သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကုလလူ့အခွင့်အရေးကောင်စီမှာ ပြည်ထောင်စုဝန်ကြီး မိန့်ခွန်းပြော


ပြည်ထောင်စုဝန်ကြီး ဦးကျော်တင့်ဆွေက ကုလသမဂ္ဂလူ့အခွင့်အရေးကောင်စီ ညီလာခံ မှာ မိန့်ခွန်းပြော (Ministry of Foreign Affairs Myanmar)
ပြည်ထောင်စုဝန်ကြီး ဦးကျော်တင့်ဆွေက ကုလသမဂ္ဂလူ့အခွင့်အရေးကောင်စီ ညီလာခံ မှာ မိန့်ခွန်းပြော (Ministry of Foreign Affairs Myanmar)

(Zawgyi/Unicode)

မြန်မာ နိုင်ငံအနေနဲ့ ရခိုင်ပြည်နယ်အတွင်း ကျူးလွန်ခဲ့တဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေကို ကိုင်တွယ်အရေးယူဖို့ စိတ်ဆန္ဒရှိသလိုပဲ၊ အရေးယူနိုင်စွမ်းလည်း ရှိတယ်လို့ ပြည်ထောင်စုဝန်ကြီး ဦးကျော်တင့်ဆွေက ကုလသမဂ္ဂလူ့အခွင့်အရေးကောင်စီမှာ ပြောသွားပါတယ်။

ရခိုင်မှာဖြစ်ခဲ့တဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေနဲ့ ပတ်သက်လို့ နိုင်ငံတကာ ဖိအားတွေ တိုးလာပြီး အခု ညီလာခံအတွင်းမှာလည်း ဒီအကြောင်းတွေ ဆွေးနွေးဖို့ရှိချိန်မှာ မြန်မာခေါင်းဆောင်တဦးက အခုလို ပြောဆိုသွားတာပါ။ ဒီအကြောင်းအပြည့်အစုံ ကိုသားညွန့်ဦး ပြောပြမှာပါ။

ဆွီဇာလန်နိုင်ငံ ဂျနီဗာ ကုလသမဂ္ဂလူ့အခွင့်အရေးကောင်စီ ညီလာခံ - နိုင်ငံအကြီးတန်း ခေါင်းဆောင်တွေ မိန့်ခွန်းပေးကြတဲ့ အစီအစဉ်မှာ နိုင်ငံတော်အတိုင်ပင်ခံရုံးဝန်ကြီး ဦးကျော်တင့်ဆွေက ဒီကနေ့ ဖေဖဝါရီလ ၂၆ ရက်နေ့မှာ ပြောဆိုသွားတာဖြစ်ပြီး၊ ရခိုင်ပဋိပက္ခနဲ့ ပတ်သက်လို့ မြန်မာအစိုးရရဲ့ ဆောင်ရွက်ချက်တွေကို အလေးပေးရှင်းပြခဲ့ပါတယ်။ မြန်မာအစိုးရအနေနဲ့ ရခိုင်အရေးနဲ့ ပတ်သက်လို့ လွတ်လပ်သောစုံစမ်းရေးကော်မရှင် ICEO ဖွဲ့စည်းပြီး၊ အဲဒီ စုံစမ်းရေးအဖွဲ့ရဲ့ အစီရင်ခံစာပေါ် အရေးယူဆောင်ရွက်မှုတွေလုပ်ဖို့ ရှိတယ်လို့လည်း ပြောသွား တာပါ။

“အစိုးရအနေနဲ့ ဒီ အစီရင်ခံစာကို လေ့လာပြီးတဲ့အခါကျတော့ ရှေနေချုပ်ရုံးအနေနဲ့ နောက်ထပ် စုံစမ်းစစ်ဆေးမှုတွေနဲ့ အရေးယူကိုင်တွယ်မှုတွေလုပ်ဖို့ သမ္မတရုံးကနေ ညွှန်ကြားချက်ထုတ်ခဲ့ပါတယ်။ အလားတူလိုပဲ တပ်မတော်ဘက်ကလည်း ဒီအမှုတွေကို တပ်မတော်တရားစီရင်ရေးလမ်းကြောင်းအရ အရေးယူဖို့ စစ်ဥပဒေချုပ်ရုံးကနေ ဆောင်ရွက်သွားမယ်လို့ ကြေညာထားပါတယ်။ ဒါကြောင့် မြန်မာနိုင်ငံ အနေနဲ့ ဒီ အမှုကျူးလွန်သူတွေကို အရေးယူဖို့ စိတ်ဆန္ဒရှိသလို အရေးယူ လုပ်နိုင်စွမ်းလည်း ရှိပါတယ်။”

ဒါ့အပြင် ရခိုင်ပဋိပက္ခပြေလည်ရေးနဲ့ ဒုက္ခသည်တွေ နေရပ်ပြန်ရေးအတွက်လည်း အိမ်နီးချင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံနဲ့ ညှိနှိုင်းဆောင်ရွက်နေတယ်လို့ ပြောပါတယ်။

မြန်မာနိုင်ငံအနေနဲ့ ရခိုင်ပြည်နယ်တွင်းက ရိုဟင်ဂျာအရေးနဲ့ပတ်သက်လို့ ကုလသမဂ္ဂအပါအဝင် နိုင်ငံတကာဖိအားတွေကို ရင်ဆိုင်နေရသလို လတ်တလော နိုင်ငံတကာတရားရုံးမှာလည်း ရိုဟင်ဂျာတွေအပေါ် လူမျိုးတုံးသတ်ဖြတ်မှု ကျူးလွန်တယ်ဆိုတဲ့ စွဲချက်ကိုလည်း ရင်ဆိုင်နေရတာပါ။ မြန်မာအစိုးရကတော့ ရိုဟင်ဂျာအသုံးအနှုန်းကို လက်မခံပေမယ့်လည်း၊ ဒီ အဖြစ်အပျက်တွေကို နိုင်ငံတွင်း တရားစီရင်ရေးအရ ကိုင်တွယ်ဖြေရှင်းသွားနိုင်တယ်လို့ တုံ့ပြန်ထားပါတယ်။ အခု ကျင်းပနေတဲ့ ကုလသမဂ္ဂလူ့အခွင့်အရေးညီလာခံအတွင်းမှာလည်း ရခိုင်ပြည်နယ်က ရိုဟင်ဂျာအရေးကိစ္စအပါဝင် မြန်မာ့လူ့အခွင့်အရေးအခြေအနေနဲ့ပတ်သက်လို့ အတော်လေး ဆန်းစစ် ဝေဖန်ခံရမယ့်အခြေအနေမှာရှိနေတာပါ။ ပြည်ထောင်စုဝန်ကြီးဦးကျော်တင့်ဆွေကတော့ လူ့အခွင့်အရေး ကောင်စီအနေနဲ့ ကမ္ဘာ့နေရာအသီးသီးက လူ့အခွင့်အရေးကိစ္စတွေကို ကိုင်တွယ်တဲ့နေရာမှာ တပြေးညီ ဆောင်ရွက်ဖို့လိုသလို၊ တိုင်းပြည်တွေရဲ့ သီးခြားရှိတဲ့တန်ဖိုးနဲ့ အချုပ်အခြာကို လေးစားဖို့လိုတယ်ဆိုတာ ထောက်ပြပါတယ်။ သူကိုယ်တိုင် ကုလသမဂ္ဂ အမြဲတမ်းကိုယ်စားလှယ်အဖြစ် နယူးယောက်မှာ တာဝန်ထမ်းစဉ်က လူ့အခွင့်အရေးကော်မရှင်ကနေ ကုလသမဂ္ဂလူ့အခွင့်အရေးကောင်စီအဖြစ် ပြောင်းလဲဖို့ ပြင်ဆင်ဆောင်ရွက်မှုမှာ ပါဝင်ခဲ့ပြီး၊ အဲဒီတုန်းက လူ့အခွင့်အရေးကောင်စီနဲ့ပတ်သက်လို့ မျှော်လင့်ထားတာတွေ ဖြစ်မလာသေးဘူးလို့ အခု သူ့မိန့်ခွန်းမှာ ထောက်ပြခဲ့တာပါ။

“လူ့အခွင့်အရေးကောင်စီဖွဲ့စည်းမှုမှာ နိုင်ငံတကာအသိုင်းအဝိုင်းအနေနဲ့ မျှော်လင့်ချက် ကြီးကြီးမားမားရှိခဲ့ပါတယ်။ လူ့အခွင့်အရေးကောင်စီအတွင်းမှာ ဖွံဖြိုးတိုးတက်မှုတွေ ဦးစားပေး ဆောင်ရွက်ပြီး နိုင်ငံတွေရဲ့အချုပ်အခြာကိုလေးစားတန်ဖိုးထားကာ ကမ္ဘာ့နေရာ အသီးအသီးက လူ့အခွင့်အရေး အခြေအနေမှန်သမျှကို မျှမျှတတ တပြေးညီ ကိုင်တွယ်သွားဖို့ ဆိုတာမျှော်လင့်ထားခဲ့ကြတာပါ။”

အခု လူ့အခွင့်အရေးကောင်စီ ညီလာခံအတွင်းမှာ မြန်မာလူ့အခွင့်အရေးနဲ့ပတ်သက်လို့ သက်ဆိုင်ရာ ကုလတာဝန်ရှိသူတွေရဲ့ တင်ပြချက်တွေအပေါ် အပြန်အလှန်ဆွေးနွေးကြဖို့လည်း ရှိသလို၊ သက်တမ်းကုန်ဆုံးတော့မယ့် Ms.Yanghee Lee နေရာမှာမြန်မာလူ့အခွင့်အရးဆိုင်ရာ ကုလ အထူးကိုယ်စားလှယ်သစ်ကိုလည်း ခန့်ထားဖို့ ရှိနေပါတယ်။ ဒီအတွက် အမေရိကန်အောက်လွှတ်တော် အမတ်ဟောင်း Tom Andrews ကို လူ့အခွင့်အရေးကောင်စီ ဥက္ကဌက အမည်စာရင်း တင်သွင်းထားပါတယ်။ လူ့အခွင့်အရေးကောင်စီ ညီလာခံကနေ Tom Andrews ကို အတည်ပြုမယ်ဆိုရင်တော့ မြန်မာနိုင်ငံဆိုင်ရာ ကုလလူ့အခွင့်အရေးအထူးကိုယ်စားလှယ်တွေထဲ ပထမဆုံး အမေရိကန်နိုင်ငံသားဖြစ်လာမှာပါ။

တိုက်ရိုက် လင့်ခ်

.................


(Unicode)








XS
SM
MD
LG