သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကုလအထွေထွေညီလာခံ အတိုင်ပင်ခံ တက်ရောက်မည်မဟုတ်


အခုစက်တင်ဘာ ၁၈ရက်မှာ ကျင်းပမယ့် (၇၃)ကြိမ်မြောက် ကုလသမဂ္ဂ အထွေထွေညီလာခံ ကိုဒေါ်အောင်ဆန်းစုကြည် တက်ရောက်မှာ မဟုတ်ဘဲ အတိုင်ပင်ခံရုံးနဲ့ အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး ဝန်ကြီးဌာနက ကိုယ်စားလှယ်အဖွဲ့ကပဲ တက်ရောက်သွားမှာ ဖြစ်ပါတယ်။ ဒီညီလာခံမှာ မြန်မာနိုင်ငံအနေနဲ့ ရခိုင်အရေးကိစ္စကိုလည်း ကုလအဖွဲ့အစည်းတွေနဲ့ ပူးပေါင်းဆောင်ရွက်နေတဲ့ အခြေအနေ ကိုလည်း ကိုယ်စားလှယ်အဖွဲ့က တင်ပြသွားမယ်လို့ဆိုပါတယ်။ ဒီအကြောင်း ဗွီအိုအေ မြန်မာပိုင်းသတင်းထောက် ကိုဇော်ထက် တင်ပြပေးထားပါတယ်။

အမေရိကန် New York မှာကျင်းပမယ့် ကုလသမဂ္ဂရဲ့ (၇၃)ကြိမ်မြောက် အထွေထွေညီလာခံကို နိုင်ငံတော်အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည် တက်ရောက်မှာ မဟုတ်ဘဲ အတိုင်ပင်ခံရုံးဝန်ကြီး ဦးကျော်တင့်ဆွေနဲ့၊ အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး ဝန်ကြီး ဦးကျော်တင်ပါတဲ့ ကိုယ်စားလှယ် အဖွဲ့ပဲတက်ရောက်မှာဖြစ်ပါတယ်။

ဒီ (၇၃)ကြိမ်မြောက် ကုလသမဂ္ဂအထွေထွေညီလာခံက ကျန်းမာရေးနဲ့ပတ်သတ်ပြီး အပြန်အလှန်ဆွေးနွေးပွဲတွေ၊ အာဆီယံနိုင်ငံခြားရေး ဝန်ကြီးများသီးသန့်အစည်းအဝေး၊ အာဆီယံ-အမေရိကန် နိုင်ငံခြားရေးဝန်ကြီး အစည်းအဝေး၊ အာစီယံနဲ့ ဒေသဆိုင်ရာ အဖွဲ့အစည်းတွေရဲ့ တွေ့ဆုံပွဲတွေကိုလည်း ဝန်ကြီးဦးကျော်တင့်ဆွေတို့ ကိုယ်စားလှယ်အဖွဲ့ကတက်ရောက်လိမ့်မယ်လို့ နိုင်ငံခြားရေးဝန်ကြီးဌာန အမြဲတမ်း အတွင်းဝန် ဦးမြင့်သူကပြောပါတယ်။

“ ပုံမှန်အားဖြင့်တော့ ကျွန်တော်တို့ နိုင်ငံခြားရေးဝန်ကြီးဌာနက ပြည်ထောင်စုဝန်ကြီးအဆင့်နဲ့ပဲတက်တာပါ။ State Counselor အနေနဲ့ ကျတော့ ဒါ special high level ကိုသူသွားတာပါ။ ကျွန်တော်တို့ကတော့ လတ်တလောဖြစ်နေတဲ့အနေအထားလေးတွေ ကျွန်တော်တို့ ရှင်းပြသွားပါမယ်။ တစ်ချိန်တည်းမှာပဲ ကျွန်တော်တို့ နယူးယောက်တင်မဟုတ် ဂျနီဗာမှာလည်း လူ့အခွင့်အရေးကောင်စီမှာ ကျွန်တော်တို့ ဒီလတ်တလေယဖြစ်နေတဲ့ အနေအထားတွေ ကျွန်တော်တို့အစိုးရဆောင်ရွက်နေတဲ့အနေအထားတွေ ရှင်းပြသွားပါမယ်။ နောက်တစ်ခုက ကျွန်တော်တို့နဲ့ ခင်မင်ရင်းနှီးတဲ့ မိတ်ဆွေနိုင်ငံတွေနဲ့ ကျွန်တော်တို့ ပူးပေါင်းဆောင်ရွက်သွားမှာပါ။”

ရခိုင်အရေးကိစ္စကိုလည်း ဒီညီလာခံမှာ ထည့်သွင်းဆွေးနွေးတာ၊ တင်ပြတာတွေရှိလာနိုင်တဲ့အတွက် နိုင်ငံတော်အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ ကိုယ်တိုင်တက်ရောက်ပြီး သံတမန်နည်းလမ်းအရ ဖြေရှင်းဆောင်ရွက်သင့်တယ်လို့ နိုင်ငံရေးသုံးသပ်သူ တချို့က ဝေဖန်ထောက်ပြကြပါတယ်။ နိုင်ငံရေးလေ့လာသူတစ်ဦးဖြစ်တဲ့ ဒေါက်တာရန်မျိုးသိမ်းကတော့

“ ရခိုင်အရေးနဲ့ပတ်သတ်ပြီးတော့ နိုင်ငံတကာ အသိုင်းအဝန်းကြားမှာ စိန်ခေါ်မှုတွေ၊ အကျပ်အတည်းတွေ မြင့်တက်နေတယ်ဆိုတာ ကတော့ ဒါ ငြင်းမရတဲ့အနေအထားပဲ အဲဒီအခါကျတော့ အဲဒီလိုနော် မြင့်တက်နေတဲ့ အခြေအနေကို ထိန်းညှိနှိုင်ဖို့လိုအပ်တယ်။ လျော့ကျ နိုင်အောင်ဆောင်ရွက်နေဖို့လိုအပ်တယ်။ ထိထိရောက်ရောက်နဲ့ ကျယ်ကျယ်ပြန့်ပြန့်နဲ့ မဟာဗျူဟာမြောက်ချဉ်းကပ်ဆောက်ရွက်ဖို့လိုအပ် တယ်။ အဲဒီလိုဆောင်ရွက်တဲ့အပိုင်းကို နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင် ကြပ်မတ်ဦးဆောင်ပြီးတော့ ဆောင်ရွက်နိုင်ဖို့ အရေးတယ်လို့ မြင်ပါတယ်ဗျား။ အထူးသဖြင့် နိုင်ငံတကာကဖိအားတွေ၊ အကျပ်အတည်းတွေ မြင့်တက်လာလေလေ ကိုယ့်ဘက်ကလည်း ကုလသမဂ္ဂအပါအဝင် အထူးသဖြင့်မိတ်ဆွေနိုင်ငံတွေနဲ့ ထိတွေ့ဆက်ဆံမှုကို ချဲ့ထွင်ဖို့ လိုအပ်လေလေလို့ အဲဒီလို မြင်ပါတယ်။”

(၇၁) ကြိမ်မြောက် ကုလသမဂ္ဂအထွေထွေညီလာခံကို နိုင်ငံတော်အတိုင်ပင်ခံ တက်ရောက်ခဲ့ပြီး မနှစ်ကကျင်းပတဲ့ (၇၂) ကြိမ်မြောက် ညီလာခံကိုတော့ ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူပဲ တက်ရောက်ခဲ့ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG