစိုးရက စစ်ကောင်စီထံ နှစ်သုတ်ခွဲ ပြန်လွှဲပြောင်းပေးအပ်ခဲ့တာရှိပါတယ်။

အိန္ဒိယနိုင်ငံ မဏိပူရ်ပြည်နယ် အင်ဖာအကျဉ်းထောင်မှာလည်း ဖမ်းဆီးထားတဲ့ မြန်မာစစ်ဘေးဒုက္ခသည်အားလုံးကိုချက်ချင်းပြန်လွှတ်ပေးဖို့ ပြီးခဲ့တဲ့လက အစာငတ်ခံ ဆန္ဒပြခဲ့ကြပါသေးတယ်။ အဲဒီလို ဆန္ဒပြပွဲဖြစ်ပြီးနောက် မြန်မာ ၇၆ယောက်ကို စစ်ကောင်စီဘက် ပြန်လွှဲပေးခဲ့ ပါတယ်။

တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG