သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရည်မှန်းချက်တွေ အကောင်အထည်ဖော်ခွင့်ရတဲ့ ကန် ရောက် မြန်မာဒုက္ခသည်များ


နယူးရောက်မြို့ ယာဉ်ထိန်းစည်းကမ်းရဲ အရာရှိ မလှလှစံ နှင့်အသေးစားစီးပွားရေး လုပ်ငန်းရှင် ကိုမင်းနိုင်
နယူးရောက်မြို့ ယာဉ်ထိန်းစည်းကမ်းရဲ အရာရှိ မလှလှစံ နှင့်အသေးစားစီးပွားရေး လုပ်ငန်းရှင် ကိုမင်းနိုင်

(Zawgyi/Unicode)

အမေရိကန်ပြည်ထောင်စုမှာ အကြောင်းအမျိုးမျိုးနဲ့ ဒုက္ခသည်အဖြစ်ရောက်ရှိအခြေချနေထိုင်နေကြတဲ့ မြန်မာနဲ့ တိုင်းရင်းသားအများအပြားရှိပါတယ်။သူတို့ ဘာကြောင့် ဒီကိုရောက်လာကြသလဲ၊ အမေရိကန်မှာ ရင်ဆိုင်ရတဲ့ စိန်ခေါ်မှု၊ အခက်အခဲတွေကြားက သူတို့ရဲ့ ဘဝအိပ်မက်တွေ အောင်မြင်အောင် ဘယ်လို အကောင်အထည်ဖေါ်ခဲ့ကြသလဲ။

ကမ္ဘာ့ဒုက္ခသည်များနေ့ အထူးအစီအစဉ် အဖြစ် မအင်ကြင်းနိုင်က တင်ဆင်ထားပါတယ်။

မလှလှစံ

(နယူးရောက်မြို့ ယာဉ်ထိန်းစည်းကမ်းရဲ အရာရှိ)

“အဲဒီတော့ မလေးရှားနိုင်ငံကနေပြီးတော့ ဒုက္ခသည်အဖြစ်အနေနဲ့ အမက အမေရိကန်နိုင်ငံကို ရောက်ရှိလာတယ်။ ရောက်ရောက်ချင်းမှာ NYPD နဲ့ မဆက်သွယ်ရသေးဘူး တခြားမှာ အမ အလုပ်လုပ်နေသေးတာပေါ့နော်”

အမေရိကန်ပြည်ထောင်စုကို ၂၀၁၅ခုနှစ်က မလေးရှားနိုင်ငံကနေ ဒုက္ခသည်အဖြစ် ရောက်ရှိလာတဲ့ မလှလှစံတယောက် သုံးနှစ်အတွင်း နယူးရောက်မြို့က ယာဉ်ထိန်းစည်းကမ်းရဲ အရာရှိအဖြစ် ကြိုးပမ်းခဲ့ပုံကို ကြည့်ကြရအောင်ပါ။

“အမှန်တော့ NYPD ရဲ့ မိသားစုဝင်ထဲမှာ အမတို့က ပါတာပေါ့နော် ။ ဒါပေမယ့် တကယ်တမ်းလုပ်ချင်တာက အမအနေနဲ့ကတော့ police လုပ်ချင်တာ ။ ဒါပေမယ့် သူတို့ခေါ်တဲ့ အချိန်မှာ အသက်အကန့်အသတ်က အမ ၃၅ နှစ်ကျော်သွားပြီ။ ၃၅ နှစ်ကျော်သွားတော့ ဒီ police ရဲ့ ရာထူးကို အမက မရတော့ အမက သူ့ရဲ့ ဒုတိယလက်အောက်ရာထူးဖြစ်တဲ့ ယာဉ်စည်းကမ်း ထိန်းသိမ်းရေးအရာရှိအနေနဲ့ အမ အသက်က သွားမီနေတယ်။ အဲဒီအတွက်ကြောင့် အမက ပထမဦးဆုံးဘာလုပ်သလဲဆိုရင် အလုပ်ဝင်စာမေးပွဲကို အမ အရင်ဝင်ဖြေတယ်။ ဝင်ဖြေလိုက်တဲ့အခါမှာ အမက အမှတ် ၈၀ ကျော်နဲ့ အောင်သွားတယ်။ အဲဒီ Process တွေ အကုန်လုံးကို ပြောရမယ်ဆိုရင် ၁ နှစ်ခွဲကြာတယ်။ အဲဒီ ၁ နှစ်ခွဲကြာတဲ့အချိန်မှာ အမလည်း ဒီဘက်မှာ တခြားအလုပ်ကို လုပ်နေတာပေါ့နော် ။ အရင်တုန်းကတော့ အမလုပ်ခဲ့တာကတော့ မြန်မာတွေ များသောအားဖြင့် New York မှာ လုပ်ကြတာကတော့ ကျောက်တန်းမှာလုပ်တယ် ။ အဲဒီလိုလုပ်နေရင်းနဲ့ အမက သူတို့ခေါ်တဲ့ အင်တာဗျူးတွေ အမသွားတယ်၊ Physical test ၊ Mental test တွေ အဲလိုမျိုး အဆင့်ဆင့်ကို ဖြတ်ကျော်ပြီး ၁ နှစ်ခွဲကြာတဲ့အခါကျမှ အမကို သူတို့တွေက Police academy တက်ဖို့ အမကို သူတို့ အတည်ပြုလိုက်တယ်။ Police academy ကို ၃ လတက်ရပါတယ်။”

ငယ်စဉ်ဘ၀ ရုပ်ရှင်တွေကြည့်တဲ့အခါ နယူးရောက် NYPD ရဲတပ်ဖွဲ့ကို အားကျခဲ့တဲ့ အတွက် ရဲအရာရှိဖြစ်ဖို့ မျှော်မှန်းခဲ့တဲ့ မလှလှစံတယောက် သူ့ရဲ့ အိပ်မက်တွေ အကောင်အထည်ဖော် ကြိုးစားခဲ့ပုံက ဒီလိုပါ ။

“ စဝင်တုန်းကတော့ အမအတွက် အခက်အခဲရှိခဲ့တယ် စိတ်ဓါတ်ရေးရာရော တော်တော်လေးကို ကြံကြံခံရတယ် ။ ဘာဖြစ်လို့လဲဆိုတော့ဒီအလုပ်က ဘယ်သူမှ မနှစ်သက်တဲ့အလုပ် ပြောရရင် ကိုယ်ကလည်း အပြင်မှာ လမ်းပေါ်မှာ ရှိတဲ့လူတွေနဲ့ ဆက်ဆံရတာ နေ့စဉ်နဲ့အမျှ အမရဲ့ life က လုံး၀ ပြောင်းလဲသွားတာ ကျောက်တန်းအလုပ်ကနေ လမ်းပေါ်မှာ နေ့စဉ်နဲ့အမျှ တွေ့နေရတာပေါ့နော်။ ကောင်းတဲ့လူရှိတယ် မကောင်းတဲ့လူလည်းရှိတယ်ပေါ့နော်။

အမရဲ့ မျှော်လင့်ချက်ကတော့ ရှေ့ဆက်လျှောက်မယ်ဆိုပြီးတော့ စိတ်ကူးထားပြီးပြီ နောက်ထပ် တရစ်၊ နှစ်ရစ်၊ ၃ ရစ်ပေါ့လေ အဲလိုမျိုးလေး အရစ်ကလေးတွေနဲ့တော့ ဖြစ်ချင်တယ်ပေါ့လေ။ ဒါက အမရဲ့ Dream တခုပေါ့နော် ဖြစ်လာမဖြစ်လာတော့ မသိသေးဘူး အမအခု စာမေးပွဲဖြေဖို့လည်း အမ လေ့လာနေတယ် နောက်ထပ်ရာထူးအတွက်ပေါ့နော်။ ဖြစ်လာပါစေလို့ပဲ အမ ဆုတောင်းနေတာပေါ့နော်။”

ဘဝရည်မှန်းချက်တွေ အောင်မြင်အောင် အကောင်အထည်ဖေါ်နိုင်သူ နောက်တဦးကတော့ ၂၀၀၅ ခုနှစ်မှာ အမေရိကန်ပြည်ထောင်စု ကို ဒုက္ခသည်အဖြစ် အခြေချ နေထိုင်ခွင့် ရခဲ့တဲ့ နိုင်ငံရေးအကျဉ်းသားဟောင်း ကိုမင်းနိုင် ဖြစ်ပါတယ်။

“၂၀၀၅ စက်တင်ဘာမှာ ထိုင်း-မြန်မာနယ်စပ် ဒုက္ခသည်စခန်းကနေတဆင့် ကျနော်အမေရိကန် ပြည်ထောင်စု နယူးယောက်ပြည်နယ် ၊ Buffalo ကိုရောက်လာတယ်။

ကျနော်က ထိုင်း-မြန်မာနယ်စပ်မှာ UNHCR မှာ political asylum နိုင်ငံရေးနဲ့ပတ်သက်တဲ့ နိုင်ငံရေးအကျဉ်းသားဟောင်းတယောက်အနေနဲ့ နယ်စပ်မှာလည်း ပြည်တွင်းလုပ်ငန်းတွေ လှုပ်ရှားနေတာ ၊ Underground တွေ ဖြစ်တဲ့အတွက်ကြောင့် ကျနော်တို့က ပြည်တွင်းကို ပြန်လို့မရဘူး။ အဲဒီအချိန်မှာ ကျနော်တို့အနေနဲ့ လုံခြုံရေးအတွက် စိုးရိမ်စရဖြစ်တဲ့အတွက်ကြောင့် POC (Person of Concern) ဆိုပြီး UNHCR ကနေ ကျနော်တို့ကို accept လုပ်လိုက်တယ် အဲဒီအချိန်ကနေစပြီး သူတို့ program ကနေတဆင့် အမေရိကန်ပြည်ထောင်စုကို ရွှေ့ပြောင်းအခြေချ နေထိုင်ဖို့အတွက်ရောက်ရှိလာတာဖြစ်တယ်။”

အမေရိကန်မှာ အောက်ခြေ သုညဘဝကနေ ၁၅ နှစ်အတွင်း အသေးစားစီးပွားရေး လုပ်ငန်းရှင် တဦးဖြစ်လာတဲ့ အတွေ့အကြုံကို ကိုမင်းနိုင် ပြောပြတာက ဒီလိုပါ။

“ ရောက်လာခါစမှာ ပိုက်ဆံလည်းမရှိဘူး ၊ ပညာမတတ်ဘူး၊ စကားမတတ်ဘူး တကယ့်သူများနိုင်ငံမှာ စပြီးတော့ အခြေချနေထိုင်ရတာဖြစ်တဲ့အတွက်ကြောင့် စိန်ခေါ်မှု အခက်အခဲတွေကတော့ အများကြီးပဲ ။ အထူးသဖြင့် ဘာသာစကားတွေ ၊ ရုံး၊ သက်ဆိုင်ရာဌာနတွေ ဘယ်နေရာသွားသွား အကုန်လုံးက အင်္ဂလိပ်လို ပြော ဆိုရတာဖြစ်တယ်။ လုပ်ငန်းခွင်တွေမှာလည်း အင်္ဂလိပ်လို လူတွေနဲ့ပဲတွဲ ပြီးလုပ်ရတာများတယ် ဆိုတော့ ရောက်ခါစမှာ အဲဒီအခက်အခဲတွေ အများကြီး ကြုံရတယ် ။

ဒီနိုင်ငံက Land of Opportunity ဆိုတာမျိုးကို ကျနော်သိထားတယ်လေ ဆိုတော့ ကိုယ်ဘက်က အခြေအနေပေးရင် ပေးသလို အမြဲကြိုးစားနေရင် အခွင့်အရေးတခုရမယ် ဆိုတာ သိထားတယ် ။ လွန်ခဲ့တဲ့ ၃ ၊ ၄ နှစ်မှာ စလုပ်ခဲ့တဲ့ Recycling လုပ်ငန်း လေးကို သွားမြင်တယ်။ အဲဒီတော့ အဲဒါနဲ့ ပတ်သက်တာလေးတွေရယ် နောက်ပြီး ဒီမြို့မှာ ၊ တခြားနေရာတွေမှာ ရှိတဲ့ ဆိုင်တွေမှာ သွားရောက်လေ့လာတယ်။ ဒါနဲ့ ပတ်သက်တဲ့ survey တွေလုပ်ရတယ် ပြီးတော့ ဒါလေးကို စပြီးတော့ လုပ်ဖြစ်တာ။ ဆိုတော့ ၂၀၁၆ ဒီဇင်ဘာကနေ လုပ်တယ်ဆိုရင် အခု ၃ နှစ်ကျော် ၄ နှစ်ထဲကိုတော့ ရောက်လာပါပြီ ။ အခု ဆိုင်ကလည်း ၅ ဆိုင်အထိ ဖြစ်လာပြီ။”

ထိုင်းနိုင်ငံမှာ ဒုက္ခသည် တဦးအနေနဲ့ မေ့မရနိုင်တဲ့ ကိုမင်းနိုင်ရဲ့ အတွေ့အကြုံကတော့

“ဘန်ကောက်မှာ အလုပ်လုပ်နေတဲ့အချိန် ပွဲစားတယောက်က ငါးဖမ်းလှေပေါ်မှာရောင်းစားလိုက်တယ် ။ ကိုယ်တိုင်က လူမှောင်ခို သားကောင်ဖြစ်ခဲ့ရတယ်။ ဆိုတော့ အဲဒီ ငါးဖမ်းလှေပေါ်မှာ ကြုံရတဲ့ ပြဿနာတွေ မခံစားနိုင်တော့လို့ လှေပေါ်ကနေခုန်ချပြီး ကိုယ့်ကိုယ်သက်သေဖို့အထိ ကြုံခဲ့ဖူးတယ်။”

ကမ္ဘာ့ဒုက္ခသည်များနေ့ အထူးအစီအစဉ် အဖြစ် တင်ဆက်ခဲ့တာပါ။

တိုက်ရိုက် လင့်ခ်

............


(Unicode)





















ဆက်စပ်သတင်းများ ...

XS
SM
MD
LG