သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ပင်လယ်ထဲမျောနေတဲ့ ရိုဟင်ဂျာဒုက္ခသည်တွေ လက်ခံပေးဖို့ မလေးရှားကို ဒုက္ခသည်အဖွဲ့ တောင်းဆို


ဧပြီ ၅ ရက်နေ့တုန်းက မလေးရှားပင်လယ်ပြင်အတွင်း အဖမ်းခံရတဲ့ ရိုဟင်ဂျာ ဒုက္ခသည်များ
ဧပြီ ၅ ရက်နေ့တုန်းက မလေးရှားပင်လယ်ပြင်အတွင်း အဖမ်းခံရတဲ့ ရိုဟင်ဂျာ ဒုက္ခသည်များ

(Zawgyi/Unicode)

မလေးရှားနိုင်ငံကို အဝင်မခံပဲ ပြန်မောင်းထုတ်လိုက်လို့ ပင်လယ်ပြင်ထဲမှာ မျောနေရတဲ့ ရိုဟင်ဂျာ ဒုက္ခသည်တွေကို လူသားချင်းစာနာတဲ့ အနေနဲ့ မလေးရှားအစိုးရက ခိုလှုံခွင့် ပေးသင့်တယ်လို့ Refugees International အဖွဲ့က တောင်းဆိုလိုက်တဲ့ အကြောင်းကို ကို ဉာဏ်ဝင်းအောင် တင်ပြထားပါတယ်။

ရာဂဏန်းရှိတဲ့ ရိုဟင်ဂျာဒုက္ခသည်တွေဟာ လှေ(၃)စင်းနဲ့ ပင်လယ်ပြင်ကို ဖြတ်ပြီး မလေးရှားနိုင်ငံကို သွားရောက်ခဲ့ကြ ပေမဲ့ ၊ မလေးရှား ရေပိုင်နက်ထဲရောက်ချိန်မှာ အာဏာပိုင်တွေက သူတို့ကို အဝင်မခံပဲ တားဆီး နှင်ထုတ်လိုက်တာကြောင့် လှေပေါ် ပါသွားတဲ့ ရိုဟင်ဂျာဒုက္ခသည်တွေဟာ ပင်လယ်ပြင်ထဲမှာ အသက်အန္တရာယ်နဲ့ ရင်ဆိုင်နေရတယ်လို့ ဒုက္ခသည်အရေး ကူညီ ဆောင်ရွက်နေတဲ့ Refugees International (RI) အဖွဲ့က ပြောပါတယ်။

အခုလို ပင်လယ်ပြင်ထဲ ပိတ်မိနေချိန်မှာ လူတချို့ လှေပေါ် သေဆုံးနေရတာကြောင့် ဒီ ရိုဟင်ဂျာ ဒုက္ခသည်တွေကို မလေးရှားအစိုးရအနေနဲ့ ခိုလှုံခွင့် ပေးသင့်တယ်လို့ Refugees International က တိုက်တွန်းကြောင်း အဖွဲ့ရဲ့ ပြောခွင့်ရ ပုဂ္ဂိုလ် Mr. Daniel Sullivan က VOA ကို ပြောပါတယ်။

“ မလေးရှားအစိုးရနဲ့ ဘင်္ဂလားဒေ့ရှ် အစိုးရတွေကို ကျနော် တိုက်တွန်းချင်တာက တော့ အသက်သေဆုံးမှု အန္တရာယ် ကြုံနေရတဲ့ ဒီလူတွေကို တိုင်းပြည်ထဲ ဝင်ခွင့်ပေးပြီး ခိုလှုံခွင့် ပေးဖို့ ဖြစ်ပါတယ်။ ဒီလိုမှ မဟုတ်ပဲ တကယ့်ကို စိုးရိမ်ဖွယ် အခြေအနေနဲ့ ရင်ဆိုင်နေရသူတွေကို တိုင်းပြည်ထဲ အဝင်မခံပဲ ပြန်နှင်ထုတ်နေတာဟာ နိုင်ငံတကာ စံသတ်မှတ်ချက်တွေနဲ့ မကိုက်ညီပဲ ညှဉ်းပန်းနှိပ်စက်ရာ ရောက်ပါတယ်” လို့ RI ပြောခွင့်ရ Daniel Sullivan ပြောသွားတာပါ။

ပင်လယ်ထဲ မျောနေရတဲ့ ရိုဟင်ဂျာဒုက္ခသည်တွေကို မလေးရှားအစိုးရက နှင်ထုတ်လိုက်သလို ၊ ဘင်္ဂလားဒေ့ရှ် အစိုးရကလည်း ပြန် လက်မခံပဲ ငြင်းဆန် နေတယ်လို့ RI အဖွဲ့ရဲ့ ကြေညာချက်ထဲ မှာ ဖေါ်ပြပါတယ်။

ဒီအတောတွင်း မလေးရှားနိုင်ငံတွင်းက လူမှုကွန်ယက် မီဒီယာတွေပေါ်မှာလည်း ရိုဟင်ဂျာ ဆန့်ကျင်ရေးနဲ့ အမုန်းစကားတွေ ရေးသား ဖြန့်ဝေမှု ခုတ လော ပိုများ လာတယ်လို့ RI အဖွဲ့က ရေးပါတယ်။ ဒါ့အပြင် မလေးရှားနိုင်ငံထဲမှာ ရိုဟင်ဂျာတွေအပါအဝင် အခြားဒုက္ခသည်တွေနဲ့ ရွှေ့ပြောင်း အခြေချဖို့ ဝင်လာသူတွေကို ကန့်သတ် ချုပ်နှောင်တာတွေ လုပ်နေတယ်လို့ ဆိုပါတယ်။

မလေးရှားအာဏာပိုင်တွေက နှင်ထုတ်လိုက်တဲ့ ဒီရိုဟင်ဂျာတွေဟာ လူကုန်ကူးသူတွေကြောင့် ပင်လယ်ပြင်ခရီးကို ထွက်လာရသူတွေ ဖြစ်တယ်လို့ ဦးသိန်းစိန် အစိုးရလက်ထက် ဘူးသီးတောင်မြို့နယ် ပြည်သူ့လွှတ်တော် အမတ်ဟောင်းလည်းဖြစ် ၊ လက်ရှိ အမေရိကန် ပြည်ထောင်စုမှာ နေထိုင်ရင်း ရိုဟင်ဂျာအရေး လှုပ်ရှားနေသူဖြစ်တဲ့ ဦးရွှေမောင်က ပြောပါတယ်။

" အခု ကျနော် သတင်း ကြားရသလောက်ဆိုရင် ပင်လယ်ထဲမှာ မျောနေတဲ့ ရိုဟင်ဂျာဒုက္ခသည်တွေက ခန့်မှန်းခြေ ၂၀၀ လောက်ရှိတယ်။ အဲဒီထဲမှာ လူ(၆၀)ကျော်လောက် သေဆုံးသွားတယ်လို့ ကျနော်တို့ လေ့လာသိရှိရတယ် လွန်ခဲ့တဲ့ ၂ ရက်က ။ ဒါကလည်း ဧပြီ (၁၆) လောက်က မလေးရှားရေပိုင်နက်ထဲမှာ ဒီလူတွေ ရောက်လာတယ်၊ အဲဒါကို မလေးရှား ကမ်းမှာ အကပ်မခံပဲနဲ့ သူတို့ကို ပြန်ပြီး မောင်းထုတ်လိုက်တယ်လို့ ကျနော်တို့ သိရတယ်။ ဒါပေမဲ့ သူတို့ရဲ့ နောက်ဆုံး ကံကြမ္မာကို ကျနော်တို့ မသိရဘူး။ ဒီကနေ့ အခြေအနေမှာတော့ သေဆုံးသူ ပိုပြီးလည်း များလာနိုင်တယ်။ "

Refugees International အဖွဲ့က နောက်ဆုံး ရရှိတဲ့ သတင်းအချက် အလက် တွေအရ လှေ ပေါ် သေဆုံးတဲ့ ဒုက္ခသည် (၁၀၀)ဝန်းကျင်လောက် ရှိနေပြီလို့ RI အဖွဲ့ ပြောခွင့်ရ Daniel Sullivan က ပြောပါတယ်။

မလေးရှားနဲ့ ဘင်္ဂလားဒေ့ရှ် အစိုးရတွေကတော့ ဒီရိုဟင်ဂျာတွေကို သူတို့တိုင်းပြည်ထဲ အဝင်မခံတာ၊ ပြန် လက်မခံ ရတာတွေဟာ လက်ရှိကမ္ဘာမှာဖြစ်နေတဲ့ ကိုရိုနာဗိုင်းရပ်စ် ကပ်ရောဂါဆိုးကြောင့် ဖြစ်တယ်ဆိုပြီး အကြောင်းပြချက်ပေးတယ်လို့လည်း RI အဖွဲ့ ကြေညာချက်မှာ ပြောဆိုထားပါတယ်။

နိုင်ငံတိုင်းလိုလိုမှာ အစိုးရတွေက COVID-19 ကာလအတွင်း အိမ်ပြင်မထွက်ကြဖို့ တားမြစ် ထားချိန်မျိုးမှာ ရိုဟင်ဂျာတွေက ဘာကြောင့် ဒီပင်လယ်ခရီးကို သွားရောက်ခဲ့သလဲ ဆိုတာနဲ့ ပတ်သက်ပြီး ဦးရွှေမောင်က ခုလို သုံးသပ်ပါတယ်။

" ကျနော်တို့ ရိုဟင်ဂျာလူမျိုးတွေဟာ အခုကမ္ဘာမှာ ဖြစ်ပေါ်နေတဲ့ ကိုရိုနာဗိုင်းရပ်စ် ရောဂါအပြင် အဲဒီထက် ကြီးမားတဲ့ရောဂါတခုရှိသေးတယ် အဲဒါက ဂျီနိုဆိုက်ရောဂါပေ့ါလေ။ သူတို့က အင်တာနက်တွေ ဖြတ်တောက်ခံထားရတော့ ကိုရိုနာဗိုင်းရပ်စ်နဲ့ ပတ်သက်တဲ့ အချက်လက်တွေ ဘာမှ မသိရဘူး။ နောက်တချက်က လူမှောင်ခို သမားတွေရဲ့ စီစဉ်မှုအပေါ်မှာ သူတို့ လာရတာဆိုတော့ .. ကျနော့်အထင် ပြောရရင် သူတို့က လွန်ခဲ့တဲ့ ၂ လ ၃ လ လောက်က ထွက်လာကြတာ။ အဲဒီအချိန်မှာ ဒီကိုရိုနာဗိုင်းရပ်စ် သတင်းတွေက ဒီလောက် မဆိုးဝါး သေးဘူး။ လူမှောင်ခိုသမားတွေကလည်း သူတို့ကို ဒါတွေ မပြောပြဘူး။ သူတို့ ဒုက္ခပင်လယ် ဝေနေတဲ့လူတွေဆိုတော့ လွတ်ရာ ကျွတ်ရာ သွားချင်တာ ဒါကြောင့်မို့ သူတို့ထွက်လာတာပါ။ တမင် သိရဲ့သားနဲ့ထွက်လာတာလို့ ကျနော် မယူဆပါဘူး။ "

ရိုဟင်ဂျာဆိုတဲ့ အသုံးအနှုန်းကို မြန်မာအစိုးရက လက်မခံ ပယ်ချထားပြီး ဘင်္ဂလားဒေ့ရှ်ဘက် ထက်သွားကြတဲ့ ဒုက္ခသည်တွေ ပြန်လည်လက်ခံရေးကို ဆောင်ရွက်ခဲ့တာမျိုး ရှိပေမယ့်လည်း ပြန်လည်လက်ခံ နေရာချထား ပေးရေး လုပ်ငန်းစဉ်တွေ ခုထိ မ အောင်မြင် သေးပါဘူး။

ပြီးခဲ့တဲ့ လတုန်းကလည်း လှေစီးပြေး ထွက်သ ွားပြီးမှ ပြန်ရောက်လာတဲ့ ရိုဟင်ဂျာ(၄၀၀) လောက်ကို ဘင်္ဂလားဒေ့ရှ် အစိုးရက ပြန်လည်လက်ခံပြီး Quarantine လုပ်ခဲ့ပေမဲ့ သူတို့အားလုံးဆီမှာ ကိုရိုနာဗိုင်းရပ် မရှိခဲ့ဘူးလို့ Refugees International ရဲ့ ကြေညာချက်မှာ ဖေါ်ပြထားပါတယ်။

တိုက်ရိုက် လင့်ခ်

.............


(Unicode)















XS
SM
MD
LG