သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကျောင်းတွေပြန်ဖွင့်တော့မှာကြောင့် ဒုက္ခသည်တွေ ခိုလှုံရာမဲ့မယ့်အခြေအနေရောက်


စစ်တွေဘုန်းကြီးကျောင်းအတွင်း ခိုလုံနေကြတဲ့ ဒုက္ခသည်များ (ဇွန် ၂၉၊ ၂၀၂၀)
စစ်တွေဘုန်းကြီးကျောင်းအတွင်း ခိုလုံနေကြတဲ့ ဒုက္ခသည်များ (ဇွန် ၂၉၊ ၂၀၂၀)

(Zawgyi/Unicode)

ဇူလိုင်လနောက်ဆုံးပတ်မှာ အခြေခံပညာကျောင်းတွေ ပြန်ဖွင့်တော့မှာ ဖြစ်တာကြောင့် ကျောင်းတွေမှာ ခိုလှုံနေကြရတဲ့ ရခိုင်ပြည်နယ်က ဒုက္ခသည်တွေကို ယာယီတဲတွေစီစဉ်ပြီး ရွှေ့ပြောင်းပေးဖို့ စီစဉ်နေတဲ့ အကြောင်းကို ပြောပြချင်ပါတယ်။ VOA မြန်မာပိုင်းသတင်းထောက်မ အိမ့်သန္တာထွန်းက ရန်ကုန်ကနေ သတင်းပေးပို့ထားပါတယ်။

ရခိုင်ပြည်နယ်မှာ လက်ရှိဖြစ်နေတဲ့ တိုက်ပွဲတွေ ပဋိပက္ခတွေကြောင့် ဘေးလွတ်ရာကို ရွှေ့ပြောင်း လာတဲ့ ဒေသခံတွေကို အခြေခံပညာကျောင်းတွေမှာ နေရာချထားတာတွေရှိပါတယ်။ ဒါပေမဲ့လည်း ဒီလ ဇူလိုင်လ ၂၁ ရက်နေ့မှာ ကျောင်းတွေ ပြန်ဖွင့်တော့မှာ ဖြစ်တဲ့အတွက် စစ်ဘေးရှောင် ဒုက္ခသည်တွေကို ပြောင်းရွှေ့ပေးဖို့ စီစဉ်နေရပါတယ်။

စာသင်ကျောင်းတွေကနေ ရွှေ့ပြောင်းပေးရမယ့် ဒုက္ခသည် အရေအတွက်ဟာ ရခိုင်တစ်ပြည်နယ်လုံးမှာ ၉ ထောင်ကျော်ရှိတယ်လို့လည်း ရခိုင်တိုင်းရင်းသားမျိုးနွယ်များ အစည်းအရုံးက ခန့်မှန်းထားပါတယ်။ အများစုကတော့ ကျောက်တော်နဲ့ ရသေ့တောင် မြို့နယ်တွေက စာသင်ကျောင်းတွေမှာ ခိုလှုံနေကြတာလို့လည်း REC အတွင်းရေးမှူး ဦးဇော်ဇော်ထွန်းက ပြောပါတယ်။

“လောလောဆယ် ဒီရသေ့တောင်မြို့နယ်နဲ့ ကျောက်တော်မြို့နယ်တွေမှာရှိတဲ့ စာသင်ကျောင်းတွေမှာ တည်းခိုနေကြရတဲ့ စစ်ဘေးရှောင်တွေအတွက်ကို ဒီမြို့နယ်၊ဒေသ၊ခရိုင် ဖွံဖြိုးရေး အဖွဲ့အစည်းတွေနဲ့ စီစဉ်ပူးပေါင်းပြီးတော့မှ ယာယီတဲတွေ စီစဉ်ဆောင်ရွက်နေကြပါတယ်။ ဆိုတော့ သူတို့ ဒီလအလယ် လောက် ဆိုလို့ရှိရင်တော့ တော်တော်များများပြီးစီးပြီးတော့ နေရာပြောင်းရွှေ့ချထားနိုင်ဖို့ အခြေအနေရှိနေပါတယ်။ ဒါပေမယ့် စစ်ဘေးရှောင် မိသားစုတွေအကုန်လုံးကတော့ အဆင်ပြေချင်မှ ပြေမယ်။ ကျန်မယ်ဆိုလို့ရှိရင်လည်း အနည်းငယ်လောက်ပဲကျန်မယ်လို့ ပြောပါတယ်။ အဲ့ဒီအနည်းငယ်သော စစ်ဘေးရှောင်တွေအတွက်ကိုကျတော့ ဘုန်းကြီးကျောင်းတွေမှာ နေရာချထားတာတို့လုပ်မယ်။ ပြီးရင် တစ်ခြားစစ်ဘေးရှောင်စခန်းတွေမှာလည်းပဲ နေရာ ရနိုင်မှု အနေအထားတွေ ပြန်လည်ညှိနှိုင်းနေကြတယ်ဆိုပြီးတော့မှသိရပါတယ်ဗျ။”

စာသင်ကျောင်းတွေကနေ ပြောင်းရွေ့ကြရမယ့် ဒုက္ခသည်တွေအားလုံးထဲက ခန့်မှန်းချေ ၇၀ ရာခိုင်နှုန်းလောက်ကို ယာယီတဲတွေနဲ့ ထားနိုင်ဖို့ ရရှိတဲ့ အလှူငွေတွေနဲ့ စီစဉ်နေတယ်လို့လည်း ပြောပါတယ်။ မိသားစု ၈၀၀ ဝန်းကျင်လောက်နေထိုင်နိုင်မယ့် ယာယီစခန်းတွေမှာ ကျန်းမာရေးအတွက် စိန်ခေါ်မှုတွေကတော့ ရှိနေတုန်းပဲလို့လည်း ဦးဇော်ဇော်ထွန်းက ပြောပါတယ်။

“မိသားစုတွေ တစ်ခုနဲ့တစ်ခု ကြားထဲမှာ Social Distancing ဖြစ်ဖို့ ကိစ္စမျိုးတွေပေါ့နှော်၊ ဒါမျိုးတွေ ထည့်သွင်းစဉ်းစားထားတာမရှိဘူး။ နောက်ပြီးတော့ မိသားစုတစ်စုစာ နေထိုင်ဖို့အတွက် အခန်းရဲ့ အကျယ်အဝန်းကလည်းပဲ အရမ်းကိုနည်းတယ်ပေါ့နှော်၊ ကျဉ်းကြပ်တယ်ပေါ့ဗျာ အခန်းက။ သူတို့က ခြံဝင်းလည်း မရှိနေဘူး။ မြို့ပေါ်လို နေရာမျိုးမှာလည်း ဖြစ်နေတယ်ဆိုတော့ Camp မှာ အဝင်အထွက်နဲ့ ပတ်သက်ပြီးတော့မှ သူတို့မှာ ဘယ်လိုပုံစံမျိုးတွေနဲ့ ကြီးကြပ်မလဲပေါ့နှော်။ ဒါနဲ့ပတ်သက်လို့ အသေးစိတ်ဆွေးနွေးထားတာတော့ မရှိနေသေးတာကို တွေ့ရပါတယ်ဗျ။”

ယာယီတဲတွေကို ဘုန်းကြီးကျောင်းဝင်းက မြေလွတ်တွေနဲ့ ကျေးရွာပိုင် မြေလွတ်တွေမှာ ဆောက်နေကြတာဖြစ်ပါတယ်။ ဒီဒုက္ခသည်စခန်းတွေမှာ ကျန်းမာရေးစောင့်ရှောက်မှုတွေကတော့ လိုအပ်နေဆဲဖြစ်သလို ခုမိုးရာသီကာလမှာ ရာသီတုတ်ကွေးဖြစ်တာ အအေးမိဖျားနာတာတွေ အတော်လေးတွေ့နေရတယ်လို့ ဒုက္ခသည်စခန်းတွေကနေ သိရပါတယ်။

မင်းပြားမြို့နယ်မှာတော့ စာသင်ကျောင်းတွေမှာ ခိုလှုံနေကြတဲ့ ဒုက္ခသည်တွေကို ဘုန်းကြီးကျောင်းတွေနဲ့ မြေလွတ်တွေမှာ ယာယီတဲတွေဆောက်ပြီး ပြောင်းရွေ့ထားပြီးဖြစ်တယ်လို့ သင်္ဂဟ ကမ်းလက် ရက္ခိတ အဖွဲ့ရဲ့ ဥက္ကဌ ဦးအမ်းသားကြီးက ပြောပါတယ်။

“ကျွန်တော်တို့မင်းပြားမြို့နယ်မှာတော့ စာသင်ကျောင်းတွေမှာ နေရတဲ့ ဒုက္ခသည်တွေကတော့ မရှိတော့ဘူးခင်ဗျ။ ဘုန်းကြီးကျောင်းတွေ၊ နီးစပ်ရာမြေကွက်တွေမှာအဆောင်တွေဆောက်လိုက် ကြပြီခင်ဗျ။ အကုန်လုံး ယာယီတဲတွေ ဆောက်လိုက်ပါပြီခင်ဗျ။”

မင်းပြားမြို့နယ်မှာ ဒုက္ခသည်စခန်း ၇ ခုရှိပြီးတော့ ဒုက္ခသည်အရေအတွက်က ၂၅၀၀ ကျော်ရှိပါတယ်။

REC က နောက်ဆုံးကောက်ယူထားတဲ့ စာရင်းတွေအရ ရခိုင်ပြည်နယ် ၁၂ မြို့နယ်မှာ စစ်ရှောင်စခန်း စုစုပေါင်းက ၁၄၈ ခုရှိပြီးတော့ နေရပ်စွန့်ခွာထွက်ပြေးလာကြရတဲ့ ဒုက္ခသည်တွေနှင့် တပ်မတော်က နယ်မြေရှင်းလင်းတာကြောင့် ယာယီ နေရပ်စွန့်ခွာ ထွက်ပြေးလာကြရသူ အရေအတွက်က ၂ သိန်းနီးပါးရှိနေပါတယ်။

တိုက်ရိုက် လင့်ခ်


.................


(Unicode)












ဆက်စပ်သတင်းများ ...

XS
SM
MD
LG