သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ပုဂ္ဂလိကဆေးရုံတွေမှာ ကိုဗစ်လူနာတွေ မြန်မာအစိုးရ ကုသခွင့်ပေးတော့မည်


ရန်ကုန်မြို့ရှိ Quarantine Center တခုတွင် ကိုဗစ်သံသယရှိလူနာစာရင်းကို စစ်ဆေးနေသည့် PPE ဝတ်စုံဝတ် ပရဟိတလုပ်သားတစ်ဦး။ (အောက်တိုဘာ ၁၊ ၂၀၂၀)
ရန်ကုန်မြို့ရှိ Quarantine Center တခုတွင် ကိုဗစ်သံသယရှိလူနာစာရင်းကို စစ်ဆေးနေသည့် PPE ဝတ်စုံဝတ် ပရဟိတလုပ်သားတစ်ဦး။ (အောက်တိုဘာ ၁၊ ၂၀၂၀)

ကိုဗစ်ကပ်ရောဂါကူးစက်မှုတွေ တိုးလာနေတဲ့ မြန်မာနိုင်ငံမှာ အစိုးရဆေးရုံတွေမှာ သာမက ပုဂ္ဂလိက ဆေးရုံတွေမှာပါ လူနာတွေကို ကုသမှုပေးဖို့ မကြာခင် ခွင့်ပြုတော့မယ့်အကြောင်း မမေခက ပြောပြပါမယ်။

ကပ်ရောဂါ ကူးစက်သူ တိုးလာတာနဲ့အမျှ ဆေးရုံတင် ကုသရသူတွေလည်း တိုးလာနေတာကြောင့် ပုဂ္ဂလိက ဆေးရုံတွေမှာပါ ကျန်းမာရေး ဝန်ဆောင်မှု ပေးနိုင်ဖို့ စီစဉ်နေတာဖြစ်ပါတယ်။ ကနဦး အစီအစဉ်အနေနဲ့ ရန်ကုန်မြို့က ပန်းလှိုင်နဲ့ အကယ်ဒမီ ဆေးရုံတွေကို ခွင့်ပြုဖို့ စီစဉ်နေတယ်လို့လည်း ကျန်းမာရေးဝန်ကြီးဌာန တာဝန်ရှိသူတွေက ပြောပါတယ်။

ကိုဗစ်လူနာတွေကို ကုသပေးနိုင်မယ့် ပုဂ္ဂလိကဆေးရုံတွေကို မကြာသေးခင်ကပဲ ကွင်းဆင်းစစ်ဆေးပြီး ခွင့်ပြုချက်ပေးဖို့ စီစဉ်ထားကြောင်းလည်း ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာန ပြောခွင့်ရသူ ဒေါက်တာသန်းနိုင်စိုးကပြောပါတယ်။

“ ပထမဆုံးဆေးရုံ တခု ၂ ခုကတော့ မီးစိမ်းရမယ့်အနေအထားဖြစ်နေပြီပေါ့နော်။ ဒီကအဖွဲ့တွေလည်း ဆင်းစစ်ပြီးသွားပြီ ပေါ့နော်။ အဓိကတော့ ကျနော်တို့ဆေးရုံကြီးတွေမှာသုံးတဲ့ အဆင့်သတ်မှတ်ချက်ပါဘဲ။ လူနာတွေအတွက်ပေ့ါ facility ပေါ့ အထူးသဖြင့် IPC ကောင်းရမယ်။ ICU တို့ဘာတို့ ကြည့်မယ့်သူရှိရမယ်။ HR ပိုင်းတို့ criteria တွေ သတ်မှတ်ထားတာပေါ့ ဘယ်လိုအဆင့်အတန်းရှိရမယ်တို့ ။ အဓိကတော့ သူတို့ဘက်က Proposal တင်တဲ့ ဆေးရုံတွေကို ကျနော်တို့ဘက်က စစ်ပေးတယ်ပေါ့နော် ဒါတွေက မကြာခင်မှာ ခွင့်ပြုချက်တွေလည်း ထွက်လာမယ်။”

ရောဂါကူးစက်သူ လူနာတွေ တိုးလာနေတဲ့အတွက် အစိုးရ ဆေးရုံတွေမှာ ဝန်ထုတ်ဝန်ပိုးဖြစ်လာနေတာကို လျှော့ချနိုင်ဖို့ ရောဂါကူးစက်မှုတွေ အဓိက ကြုံနေရတဲ့ ရန်ကုန်တိုင်းနဲ့ မန္တလေးတိုင်းအတွင်းက ပုဂ္ဂလိက ဆေးရုံတွေကို ကျန်းမာရေးဝန်ကြီးဌာနက ခွင့်ပြုဖို့ စီစဉ်နေတာ ဖြစ်ပါတယ်။

ခွင့်ပြုချက်ရဖို့အတွက် ပုဂ္ဂလိက ဆေးရုံတွေက လျှောက်ထားရမှာဖြစ်ပြီး၊ ကိုဗစ္လူနာတွေကို စောင့်ကြည့် ကုသပေးနိုင်မယ့် လိုအပ်တဲ့ နေရာထိုင်ခင်းနဲ့ အစီအမံတွေကို ပြင်ဆင်ထားရမှာလည်း ဖြစ်ပါတယ်။ ပုဂ္ဂလိက ဆေးရုံတွေ အနေနဲ့ ကျန်းမာရေး ဝန်ဆောင်မှုအတွက် သင့်တော်တဲ့ ငွေကြေးပမာဏ ကောက်ယူဖို့နဲ့ ဝန်ဆောင်မှုပေးရမယ့် ကိစ္စတွေကို အသေးစိတ်ညှိနှိုင်းနေတယ်လို့လည်း မြန်မာနိုင်ငံ ပုဂ္ဂလိကဆေးရုံအသင်း ဥက္ကဋ္ဌ ဒေါက်တာထင်ပေါ်ကပြောပါတယ်။

“FIXED cost နဲ့ variable cost ၂ခုရှိတယ်။ FIXED cost ကတော့ နိုင်ငံတော်ကို တင်ပြရမယ်။ ဥပမာ ဆေးစစ်တဲ့ test လုပ်တယ် အဲဒီတော့ နိုင်ငံတော်ကို charge လုပ်တဲ့နည်းနဲ့ ကျနော်တို့က တင်ပြရမယ် ဒါက Fixed (ပုံသေ) cost လေ။ နောက်ပြီးတော့ အခန်းတွေက သူတို့ မနေ့ကရှိပြီးသားပါ ။ ဆေးရုံတခုနဲ့ တခုကတော့ သိပ်မတူဘူး အခန်းတွေကတော့ Fixed လုပ်လု့ိရတယ်လေ။ နောက်ပြီးတော့ ဝန်ဆောင်ခတွေက Fixed လုပ်လု့ိရတယ်။ လူနာတယောက်ချင်းရဲ့ ပေးရမယ့်အနေအထားကတော့ မတူဘူး။ တချို့ကျတော့ ဘာရောဂါမှ မရှိပဲနဲ့ ဖြစ်တာ။ နဂိုကတည်းက ဆီချိုသွေးတိုး နှလုံး ရှိသူတွေဆိုရင် ဒီလူတွေကျတော့ သူတို့ ကို ကုပေးမယ့် ဆေးဝါးက စောစောက ရောဂါအခံမရှိသူနဲ့ စာရင် အများကြီး များသွားလိမ့်မယ်။ အဲဒါတွေက ကွဲပြားမှုရှိတယ် အနည်းအများရှိတယ်အဲဒါကြောင့် variable cost ဆိုပြီးတော့ ကျနော်တို့ သတ်မှတ်တယ်။ ဆိုတော့ variable cost ကတော့ ကျသင့်သလောပဲပေါ့။”

ကိုဗစ်လူနာတွေ ကုသရေးမှာ ပုဂ္ဂလိက ကျန်းမာရေးဝန်ဆောင်မှု လုပ်ငန်းတွေ ပါဝင်ခွင့်ရမှာ ဖြစ်ပေမဲ့ စိန်ခေါ်မှုတွေလည်း ရှိနေတယ်လို့ ဒေါက်တာထင်ပေါ်က ပြောပါတယ်။ အထူးသဖြင့်ကတော့ ကပ်ရောဂါကာလ ကြာရှည်လာတာနဲ့အမျှ ကျန်းမာရေးဝန်ထမ်းတွေ လိုအပ်ချက် ကြီးမားလာနေတာကြောင့် လိုအပ်တဲ့ ကျွမ်းကျင်သူတွေရဖို့ ခက်ခဲနိုင်တယ်လို့ ပြောပါတယ်။


“HR ဆိုရင်လည်း ဆရာဝန် ၊ ဆရာမတွေရဲ့ ပူးပေါင်းပါဝင်မှုထက် Volume ပေါ့ ပမာဏ လုံလုံလောက်လောက်ရဖို့ ကျနေ်ာတို့ တော်တော်လေး စည်းရုံးရတယ်။ ကာယကံရှင် ဆရာဝန်၊ ဆရာမတော့ လုပ်မယ် သို့သော် သူ့မိသားစုတွေက ကန့်ကွက်တာတွေ ရှိတယ်ခင်ဗျ။ ဒီအချိန်မှာ ကျနော်တို့က Facility ကျနော်တို့ ဝယ်လို့ရတယ် ၊ လူ ကျနော်တို့က ဝယ်လို့မရဘူး။ မတော်တဆ သူတို့ ကူးစက်ခံရရင်ရော ဆိုတဲ့ဟာ ကျနော်တို့က ထပ်စဉ်းစားရပြန်ရော ၊ ဆိုတော့ အဲဒါအတွက်လည်း ကျနော်တို့က insurance တွေဝယ်ပေးတယ် သူတု့ိတွေကို Commitment တွေပေးရတယ်။ သမီးတို့၊ သားတို့ တကယ်ဖြစ်လာရင် ကျနော်တို့က အဆုံးအထိ ဆေးရုံမှာ တာဝန်ယူကုပေးမယ်ဆိုတဲ့ ဒီ Commitment တွေပေးရတဲ့အတွက်ကြောင့် pressure လည်းများပါတယ်။ ဒီ Challenges က အကြီးဆုံး Challenges ပါ။”

မြန်မာနိုင်ငံအဝန်းက ပုဂ္ဂလိကဆေးရုံ ၂၃၀ ကျော်မှာ ကိုဗစ်လူနာကုသရေးဌာနအဖြစ် လက်ခံကုသဖို့ ပုဂ္ဂလိကဆေး ရုံ စုစုပေါင်း ၅၂ ခုက ကျန်းမာရေးဝန်ကြီးဌာနနဲ့ သဘောတူထားပြီး ကနဦးစမ်းသပ်တဲ့ အနေနဲ့ ဆေးရုံ ၂ ခုကို ခွင့်ပြုဖို့ စီစဉ်နေတာဖြစ်ကြောင်းလည်း မြန်မာနိုင်ငံပုဂ္ဂလိက ဆေးရုံအသင်းက ပြောပါ တယ်။

ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနရဲ့ ဒီကနေ့ မွန်းလွဲပိုင်းအထိ ထုတ်ပြန်ချက်အရ ကိုဗစ်ကပ်ရောဂါကြောင့် သေဆုံးသူ ၂ ထောင်ကျော်နဲ့ ကူးစက်သူ ၉ သောင်းခွဲကျော် ရှိနေပါတယ်။

..............

တိုက်ရိုက် လင့်ခ်












XS
SM
MD
LG