သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကုန်တင်ကားမောင်းသူတွေအတွက် ကိုဗစ်ကန့်သတ်ချက်တွေ လျော့ချပေးသင့်သလား


အောက်တိုဘာလ ၁၃ ရက်နေ့ တုန်းက ကုန်တင်ကားမောင်းတဦးကို ကျန်းမာရေးဝန်ထမ်းများက ကိုဗစ်စစ်နေပုံ
အောက်တိုဘာလ ၁၃ ရက်နေ့ တုန်းက ကုန်တင်ကားမောင်းတဦးကို ကျန်းမာရေးဝန်ထမ်းများက ကိုဗစ်စစ်နေပုံ

(Zawgyi/Unicode)

ကိုဗစ်ကပ်ရောဂါကာလ မြန်မာနိုင်ငံအဝန်း ကုန်စည်တင်ပို့နေတဲ့ အဝေးပြေး ကားသမားတွေကို ကျန်းမာရေး စစ်ဆေးမှုတွေနဲ့ တင်းတင်းကြပ်ကြပ် ကန့်သတ်ထားတာကို လျှော့ပေးဖို့ လုပ်ငန်းရှင်တွေ လိုလားနေကြပေမဲ့ ကျန်းမာရေးပညာရှင်တွေကတော့ ရောဂါကူးစက်မှု အန္တရာယ်ကို သတိထားဖို့ တိုက်တွန်းနေတဲ့အကြောင်း ပြောပြပါမယ်။ ဗွီအိုအေမြန်မာပိုင်း သတင်းထောက် အဂ္ဂနွန် တင်ဆက်ပေးမှာပါ။

ကပ်ရောဂါကူးစက်မှု ထိန်းချုပ်တဲ့ အစီအစဉ် တစိတ်တပိုင်းအဖြစ် မြန်မာနိုင်ငံအနှံ့ သွားလာနေတဲ့ ကုန်တင်ယာဉ်မောင်းတွေနဲ့ ယာဉ်နောက်လိုက်တွေကို ကိုဗစ်ရောဂါပိုး ကင်းရှင်းကြောင်း စစ်ဆေးဖို့ စည်းကမ်းသတ်မှတ်ထားပါတယ်။ ဒါပေမဲ့လည်း ရောဂါပိုး စစ်ဆေးပြီး ကင်းရှင်းကြောင်း အတည်ပြုထားတဲ့ အထောက်အထား ဆေးမှတ်တမ်းဟာ ၇၂ နာရီသာ သက်တမ်းရှိပြီး၊ ရောဂါပိုး စစ်ဆေးရာမှာ ကြန့်ကြာမှုတွေကြောင့် ကုန်တင်ယာဉ်မောင်းတွေ အခက်အခဲ ကြုံနေရတယ်လို့ လုပ်ငန်းရှင်တွေက ပြောပါတယ်။

ကုန်စည်စီးဆင်းမှုတွေမှာ အဟန့်အတားဖြစ်နေတဲ့အထိ ကြုံနေရတာကြောင့် ကန့်သတ်ချက်တွေကို လျှော့ပေါ့ပေးဖို့လည်း မြန်မာနိုင်ငံ ကုန်သည်များနဲ့ စက်မှုလုပ်ငန်းရှင်များအသင်းချုပ် တာဝန်ရှိသူတွေကို တင်ပြထားတယ်လို့ မြန်မာနိုင်ငံ အဝေးပြေး ကုန်စည်ပို့ဆောင်ရေး ဝန်ဆောင်မှု လုပ်ငန်းရှင်များအသင်း ဥက္ကဋ္ဌ ဦးကျင်သိန်းက ပြောပါတယ်။

“သူတို့ စစ်ပေးနိုင်တဲ့ ကားအစီးရေက ၅၀၊ ၁၀၀ လောက်ပဲ စစ်ပေးနိုင်တယ်ဗျာ၊ ကျနော်တို့ ကားတွေ လာစစ်တဲ့ ကားတွေက တစ်ရက်တစ်ရက် ထောင်ဂဏန်းရှိတယ်ဗျာ၊ ဒီ ၃ ရက်ဆိုတဲ့ ကာလတစ်ခုကို ပြင်သင့်ရင် ပြင်ပေးရမှာ။ ကျနော်တို့ UMFCCI ကို ကျနော်တို့ တင်ပြတယ်၊ သက်ဆိုင်ရာတွေကို တင်ပြတယ် စီးပွားကူးသန်းကို တင်ပြတယ်၊ ဒါပေမယ့် ဘာမှမဖြစ်လာဘူး၊ ကျနော်တို့ UMFCCI ကို ကုန်တင်စီးဆင်းမှုကျဆင်းပါတယ် ကျနော်တို့ တင်ပြတယ်။”

မြန်မာနိုင်ငံမှာ ကိုဗစ်ကပ်ရောဂါ ကူးစက်မှုတွေ တကျော့ပြန် တိုးလာရာက သွားလာလှုပ်ရှားမှုတွေ ကန့်သတ်တာ၊ အိမ်ပြင်မထွက်ရ အမိန့် ထုတ်ပြန်တာတွေအပြင် နိုင်ငံအနှံ့ သွားလာနေတဲ့ ကုန်တင်ယာဉ်တွေကို စနစ်တကျ ကျန်းမာရေးအရ စစ်ဆေးဖို့လည်း အောက်တိုဘာလ ၁ ရက်နေ့ကပဲ ညွှန်ကြားထားပါတယ်။ ဒါပေမဲ့လည်း ကျန်းမာရေးအတွက် စစ်ဆေးမှုတွေမှာ ကြန့်ကြာမှုတွေ ရှိနေတာကြောင့် အခက်အခဲတွေ ရှိနေတယ်လို့လည်း အဓိက ကုန်သွယ်လမ်းကြောင်းတခုဖြစ်တဲ့ ရန်ကုန်-မူဆယ် ကုန်စည်ပို့ဆောင်ရေး လုပ်ငန်းလုပ်နေတဲ့ ဦးရှိန်က ပြောပါတယ်။

“သုံးရက် သက်တမ်းကကျတော့ ဥပမာ ကျနော်တို့က ရန်ကုန်ကနေ မူဆယ်သွားမယ်ပေါ့နော်၊ မူဆယ်သွားမယ်ဆိုရင် အသွားမှာတင် နှစ်ညအိပ် သုံးရက်လောက် သွားရတယ်ဆိုတော့ အသွားတစ်ခြမ်းနဲ့ တင်ကုန်သွားပြီးပေါ့နော်၊ ပြီးရင် လမ်းတွေမှာလည်း ဥပမာမူဆယ်ရောက်ရင်လည်း ကုန်တွေ ချက်ချင်းချရတာ မဟုတ်ပဲနဲ့ ၁၀၅ မိုင် ဝင်ဖို့အတွက်တောင် ၅ ရက်တစ်ပတ် တန်းရတယ်၊ ထပ်တန်းရတာပေါ့။ ၁၀၅ မိုင်ရောက်တဲ့ အချိန်ကျတော့လည်း ၁၀၅ မိုင်ကနေ မူဆယ် ကုန်ချတဲ့နေရာသွားဖို့အတွက်ကို လမ်းမှာလည်း ဒီလိုပဲ ၅ ရက်လောက် ထပ်ကြာတယ်၊ အဲ့မှာ မူဆယ်ရောက်တဲ့ အထိ ၁၀ ရက်ကြာသွားပြီ။

စစ်လို့ရှိရင်လည်း ဒီလိုပဲ ကားအတန်းကြီး ရှည်နေတော့ ကုန်တင်ပြီးတော့ တစ်ခါစစ်ဖို့အတွက်ကို ၃၊ ၄ ရက် ထပ်ကြာဆိုတဲ့အခါကျတော့ ခရီးတစ်ခုသွားဖို့ အရေး အရမ်းနှောင့်နှေးတာပေါ့။ ဆေးစစ်တဲ့နေရာ တစ်မြို့နယ်မှာ တစ်ခုလောက်ထားပေးဆိုရင်တော့ ကားအတန်းလည်း နည်းသွားမယ် စစ်တာလည်း မြန်သွားမှာပေါ့နော်။ ”

ကုန်စည်စီးဆင်းမှုတွေမှာ အခက်အခဲတွေ ကြုံရတဲ့ အခြေအနေနဲ့ ပတ်သက်လို့ လုပ်ငန်းရှင်တွေရဲ့ တင်ပြချက်တွေကိုတော့ စီးပွားရေးနဲ့ ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနကို ဆက်လက် တင်ပြထားတယ်လို့လည်း ကုန်သည်များနဲ့ စက်မှုလုပ်ငန်းရှင်များအသင်းချုပ် တွဲဖက် အထွေထွေအတွင်းရေးမှူး ဦးမျိုးသန့်က ပြောပါတယ်။

“လက်ရှိဒေသမှာ ကုန်စည်စီးဆင်းမှုတွေ ဘယ်လိုဖြစ်ပေါ်နေလဲ၊ ဖြစ်ပျက်နေတာကို အမြဲတမ်း ကျနော်တို့က အစည်းအဝေးလုပ်ပြီးတော့ အဲ့မှတ်တမ်းတွေ အားလုံးကို ကျနော်တို့ စီးပွားကူးသန်းဝန်ကြီးကို အကုန်တိုက်ရိုက်တင်နေတယ်၊ အခုဒီကားသမားတောင်းဆိုချက်တွေကို သိအောင် ကျနော်က အကုန်တင်ပေးနေတယ်၊ ဒါပေမယ့် အဲ့ဟာကို ဖြေလျှော့မှုနဲ့ အဲ့ ကိစ္စနဲ့ ပတ်သက်လို့ပေါ့နော်
ရက်တိုးတောင်းတဲ့ ကိစ္စ ဒါတွေက ကျနော်တို့က ဘာမှာ လုပ်ပေးလို့မရဘူး၊ ကျနော်တို့ တင်တော့တင်ပြပေးထားတယ်၊ ဒါပေမယ့် စီးပွားကူးသန်းဝန်ကြီးဌာနတို့ နောက်သက်ဆိုင်ရာ ကော်မတီ ကုသရေးဗဟိုကော်မတီတို့ သူတို့စဉ်းစားဆုံးဖြတ်ပေးမယ်သေချာတယ်။”

လုပ်ငန်းရှင်တွေက ကုန်တင်ယာဉ်မောင်းသမားတွေကို ကျန်းမာရေးစစ်ဆေးမှုတွေ လျော့ပေါ့ပေးဖို့ တောင်းဆိုနေပေမဲ့ ကျန်းမာရေး ပညာရှင်တွေကတော့ သတိထားဖို့ တိုက်တွန်းနေပါတယ်။ နိုင်ငံအနှံ့ သွားလာနေကြတဲ့ ကုန်တင်ကားသမားတွေမှာ ကိုဗစ်ရောဂါပိုး စစ်ဆေးတွေ့ရှိတဲ့ ဖြစ်စဉ်တွေ ရှိနေတာကြောင့် ဆက်လက် ထိန်းချုပ်ထားဖို့ လိုဦးမယ်လို့လည်း နေပြည်တော် ပြည်သူ့ကျန်းမာရေးဦးစီးဌာန ဒုတိယ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာမြတ်ဝဏ္ဏစိုးက ပြောပါတယ်။

“ဒီဟာ ဘာလို့စစ်ရတာလည်းဆိုတာ့ ကျနော်ပြောသလို ကျနော်တို့ စစ်ထားတဲ့ လူ ၄၀၀၀ ထဲမှာ Positive ၂၅ ယောက်တွေ့ပါတယ်၊ ဒါကြောင့်မို့ ကုန်တင်ကားစစ်တဲ့ လုပ်ငန်းကို ဆောင်ရွက်ရခြင်းဖြစ်ပါတယ်။ သက်တမ်းကတော့ ကျနော်တို့ မှန်းရတာ တော်တော်ခက်တယ်ပေါ့လေး၊ဘာဖြစ်လဲဆိုတော့ ဒီရောဂါပိုးက အခုကျနော်တို့ ဒီမှာ တွေ့တဲ့ အခါမှာ ပိုးတွေ့တဲ့ လူနာကို ပြန်လေ့လာကြည့်တဲ့အခါကျတော့ ဒီလိုပဲပထမအကြိမ်စစ်တယ် မတွေ့ဘူး၊ ဒုတိယအကြိမ်စစ်တယ် မတွေ့ဘူး၊ ဒါပေမယ့် ၄၊ ၅ ခါ စစ်ပြီးမှ
ပိုးတွေ့တာရှိနေတဲ့အခါကျတော့ တစ်ခါစစ်ထားပြီးတော့ ဒီလက်မှတ်နဲ့ပဲ လျှောက်သွားမယ်ဆိုရင် ဆေးပညာသဘောအရတော့ အန္တရာယ်လို့ မြင်တယ်။”

မကြာသေးခင် ရက်တွေမှာတုန်းကလည်း ကုန်တင်ယာဉ်မောင်းသမားတချို့ ကျန်းမာရေးစစ်ဆေးထားတဲ့ အထောက်အထား စာရွက်စာတမ်း အတုတွေ အသုံးပြုတာ စစ်ဆေးတွေ့ရှိခဲ့တာကြောင့် အရေးယူမယ်လို့လည်း တာဝနရှိသူတွေက ပြောဆိုထားကြပါတယ်။ မြန်မာနိုင်ငံမှာ ဒီကနေ့ ကြာသပတေးနေ့ မွန်းလွဲပိုင်းအထိ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်အရ ကိုဗစ်ကပ်ရောဂါကြောင့် သေဆုံးသူ ၂ ထောင်လောက်နဲ့ ကူးစက်သူ ၉ သောင်း ၃ ထောင်ကျော်ရှိနေပါတယ်။

တိုက်ရိုက် လင့်ခ်


...............


(Unicode)













XS
SM
MD
LG