သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အွန်လိုင်းငွေလိမ်ဂိုဏ်းတွေ နှိမ်နင်းရေး ထိုင်းနဲ့မြန်မာ ဆွေးနွေး


ထိုင်း ဘုရင့်ကြည်းတပ်ဦးစီးချုပ်ရုံး ဗိုလ်ချုပ်ကြီး Direk Bongkarn (ဒီရစ်ဘွန်ကန်) နဲ့ စစ်ကောင်စီ ဒုတိယတပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းတို့ နေပြည်တော်ရှိ ဘုရင့်နောင်ရိပ်သာဧည့်ခန်းမဆောင်မှာ တွေ့ဆုံနေကြစဉ် (ဇန်နဝါရီ ၂၁၊ ၂၀၂၅)
ထိုင်း ဘုရင့်ကြည်းတပ်ဦးစီးချုပ်ရုံး ဗိုလ်ချုပ်ကြီး Direk Bongkarn (ဒီရစ်ဘွန်ကန်) နဲ့ စစ်ကောင်စီ ဒုတိယတပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းတို့ နေပြည်တော်ရှိ ဘုရင့်နောင်ရိပ်သာဧည့်ခန်းမဆောင်မှာ တွေ့ဆုံနေကြစဉ် (ဇန်နဝါရီ ၂၁၊ ၂၀၂၅)

မြန်မာနိုင်ငံ နယ်စပ်မှာ အခြေစိုက် လှုပ်ရှားနေတဲ့ အွန်လိုင်းငွေလိမ် လုပ်ငန်းတွေနဲ့ လူကုန်ကူးမှုတွေကို တိုက်ဖျက်ရေး ထိုင်းနဲ့မြန်မာ တာဝန်ရှိသူတွေဒီရက်ပိုင်းမှာ ခပ်စိပ်စိပ် တွေ့ဆုံဆွေးနွေးနေပါတယ်။ တရုတ်နိုင်ငံသား အများစု အပါအဝင် လူကုန်ကူးခံရမှုတွေ၊ အွန်လိုင်းငွေကြေးလိမ်လည်တဲ့ ဂိုဏ်းတွေမှာ အဓမ္မခိုင်းခံနေရတဲ့ ကိစ္စတွေကို ဖြေရှင်းဖို့ တရုတ်နိုင်ငံ ဖိအားပေးလာချိန်မှာ ထိုင်းနိုင်ငံက နယ်စပ်ဒေသ လုံခြုံရေးကို တိုးမြှင့်စစ်ဆေးနေပါတယ်။ နယ်စပ်လုံခြုံရေး တိုးမြှင့်မှုကြောင့် မြန်မာနိုင်ငံသားတွေ အသွားအလာ သတိထားဖို့ တိုက်တွန်းတာတွေလည်း ရှိနေတဲ့အကြောင်း ရန်ကုန်က သတင်းပေးပို့ထားပါတယ်။

ကရင်ပြည်နယ်၊ မြဝတီမြို့က ကျားဖြန့်လို့ခေါ်တဲ့ ငွေလိမ်ဂိုဏ်းတွေကို ပပျောက်အောင် ပူးပေါင်းဆောင်ရွက်ဖို့ ထိုင်းနဲ့ မြန်မာနှစ်နိုင်ငံ အရာရှိတွေ ဒီရက်ပိုင်းမှာ ဆက်တိုက် တွေ့ဆုံဆွေးနွေးနေကြပါတယ်။ ထိုင်း ဘုရင့်ကြည်းတပ်ဦးစီးချုပ်ရုံး ဗိုလ်ချုပ်ကြီး Direk Bongkarn (ဒီရစ်ဘွန်ကန်) နဲ့ စစ်ကောင်စီ ဒုတိယတပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းတို့ နေပြည်တော်မှာ ဇန်နဝါရီလ ၂၁ ရက်က တွေ့ဆုံးဆွေးနွေးတဲ့အချိန်မှာလည်း ဒီကိစ္စကို အဓိက အကြောင်းအရာတခုအဖြစ် ထည့်သွင်း ဆွေးနွေးကြပါတယ်။ အွန်လိုင်းငွေကြေး လိမ်လည်မှုတိုက်ဖျက်ရေးကိစ္စကိုပဲ ထိုင်းနိုင်ငံ ဘန်ကောက်မြို့မှာ ပြီးခဲ့တဲ့ သောကြာနေ့ကလုပ်တဲ့ အာဆီယံ ဒစ်ဂျစ်တယ်ဝန်ကြီးများ အစည်းအဝေးမှာလည်း နှစ်ဘက် ဆွေးနွေးခဲ့ကြပြီး စစ်ကောင်စီ ပို့ဆောင်ဆက်သွယ်ရေးဝန်ကြီး ဗိုလ်ချုပ်ကြီး မြထွန်းဦး တက်ရောက်ပါတယ်။

တရုတ်နိုင်ငံ Kunming မြို့မှာ မနေ့က ထိုင်း၊ မြန်မာ၊ တရုတ်၊ လာအို၊ ကမ္ဘောဒီးယားနဲ့ ဗီယက်နမ်နိုင်ငံတွေက အရာရှိတွေ တွေ့ဆုံတဲ့အချိန်မှာလည်း အွန်လိုင်း ငွေကြေးလိမ်လည်တဲ့ ရာဇဝတ်ဂိုဏ်းတွေ နှိမ်နှင်းရေးကို ဆွေးနွေးကြပါတယ်။ တရုတ်နိုင်ငံဘက်က ဖိအားပေးနေတဲ့ ဒီကိစ္စကို အလေးအနက် ထားရမယ်ဆိုတာ ထိုင်း ရော မြန်မာနှစ်နိုင်ငံစလုံးက အရာရှိတွေ နားလည်ထားတယ်လို့ လေ့လာ သုံးသပ်သူတွေက ရှု့မြင်ပါတယ်။ မြန်မာ စစ်ကောင်စီကတော့ အွန်လိုင်းရာဇဝတ်မှုနဲ့ လူ ၅၀,၀၀၀ ကျော်ကို တရုတ်ပြည် ပြန်ပို့ပေးခဲ့တယ်လို့ မနေ့က ချက်ခြင်း သတင်းထုတ်ပြန်ခဲ့တာပါ။ ထိုင်းအာဏာပိုင်တွေနဲ့ လူကုန်ကူးမှုကို ပူးပေါင်းဆောင်ရွက်နေသူ တဦးကတော့ ထိုင်းနိုင်ငံအနေနဲ့ ထိထိရောက်ရောက်လုပ်မယ်ဆိုရင် မြန်မာနယ်စပ်က အွန်လိုင်းငွေကြေးလိမ်လည်တဲ့ လုပ်ငန်းတွေကို ထိန်းချုပ်နိုင်မယ်လို့ မြင်တဲ့ကြောင်း ဗွီအိုအေကို ပြောပါတယ်။

"အဓိကတော့ (ထိုင်း) လူကုန်ကူးမှု တိုက်ဖျက်ရေးက သူတို့က သိနှင့်ပြီးသားဟာကို။ ဥပမာ အဓိက မီးတို့၊ ရေတို့၊ ဆေးတို့၊ စားစရာ အကုန် လုံခြုံရေးအစ ထိုင်းကလုပ်ပေး လက်ခံထားတာကိုး။ ရွှေကုက္ကိုလ်ကိစ္စ ထိုင်းက လက်ခံထားတဲ့အခါကြတော့ သူတို့ကိုယ်တိုင် လုပ်ရင် လုပ်လို့ရတဲ့ဟာပဲလေ။ ကျနော်တို့က အစိုးရတွေနဲ့ အစည်းအဝေး လုပ်တဲ့အခါကြ တချို့ဟာတွေ ပြောလို့အဆင်မပြေလို့ မပြောတာဘဲရှိတာ။ ဒါပေမဲ့ သိတယ်လေ။ အခုက ဟန်ပြပုံစံမျိုး လုပ်တဲ့ဟာက သိပ်အဆင်မပြေဘူးလေနော့။ ဟန်ပြဆိုတာ (ထိုင်း) စစ်တပ်က ကိုင်မယ်လို့ပြောတာပဲ။"

ထိုင်းဝန်ကြီးချုပ် ပေထုံတန် ရှင်နာဝပ် ကတော့ ထိုင်းနိုင်ငံကို လာရောက်တဲ့ တရုတ်နိုင်ငံသားတွေရဲ့ လုံခြုံရေးကို အာမခံတဲ့အကြောင်း AI အကူအညီနဲ့ တရုတ်ဘာသာနဲ့ ပြောဆိုထားတဲ့ ဗွီဒီယိုတခုကို ဒီနေ့ ဖြန့်ဝေပါတယ်။ ရာဇဝတ်ဂိုဏ်းတွေရဲ့ရန်ကို စိုးရိမ်ပြီး တရုတ်နိုင်ငံသား ခရီးသည်တွေ အလာနည်းသွားတာမျိုး မဖြစ်အောင် အာမခံနေပါတယ်။

တချိန်တည်းမှာ မြန်မာ နယ်စပ်က နိုင်ငံခြားသားတွေ နေထိုင်တဲ့ နေရာတချို့ကို ထိုင်းရဲတပ်ဖွဲ့တွေ ရုတ်တရက် ဝင်ရောက်၊ စစ်ဆေးတာတွေ လုပ်နေပါတယ်။ ဒါဟာ ထိုင်းဘက်က လုပ်လေ့ရှိတဲ့ ပုံစံဖြစ်လို့ မြန်မာတွေရဲ့ လုံခြုံရေးကို စိုးရိမ်ကြောင်း ထိုင်းနိုင်ငံ မဲဆောက်မြို့မှာ နေထိုင်နေသူတဦးက ဗွီအိုအေကို ပြောပြပါတယ်။

"လူကုန်ကူးမှုနဲ့ ပတ်သက်ပြီးတော့ ကျနော်တို့ မြန်မာနဲ့ ထိုင်းအစိုးရတွေကတော့ ဒီလိုပဲ နည်းနည်း အခက်အခဲဖြစ်လာရင် ကြေညာချက် ထထုတ်ပြီးတော့ စည်းကမ်းချက်တွေ ထုတ်မယ်။ ဒါကလည်း ပုံမှန်လုပ်နေကြ အတိုင်းပါပဲ။ ဘာလို့ဆို သူတို့နိုင်ငံတွင်းကို လာနေတဲ့ အလုပ်သမားတွေကလည်း သူတို့နိုင်ငံက ခွင့်ပြုထားတဲ့သူ မရှိရင် ဒီဘက်ကို လမ်းကြောင်းက လာလို့မရဘူးလေ။"

ထိုင်းနယ်စပ်မြို့တွေမှာ အခုလို လူကုန်ကူးသူတွေ၊ ကျားဖြန့်ငွေလိမ် လုပ်ငန်းတွေနဲ့ ပတ်သက်သူတွေကို အရေးယူမယ်ဆိုတဲ့ သတင်းနဲ့ လုံခြုံရေးတင်းကြပ်ပြီး စစ်ဆေးနေတဲ့ သတင်းတွေကြောင့် မဲဆောက်မှာ နေထိုင်နေတဲ့ မြန်မာ အသိုင်းအဝန်းထဲမှာလည်း စိုးရိမ်နေကြပါတယ်။ အသွားအလာ၊ အနေအထိုင် ဂရုစိုက်ကြဖို့ မြန်မာအလုပ်သမားအရေး လုပ်နေသူတွေက အခုရက်ထဲ သတိပေးနေကြပါတယ်။

အွန်လိုင်းရာဇဝတ်ဂိုဏ်းတွေ နှိမ်နင်းရေး ပူးပေါင်းဆောင်ရွက်ဖို့ သန္နိဌာန်ချထားကြောင်း NUG အမျိုးသားညီညွတ်ရေး အစိုးရကလည်း မနေ့ကပဲ ကြေညာချက်ထုတ်ပြန်ခဲ့တာပါ။ နယ်စပ်ဖြတ်ကျော် ရာဇဝတ်မှုတွေကို တားဆီးနိုင်ရေး ဒေသတွင်း နိုင်ငံတွေ၊ နိုင်ငံတကာ အသိုင်းအဝိုင်းက တာဝန်ရှိသူတွေနဲ့ ဆက်သွယ်ရေး လမ်းကြောင်း တည်ထောင်ဖို့ လိုအပ်ကြောင်းလည်း တော်လှန်ရေး ဒီမိုကရေစီ အင်အားစုတွေရဲ့ သဘောထားအဖြစ် NUG နိုင်ငံခြားရေးဌာန ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG