သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာအကျဉ်းသားဆန္ဒပြမှု အင်ဖာထောင်အာဏာပိုင်တွေ ညှိနှိုင်း


အိန္ဒိယနိုင်ငံ၊ မဏိပူရ်ပြည်နယ်၊ အင်ဖာအကျဥ်းထောင် (Crd: Google)
အိန္ဒိယနိုင်ငံ၊ မဏိပူရ်ပြည်နယ်၊ အင်ဖာအကျဥ်းထောင် (Crd: Google)

အိန္ဒိယနိုင်ငံ၊ မဏိပူပြည်နယ်၊ အင်ဖာအကျဥ်းထောင်မှာ အစာအငတ်ခံဆန္ဒပြနေကြတဲ့ မြန်မာအကျဉ်းသားတွေကို ထောင်အာဏာပိုင်တွေက ဗုဒ္ဓဟူးနေ့မှာ လာရောက်ညှိနှိုင်းခဲ့ပေမဲ့ အကျဉ်းသားတွေတောင်းဆိုနေတဲ့ ထောင်က အမြန်ဆုံးလွှတ်ပေးဖို့ ကိစ္စကိုတော့ အာဏာပိုင်တွေဘက်က လက်မခံသေးပါဘူး။ ဒီသတင်းပေးပို့ချက်ကို ကိုဉာဏ်ဝင်းအောင်က တင်ဆက်ထားပါတယ်။

ထောင်လွတ်ရက်စေ့နေပေမဲ့ ဆက်ပြီး ထိန်းသိမ်းခံနေရတာကြောင့် အစာအငတ်ခံဆန္ဒပြနေတဲ့ မဏိပူပြည်နယ်၊ အင်ဖာအကျဉ်းထောင်ထဲက မြန်မာအကျဉ်းသားတွေကို ထောင်အာဏာပိုင်တွေက ဒီနေ့ ဇွန်လ၂၆ ရက်မှာ လာရောက်ညှိနှိုင်းခဲ့ပါတယ်။ အိန္ဒိယနိုင်ငံ မြန်မာသံရုံးနဲ့ဆက်သွယ်ဖို့၊ ဆန္ဒပြတာကိုရပ်ဆိုင်းဖို့ အကျဉ်းထောင်အရာရှိက ညှိနှိုင်းခဲ့ကြောင်း ဆန္ဒပြ မြန်မာအကျဉ်းသားတဦးက ပြောပါတယ်။

"သူတို့က သံရုံးနဲ့ချိတ်ဆက်ပြီးတော့မှ လုပ်ပါပေါ့၊ ဒါမှမဟုတ်လည်း နောက်လေးငါးရက်လောက်နေရင် သံရုံးကနေ ကိုယ်စားပြုပြီးမှ တယောက်ယောက် လာပြီး ကျနော်တို့နဲ့ တွေ့ဆုံပေးမယ်ပေါ့။ ပြီးတော့ ထမင်းချက်စားကြပါပေါ့၊ ကျန်းမာရေး ထိခိုက်လိမ့်မယ်၊ သူ့အနေနဲ့ ဘာမှလုပ်ပေးလို့မရဘူး၊ ဒါပေမဲ့ ဝန်ကြီးအတွက်ကိုတော့ ကျနော်တို့ဘက်ကနေ ဆန္ဒပြမှုကိစ္စကိုတင်ပြထားတာတော့ ရှိတာပေါ့နော်။ ကျနော်တို့က ထမင်းလည်းယူမှာလည်းမဟုတ်သလို သံရုံးတင်ဖို့ကိစ္စလည်း လုံးဝသဘောမတူဘူး။"

လွတ်မြောက်ခွင့်ရပြီးတဲ့ အကျဉ်းသားတွေကို မြန်မာပြည်တွင်းက မိသားစုဝင်တွေကိုယ်တိုင် နိုင်ငံကူးလက်မှတ်နဲ့ လာရောက်ရွေးထုတ်ရမယ်ဆိုရင် ခွင့်ပြုပေးမယ်လို့လည်း အကျဉ်းထောင်အရာရှိက ပြောဆိုခဲ့တာပါ။ မိသားစုဝင်မဟုတ်တဲ့သူတွေကိုတော့ ဒီကိစ္စကို ခွင့်ပြုမှာမဟုတ်ဘူးလို့လည်း ပြောပါတယ်။

အကျဉ်းသားတွေကတော့ သူတို့အနေနဲ့ ထောင်ဝန်ထမ်းတွေကိုမကျေနပ်လို့ အခုဆန္ဒပြနေတာမဟုတ်ဘဲ သူတို့ရဲ့အခြေအနေကို အာဏာပိုင်တွေဆီ တဆင့်တင်ပြပေးဖို့အတွက် အခုလို တောင်းဆိုနေတာလို့ တုံ့ပြန်ခဲ့တာပါ။ အကျဉ်းသားတွေတောင်းဆိုနေတဲ့ ထောင်ကနေလွှတ်ပေးဖို့ကိစ္စကိုတော့ ထောင်ပိုင်ဘက်ကငြင်းဆိုခဲ့ပြီး အခြား ထိန်းသိမ်းရေး စင်တာတခုဆီကို ပြောင်းရွှေ့မလားဆိုတဲ့ ကိစ္စကိုတော့ကမ်းလှမ်းခဲ့ပါတယ်။ ဒီအကျဉ်းသားတွေကို ကူညီပေးနေတဲ့ India for Myanmar အရပ်ဘက်ကအဖွဲ့က ဆလိုင်းဒိုခါရ်က အခြေအနေကို အခုလိုပြောပါတယ်။

"ထောင်အာဏာပိုင်တဦးက လာတွေ့ပြီးတော့မှ ဘာဖြစ်လို့ဆန္ဒပြကြတာလဲ ကျနော်တို့က လုပ်ပေးနိုင်တာ မရှိဘူးပေါ့နော်၊ ဗဟိုအစိုးရကအမိန့်ချမှ ကျနော်တို့ လုပ်ပေးလို့ရမှာ။ အဲဒါမို့ ကျနော်တို့ကိုဆန္ဒမပြပါနဲ့ဆိုပြီး လာနားချတာပေါ့။ အခု ချင်းလူမျိုးတွေနေထိုင်တဲ့ ချာရာချန်ပူပေါ့ (ခရိုင်) ဘက်ကို သို့မဟုတ် မီဇိုရမ်ဟာမျိုး တကယ်လို့သာ ပြောင်းလို့ရမယ်ဆို ပြောင်းချင်မလား၊ အဲဒီဘက်မှာလည်း foreigner detention center ရှိတယ်ဆိုတဲ့ဟာမျိုးလောက် သူတို့လာပြောပြတာရှိတယ်။ ဆိုတော့ ထောင်အာဏာပိုင်ကို သူတို့လိုလားချက်ကို တင်ပြထားတာတော့ရှိတယ်၊ သို့သော် အဲဒီအပေါ်မှာ ဘယ်လိုတုံ့ပြန်မှု ရှိမလဲဆိုတာတော့ ကျနော်တို့ မပြောတတ်သေးဘူး။"

လွတ်ရက်စေ့သူတွေကို ပြန်လွှတ်ဖို့အပါအဝင် နိုင်ငံရေးအခြေအနေကြောင့် မြန်မာနိုင်ငံဘက်ကို ပြန်မလွှဲဖို့အတွက် အကျဉ်းသားတွေက ဇွန်လ ၁၇ ရက်ကစပြီး အစာအငတ်ခံ ဆန္ဒပြခဲ့ကြတာပါ။ Foreigner Act နဲ့ ဖမ်းဆီးခံထားရတဲ့ မြန်မာအကျဉ်းသား ၁၅၉ ယောက်ထဲမှာ အယောက် ၁၀၀ နီးပါးက ဆန္ဒပြခဲ့ကြတာပါ။ အကြမ်းဖက်ဖြိုခွင်းခဲ့တဲ့ အတွက်လည်း ဒဏ်ရာရခဲ့သူတွေရှိကြောင်း ပြောပါတယ်။ ရော်ဘာကျည်သုံးခဲ့တာရှိသလို ကျည်အစစ်နဲ့လည်း ပစ်ခတ်ခဲ့တယ်လို့ အကျဉ်းသားတဦးက ပြောပါတယ်။

ဒီကိစ္စတွေကို အိန္ဒိယ ဗဟိုအစိုးရဆီတင်ပြခဲ့ကြောင်း ဆလိုင်းဒိုခါရ်က ပြောပါတယ်။

"သေချာတာတခုကတော့ ကျနော်တို့ အခုအချိန်မှာ ဗဟိုအစိုးရကလည်း သိနှင့်ပြီ။ နောက် UN အဖွဲ့တွေကလည်း သိနေလောက်ပြီလို့ ကျနော်တို့မျှော်လင့်တယ်။ ဆိုတော့ သူတို့ရဲ့တုံ့ပြန်မှုကိုတော့ အချိန်အတိုင်းအတာတခု စောင့်ရမဲ့ အနေအထားတော့ဖြစ်တယ်။ နောက်ပြီး အထဲမှာရှိတဲ့သူတွေ အားလုံးကလည်း ဆက်လက် ဆန္ဒပြနိုင်ဖို့ ပြင်ဆင်နေပါတယ်။ သူတို့တောင်းဆိုချက်ကို အမြန်ဆုံး မဖြေရှင်းသရွေ့ပေါ့နော် ဆက်လက် တောင်းဆိုသွားဖို့ ရှိတယ်။"

ဆန္ဒပြရင်း နေထိုင်မကောင်းဖြစ်နေတဲ့ သက်ကြီးပိုင်းတွေလည်း ရှိပါတယ်။ ၂၀၂၃၊ ဖေဖော်ဝါရီလ ၂၅ က အသက် ၃၀ ကျော် မြန်မာအမျိုးသားတဦး ကျန်းမာရေးချွတ်ယွင်းပြီး သေဆုံးခဲ့တာလည်း ရှိပါတယ်။ ဒီကိစ္စတွေနဲ့ပတ်သက်ပြီး အင်ဖာဗဟိုအကျဉ်းထောင်ဘက်ကို ဗွီအိုအေက ဖုန်းနဲ့ဆက်သွယ်ခဲ့ပေမဲ့ တုံ့ပြန်မှုတော့ မရခဲ့ပါဘူး။

တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG