သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကုလလူ့အခွင့်ကိုယ်စားလှယ်သစ်အပေါ် နိုင်ငံတကာလူ့အခွင့်အရေးအဖွဲ့တွေရဲ့ သဘောထား


မြန်မာနိုင်ငံ လူ့အခွင့်အရေးအခြေအနေဆိုင်ရာ ကုလသမဂ္ဂအထူးကိုယ်စားလှယ်၊ အမေရိကန်လွှတ်တော်အမတ်ဟောင်း Thomas H. Andrews (ဓာတ်ပုံ - UNHCR's Screen Shot)
မြန်မာနိုင်ငံ လူ့အခွင့်အရေးအခြေအနေဆိုင်ရာ ကုလသမဂ္ဂအထူးကိုယ်စားလှယ်၊ အမေရိကန်လွှတ်တော်အမတ်ဟောင်း Thomas H. Andrews (ဓာတ်ပုံ - UNHCR's Screen Shot)

(Zawgyi/Unicode)

မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂလူ့အခွင့်အရေး အထူးကိုယ်စားလှယ်သစ် Thomas Andrews ရဲ့ ပထမဆုံးအကြိမ် အစီရင်ခံတင်ပြချက်ကို ကြည့်ခြင်းအားဖြင့် မြန်မာ့အရေးကျွမ်းကျင်သူတဦးအနေနဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေကို ထိထိရောက်ရောက် စုံစမ်းတင်ပြနိုင်လိမ့်မယ်လို့နိုင်ငံတကာ လူ့အခွင့်အရေးအဖွဲ့တွေ့ မျှော်လင့်နေကြပါတယ်။

လူ့အခွင့်အရေးကောင်စီမှာ မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂလူ့အခွင့်အရေး အထူးကိုယ်စားလှယ် အသစ် Thomas Andrews ရဲ့ ပထမဆုံးအကြိမ် အစီရင်တင်ပြခဲ့တဲ့အပေါ် နိုင်ငံတကာ လူ့အခွင့်အရေးအဖွဲ့တွေရဲ့ တုံ့ပြန်ချက်တွေကို မအင်ကြင်းနိုင်က စုစည်း တင်ပြထားပါတယ်။

အထူးကိုယ်စားလှယ်သစ် Thomas Andrews ရဲ့ ပထမအကြိမ် အစီရင်ခံတင်ပြချက်ကို ကြိုဆိုလိုက်တဲ့ AI နိုင်ငံတကာလွတ်ငြိမ်းချမ်းသာခွင့် အဖွဲ့ကြီးကတော့ မြန်မာနိုင်ငံမှာ ပြင်းထန်လှတဲ့ နိုင်ငံတကာဥပဒေချိုးဖောက်မှုတွေကနေ ပြစ်ဒဏ်ကင်းလွတ်ခွင့်ရနေတဲ့ အခြေအနေကို ဘယ်လို အဆုံးသတ်အောင် လုပ်နိုင်မလဲလို့AI ကိုယ်စားလှယ် Mr. Joseph Freeman က လူ့အခွင့်အရေးကောင်စီ ညီလာခံမှာ ဗွီဒီယို ကွန်ဖရင့် ကနေ အခုလို မေးခွန်းထုတ်သွားပါတယ်။

"Mr Andrews ခင်ဗျား မြန်မာနိုင်ငံမှာ ဖြစ်နေတဲ့ လူနည်းစုတွေအပေါ် နှိပ်စက်ညှဉ်းပန်းမှုတွေကို အကာအကွယ်ပေးရေးနဲ့ ပြစ်ဒဏ်ကနေ ကင်းလွတ်ခွင့်ရနေတဲ့ သံသရာကြီးကို ရပ်တန့်ဖို့နိုင်ငံတကာ အသိုင်းအဝိုင်းအနေနဲ့ နောက်ထပ် ခိုင်မာတဲ့ အရေးဆောင်ရွက်မှုမျိုး ဘာလုပ်ပေးနိုင်သလဲ။"

ဆွစ်ဇာလန်နိုင်ငံ ဂျီနီဗာမှာ ကျင်းပနေတဲ့ ၄၄ ကြိမ်မြောက် လူ့အခွင့်အရေးကောင်စီ ပုံမှန် အစည်းအဝေးမှာ မြန်မာနိုင်ငံက လူ့အခွင့်အရေးအခြေအနေနဲ့ ပတ်သက်လို့ ဇူလိုင်လ ၁၃၊ ၁၄ ရက် နှစ်ရက်တာ ဆွေးနွေးခဲ့ကြရာမှာ နောက်ဆုံးနေ့မှာ AI အဖွဲ့ အပါအဝင် အစိုးရမဟုတ်တဲ့ NGO အဖွဲ့ ၉ဖွဲ့ကနေ ဆွေးနွေးတင်ပြခွင့်ရခဲ့တာပါ။

ရခိုင်နဲ့ ချင်းပြည်နယ်မှာ ဖြစ်နေတဲ့ တိုက်ပွဲတွေမှာ ကလေးသူငယ်တွေ အကြမ်းဖက်ခံရမှုနှုန်း ခြောက်ဆလောက် ပိုများလာကြောင်း ပြီးခဲ့တဲ့လက အစီရင်ခံစာ ထုတ်ပြန်ခဲ့တဲ့ Save the Children အဖွဲ့က Ms. Diarra Diop ကလည်း မြန်မာနိုင်ငံမှာ လူ့အခွင့်အရေးအခြေအနေတွေ တိုးတက်လာဖို့ ဘက်ပေါင်းစုံကနေ အရေးယူဆောင်ရွက်ဖို့ အခုလို တိုက်တွန်းသွားပါတယ်။

" မြန်မာနိုင်ငံရဲ့ အနာဂတ်မှာ နောက်ထပ် ချိုးဖောက်မှုတွေ တားဆီးနိုင်ဖို့ လူ့အခွင့်အရေး ကောင်စီ၊လုံခြုံရေးကောင်စီ စတဲ့ နိုင်ငံတကာ ယန္တရားတွေအပါအဝင် နိုင်ငံတကာ ခုံရုံးတွေကနေ ဘက်ပေါင်းစုံ လုပ်ထုံးလုပ်နည်းတွေနဲ့အညီ ပြတ်ပြတ်သားသား အရေးယူသင့်ပါတယ်။ ဒါအပြင် ကလေးသူငယ်တွေအပေါ် ပြင်းထန်၊ ဆိုးရွားတဲ့ ပြစ်မှုကျူးလွန်မှုတွေကို စုံစမ်းစစ်ဆေးတင်ပြနေတဲ့ ကုလသမဂ္ဂအတွင်းရေးမှူးချုပ်ရဲ့ နှစ်စဉ် အစီရင်ခံစာ အပါအဝင် နိုင်ငံတကာ အစီရင်ခံစာတွေကို မဖြစ်မနေ အကာအကွယ်ပေးပါ။"

မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် အသစ်ဖြစ်လာတဲ့ Thomas Andrews ကလည်း မြန်မာနိုင်ငံမှာ ပြစ်မှုကျူးလွန်သူတွေကို အရေးယူနိုင်ရေး၊ တာဝန်ခံမှု၊ တာဝန်ယူမှု ရှိလာစေရေး အလွန်အင်မတန် လိုအပ်နေကြောင်း တုံ့ပြန်ပြောဆိုခဲ့သလို ဒါနဲ့ ပတ်သက်လို့လည်း သူ့အနေနဲ့ အဓိက စောင့်ကြည့် အစီရင်ခံမယ့် အချက် (၇)ချက်မှာ ပါဝင်ကြောင်း ပြောဆိုခဲ့ပါတယ်။

၁၉၉၁- ၁၉၉၅ ခုနှစ်အမေရိကန်ပြည်ထောင်စု Maine ပြည်နယ်ရဲ့ အောက်လွှတ်တော်အမတ်ဖြစ်ခဲ့သူ Thomas Andrews ဟာ မြန်မာ့ဒီမိုကရေစီရေးလှုပ်ရှားမှုမှာ ထဲထဲဝင်ဝင်ကူညီခဲ့သူဖြစ်ပါတယ်။ ဒါကြောင့် အခုလို လူ့အခွင့်အရေး အထူးကိုယ်စားလှယ် တဦးအနေနဲ့ မူရပ်တည်ချက်အပေါ်မှာ သူ့ရဲ့မြန်မာ့အရေး ကျွမ်းကျင်နားလည်မှုနဲ့ ကိုင်တွယ်နိုင်မယ့်သူ အကောင်းဆုံးအနေအထားမှာ ရှိနေတယ်လို့ ဗြိတိန်အခြေစိုက် မြန်မာ့လူ့အခွင့်အရေး လှုပ်ရှားမှုကွန်ယက် BHRN အမှုဆောင်ညွန်ကြားရေးမှူး ဦးကျော်ဝင်းက ဗွီအိုအေကို ပြောပါတယ်။

" သူဟာ ဝါရင့်နိုင်ငံရေးသမားတယောက်လို့ ပြောရင်လည်း မမှားဘူး။ နောက် မြန်မာ့အရေးကို တော်တော်လေး အနီးကပ် ချဉ်းကပ်လုပ်ဆောင်ခဲ့သူတယောက်လည်း ဖြစ်တယ်။ အဲဒါကို သုံးသပ်ကြည့်ရင် မြန်မာ့အရေးကို တော်တော်လေး နားလည်သူတဦးဖြစ်တယ်ဆိုတာ သေချာတယ်။ လူ့အခွင့်အရေး ကိစ္စကျတော့ နိုင်ငံရေးအရ ချဉ်းကပ်တာထက် ကျနော်တို့ မြင်တာကတော့ လူ့အခွင့်အရေးမူနဲ့ ချဉ်းကပ်တာမျိုးဖြစ်သင့်တယ်။ အဲဒါကို သူလည်း ကောင်းကောင်းနားလည် သဘောပေါက်တဲ့သူ တယောက်ဆိုတာတော့ မလွယ်မသွေပြောလို့ရတယ်။ ကျနော်တို့ကတော့ သူ့အပေါ် အားရ ကျေနပ်မှုရှိပါတယ်။"

မေး။ ။ သူ့အရင် တာဝန်ထမ်းဆောင်ခဲ့တဲ့ ပါမောက္ခ Yanghee Lee နဲ့ ရော ဘယ်လို ကွာခြားချက်တွေရှိနိုင်မလဲ။

ဖြေ။ ။ လက်ရှိ Thomas Andrew အနေနဲ့ လုပ်ပိုင်ခွင့်ရှိတဲ့ဘောင်အတွင်းက ယန်ဟီလီ တုန်းက လုပ်ခဲ့သလို၊ ယန်ဟီလီ တုန်းကလည်း သူပြောခဲ့တဲ့စကားတွေကလည်း လူ့အခွင့်အရေးသမားတဦး အနေနဲ့ ပြောကို ပြောသင့်တဲ့စကားတွေကို ပညာရှင် အနေနဲ့ ပြောသွားတာပါ။ ပြောင်မြောက်စွာ သူရဲ့ တာဝန်ကို ထမ်းဆောင်ခဲ့တဲ့အတွက် ကျနော်တို့တော်တော်လေး သူ့ကိုဂုဏ်ပြုပါတယ်။ ကျနော် မြင်တာကတော့ Thomas Andrews လည်း ဒါမျိုးပဲ ဖြစ်လိမ့်မယ်ထင်တယ်။ ဘာကြောင့်လည်း ဆိုတော့ သူ့ရဲ့နောက်ခံသမိုင်းကြောင်းကို ပြန်ကြည့်မယ်ဆိုရင် မြန်မာပြည်နဲ့ ထိတွေ့မှု တော်တော်လေး နက်ရှိုင်းတယ်။ အမေရိကန် ကွန်ဂရက်မှာလည်း မြန်မာပြည်နဲ့ ပတ်သက်လို့ တော်တော်လေး အလုပ်လုပ်လာသူဖြစ်တယ်။ တချို့နေရာတွေမှာ ယန်ဟီလီထက်ကို ပိုထိရောက်လိမ်မယ်လို့ ကျနော်ထင်တယ် တချို့အချက်တွေမှာပေါ့နော်။”

Thomas Andrews ဟာ “The Nobel Peace Laureate Campaign for Aung San Suu Kyi and the People of Burma” နိုဘယ်ငြိမ်းရေးဆုရှင်များရဲ့ ဒေါ်အောင်ဆန်းစုကြည်နဲ့ မြန်မာပြည်သူများအရေး စုပေါင်းလှုပ်ရှားမှုအဖွဲ့မှာ ၂၀၀၁ ခုနှစ်က အထွေထွေအတွင်းရေးမှူးအဖြစ် ဆောင်ရွက်ခဲ့သလို၊ အဝေးရောက်ညွှန့်ပေါင်းအစိုးရ NCGUB နဲ့ Euro-Burma Network ကွန်ယက်အဖွဲ့တွေအတွက် အကြံပေးပုဂ္ဂိုလ်အဖြစ် ဆောင်ရွက်ခဲ့ပါတယ်။

လူ့အခွင့်အရေး အထူးကိုယ်စားလှယ်တာဝန် မထမ်းဆောင်ခင်သူဟာ Andrews Strategic Services ဆိုတဲ့ ဝါရှင်တန်မြို့တော်အခြေစိုက် အတိုင်ပင်ခံလုပ်ငန်းမှာ အကြီးအကဲအဖြစ် ဆောင်ရွက်ခဲ့ပါတယ်။ ဒါအပြင် ဖွံ့ဖြိုးဆဲနိုင်ငံတွေမှာ ဒီမိုကရေစီစနစ် ခိုင်မာအားကောင်းစေရေး ဆောင်ရွက်တဲ့ National Democratic Institute (NDI) အဖွဲ့အစည်းအတွက် Cambodia, Indonesia, Algeria, Croatia, Serbia, Ukraine နဲ့ Yemen နိုင်ငံတို့အပါအဝင် နိုင်ငံတော်တော်များများက လွှတ်တော်အမတ်တွေ၊ NGO တွေ၊ နိုင်ငံရေးပါတီတွေနဲ့ အလုပ်လုပ်ကိုင်ခဲ့ဖူးတယ်လို့ ကုလသမဂ္ဂထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

တိုက်ရိုက် လင့်ခ်


..............


(Unicode)















ဆက်စပ်သတင်းများ ...

XS
SM
MD
LG