သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

နယ်စပ်ကဝင်တဲ့ ဈေးနိမ့်လက်ဖက်တွေကြောင့် ပြည်တွင်းလက်ဖက်ဈေးကွက်ထိခိုက်


 တရုတ်နိုင်ငံအလယ်ပိုင်း ကျန်းရှီခရိုင်ထဲက လက်ဖက်ခင်း။ (ဧပြီ ၃၊ ၂၀၂၄)
တရုတ်နိုင်ငံအလယ်ပိုင်း ကျန်းရှီခရိုင်ထဲက လက်ဖက်ခင်း။ (ဧပြီ ၃၊ ၂၀၂၄)

တရုတ်နယ်စပ်ကနေဝင်လာတဲ့ စျေးသက်သာတဲ့လက်ဖက်ခြောက်အတုနဲ့ အရည်အသွေးမမီတဲ့ လက်ဖက်တွေကြောင့် ပြည်တွင်းလက်ဖက်စျေးကွက်ကို အတော်လေးထိခိုက်လာတယ်လို့ လက်ဖက်စိုက်တောင်သူတွေက ပြောပါတယ်။ ဒီအကြောင်း ရန်ကုန်က သတင်းပေးပို့ချက်ကို ကိုဇော်မိုးကျော်က တင်ပြပေးထားပါတယ်။

ပြည်တွင်းလက်ဖက်စျေးထက် တဝက်လောက်သက်သာတဲ့ တရုတ်နယ်စပ်ကဝင်တဲ့ လက်ဖက်အတုတွေကြောင့် ရှမ်းမြောက်က လက်ဖက်စိုက်တောင်သူတွေ အပါအဝင် တခြားဒေသက လက်ဖက်စျေးကွက်ကိုထိခိုက်လာတယ်လို့ တောင်သူတွေက ပြောပါတယ်။ စျေးယှဉ်ပြိုင်မရောင်းနိုင်တာကြောင့် လက်ဖက်ကို အဓိကထားပြီး ရောင်းဝယ်၊ ဖောက်ကားနေသူတွေရဲ့ ဝင်ငွေနဲ့စားဝတ်နေရေးကို အဓိက ရိုက်ခတ်လာတာပါ။

တရုတ်က လက်ဖက်အတုလုပ်တာမှာ တောလက်ဖက်လို့ခေါ်တဲ့ လက်ဖက်အရိုင်းတွေကို သုံးတာရှိသလို အမျိုးအမည်မသိရတဲ့ အရွက်တမျိုးကို လက်ဖက်အစစ်နဲ့ရောပြီး ထုတ်လုပ်ကြတာလို့ လက်ဖက်စျေးကွက်ကို လေ့လာခဲ့သူတဦးက ဗွီအိုအေကို ပြောပါတယ်။ စျေးနှုန်းကလည်း ထက်ဝက်လောက်ကွာတဲ့အတွက် ဒီစျေးကွက်ကို မယှဉ်ပြိုင်နိုင်ကြောင်း သူကပြောပါတယ်။

"ဒီစျေးကွက်ကို ကျနော်တို့က မတိုးနိုင်တော့တဲ့အခါမှာ ရောင်းဝယ်ဖောက်ကားမှု လုံးဝလုပ်လို့ မရတော့ဘူး။ တောင်သူတွေမှာက သူတို့ရတဲ့စျေးနဲ့ပဲ ၁၀၀ ပဲရရ၊ ၂၀၀ ပဲရရ နောက်ဆုံး ရောင်းလိုက်ရတဲ့အနေအထားရှိတယ်။ ဆိုတော့ တရုတ်ကဘာကြောင့် အဲလိုလုပ်လဲဆိုတော့ သူတို့က ဆိုးဆေးတွေ၊ ဓာတုဆေးဝါးတွေ သုံးပြီးတော့ အရောင်ကိုတင်ပစ်လိုက်တာပေါ့။ လက်ဖက်က ကျနော်တို့ကနပ်နေမှ မြန်မာပြည်ကလူတွေ ကြိုက်ကြတဲ့ အနေအထားမှာရှိတယ်ပေါ့နော်။ တရုတ်က အဲဒါကို ဆေးတင်ပစ်လိုက်တယ်။ သိတဲ့သူတွေကတော့ ဒါကို လက်ဖက်အတုမှန်းတော့ လူတိုင်းသိတယ်။ ဒါပေမဲ့ တရုတ်စျေးကွက်က ပိုပြီးဖောက်နိုင်တယ်။ စျေးပေါလို့ပေါ့နော်။ နောက်တခုက အမြင်လှတယ်ပေါ့နော်။"

လက်ဖက်အစစ်နဲ့ ခွဲလို့မရအောင် အနံ့၊ အရသာ ချွတ်စွပ်တူနေတဲ့ ဒီလက်ဖက်ခြောက်အတုတွေကို ထိန်းချုပ်နိုင်ဖို့ လက်ဖက်စိုက်တောင်သူတွေက ကြိုးစားနေပေမဲ့ အခုဆိုရင် ဒီလက်ဖက်ခြောက်အတုတွေက ပြည်တွင်းစျေးကွက် တခုလုံးကို လွမ်းမိုးလာပါတယ်။ ပြည်တွင်းမှာပဲ အိတ်ပိတ်ပြီး နာမည်မျိုးစုံနဲ့ တံဆိပ်ကပ် ရောင်းချကြတာပါ။

ကိုဗစ်မတိုင်ခင်က ကျပ်ငွေမဖောင်းပွသေးတဲ့အတွက် လက်ဖက်စိုက်တောင်သူတွေ စျေးကောင်းရခဲ့ပါတယ်။ အာဏာသိမ်းပြီးကာလမှာလည်း ကုန်သည်ပွဲစားတွေက စျေးနှိမ်ဝယ်ယူခဲ့ကြပါတယ်။ ရှမ်းမြောက်က ၁၀၂၇ စစ်ဆင်ရေးအပြီးမှတော့ တအောင်းလက်နက်ကိုင် TNLA က တောင်သူတွေမနစ်နာအောင် လက်ဖက်စျေးကွက်ကို ထိန်းချုပ်ပြီး လက်ဖက်ရွက်စိမ်းရဲ့ အခြေခံစျေးနှုန်းကို သတ်မှတ်ခဲ့ပါတယ်။

ဒါပေမဲ့ ရန်ကုန်၊ မန္တလေးလို မြို့ကြီးတွေအထိ ဝင်လာနေတဲ့ တရုတ်လက်ဖက်အတုတွေကို ထိန်းချုပ်နိုင်ဖို့ကတော့ လက်လှမ်းမမီသေးကြောင်း လက်ဖက်စိုက်သူတွေက ပြောပါတယ်။

စျေးပေါတဲ့လက်ဖက်တွေက တရုတ်အပြင် တခြားအိမ်နီးချင်းနိုင်ငံကလည်း ပြည်တွင်းကို ဝင်နေကြောင်း ပလောင်လက်ဖက် စိုက်ပျိုးထုတ်လုပ် ရောင်းချသူများအသင်းရဲ့ အထွေထွေအတွင်းရေးမှူး ဦးသိန်းထွေးက ပြောပါတယ်။ ဒါတွေကို အခွန်ကောက်ပြီး စျေးကွက်ကို ထိန်းသင့်ကြောင်း သူက ဗွီအိုအေကို ပြောပါတယ်။

"နိုင်ငံခြားကတဆင့် ကင်ညာတို့၊ ဗီယက်နမ်တို့၊ တရုတ်ပြည်တို့ သွင်းတဲ့အုပ်စုတွေ ရှိတယ်လို့ သိရတယ်၊ အဲဒါတော့ ကျနော်တို့ကတော့ မလိုအပ်ရင် မသွင်းစေချင်ဘူးပေါ့ဗျာ။ ကျနော်တို့အမြင်အရ ပိုပြီးတော့မှ အခွန်ကောက်ပေးပါပေါ့နော်။ ဒါမှပဲ အခွန်အတုပ်လည်းရမယ်၊ များများကောက်မှပဲ သူတို့ တောင်သူတွေကလည်း ဒီဘက်က ယှဉ်ပြိုင်နိုင်စွမ်း ရှိမှာပေါ့လေနော၊ ဘယ်နိုင်ငံမဆိုပေါ့ဗျာ။"

ရှမ်းမြောက်ဒေသမှာ ဆန်တအိတ်ကို ကျပ်တသိန်းလောက် ပေးဝယ်နေရလို့ လက်ဖက်ခူးသူတွေလည်း ပြည်ပထွက်အလုပ်ရှာလာကြပါတယ်။ လုပ်သားရှားလာတဲ့အတွက် လက်ဖက်အထွက်နည်းပြီး တောင်သူတွေအဖို့ အထွေထွေ ကုန်စျေးနှုန်းကို လိုက်မမီတဲ့အခြေအနေ ဆိုက်လာကြတာပါ။

တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG