သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

စစ်ရေးပဋိပက္ခတွေအတွက် တပ်မတော် တာဝန်ယူမှုရှိဖို့လို


ဇန်နဝါရီလက ပြုလုပ်ခဲ့သည့် သတင်းစာရှင်းလင်းပွဲတွင် တွေ့ရသည့် တပ်မတော်သတင်းမှန်ပြန်ကြားရေး အဖွဲ့ဝင်များ။ (ဇန်နဝါရီ ၂၃၊ ၂၀၂၀)
ဇန်နဝါရီလက ပြုလုပ်ခဲ့သည့် သတင်းစာရှင်းလင်းပွဲတွင် တွေ့ရသည့် တပ်မတော်သတင်းမှန်ပြန်ကြားရေး အဖွဲ့ဝင်များ။ (ဇန်နဝါရီ ၂၃၊ ၂၀၂၀)

(Zawgyi / Unicode)

ရခိုင်ပြည်နယ်တွင်း လက်ရှိ ဖြစ်ပျက်နေတဲ့ ပဋိပက္ခတွေနဲ့ ပတ်သက်လို့ မြန်မာ့တပ်မတော်ရဲ့ ပြောကြားမှုတွေဟာ တဖက်သတ်ဆန်လွန်းပြီး အငြင်းပွားဖွယ်ရာ အချက်အလက်တွေ တွေ့ရတယ်လို့ နိုင်ငံရေးသုံးသပ်သူတချို့က ဝေဖန်ထောက်ပြကြပါတယ်။ ရခိုင်ပြည်နယ်တွင်း ပဋိပက္ခတွေနဲ့ ပတ်သက်လို့ တပ်မတော် သတင်းမှန်ပြန်ကြားရေးအဖွဲ့က ဒီကနေ့ပဲ သတင်းစာရှင်းလင်းပွဲ လုပ်ခဲ့တာပါ။ သတင်းစာရှင်းလင်းပွဲမှာ အဓိက ဘာတွေ ပြောကြားခဲ့သလဲ။ ဒီအပေါ် ဘယ်လို ဝေဖန်ထောက်ပြမှုတွေ ရှိနေသလဲ။ အပြည့်အစုံကို မခင်ဖြူထွေးက မေးမြန်း တင်ပြထားပါတယ်။

ရခိုင်ပြည်နယ်တွင်း ပဋိပက္ခတွေမှာ အရပ်သားပြည်သူတွေ သေကျေ၊ ထိခိုက်ဒဏ်ရာရမှုတွေ ရှိနေတဲ့ ကိစ္စတွေကို တပ်မတော်ဘက်က လုပ်ခဲ့တာ မရှိကြောင်း၊ ရခိုင်ပြည်နယ်တွင်း ဘာသာရေးနဲ့ လူမျိုးရေး ပဋိပက္ခတွေ ဖြစ်လာရင် တပ်မတော်ကသာ အဓိက ဖြေရှင်း ကိုင်တွယ်နေရတာဖြစ်ပြီး ရခိုင်လက်နက်ကိုင်အဖွဲ့ AA က စွပ်စွဲပြောဆိုနေသလို အကြမ်းဖက် တိုက်ခိုက်တာမျိုးတွေကို တပ်မတော်က လုပ်ဆောင်တာ မရှိတဲ့အကြောင်း ဒီကနေ့ တပ်မတော် သတင်းမှန်ပြန်ကြားရေးအဖွဲ့ရဲ့ သတင်းစာရှင်းလင်းပွဲမှာ အဓိက ပြောဆိုသွားပါတယ်။

မြန်မာ့တပ်မတော်အနေနဲ့ လုံခြုံရေးဆိုင်ရာ ကိစ္စရပ်တွေကို အဓိကထား ဆောင်ရွက်နေတာဖြစ်ပြီး အုပ်ချုပ်ရေးပိုင်းမှာကတော့ အစိုးရမှာသာ အဓိက တာဝန်ရှိတာဖြစ်ကြောင်း တပ်မတော် သတင်းမှန် ပြန်ကြားရေးအဖွဲ့ ဒုတိယဥက္ကဋ္ဌ ဗိုလ်ချုပ် ထွန်းထွန်းညီက ပြောဆိုသွားပါတယ်။

“ကျနော်တို့ကတော့ ဒီဥပဒေ ပြဋ္ဌာန်းချက်တွေမှာ ဖော်ပြထားတဲ့ လုပ်ငန်းတာဝန်တွေကို တပ်မတော်က ကျေပွန်အောင် ဆောင်ရွက်နေပါတယ်။ အုပ်ချုပ်ရေးနဲ့ ပတ်သက်လို့ကတော့ သက်ဆိုင်ရာ တာဝန်ရှိတဲ့ အစိုးရကိုသာ မေးဖို့ ကျနော်တို့က ပြောချင်ပါတယ်။ ဖွဲ့စည်းပုံ အခြေခံဥပဒေအရ နိုင်ငံတနိုင်ငံဟာ ဒီအတိုင်းပဲ သွားရမှာဖြစ်တဲ့အတွက် အုပ်ချုပ်ရေးနဲ့ ပတ်သက်ရင် အမြင့်ဆုံး တာဝန်ရှိတဲ့ အဖွဲ့အစည်းက ဘယ်အဖွဲ့အစည်းလဲဆိုတာ အခြေခံဥပဒေမှာ ဖော်ပြပြီးသား ဖြစ်တဲ့အတွက် သူတို့ကိုပဲ ပြတ်ပြတ်သားသား သိရှိအောင် မေးသင့်တယ်လို့ ကျနော်ကတော့ ဖြေကြားနေပါတယ်။ ကျနော်တို့ တပ်မတော် အနေနဲ့ကတော့ ဒါနဲ့ပတ်သက်ပြီး ဖြေကြားစရာ မရှိပါဘူး။ ကျနော်တို့ တပ်မတော် အနေနဲ့ ပေးထားတဲ့ တာဝန်တွေကို ကျေပွန်အောင် ဆောင်ရွက်နေတာ ဖြစ်ပါတယ်။”

ဒီသတင်းစာရှင်းလင်းပွဲမှာ ရခိုင်ပြည်နယ်တွင်း လက်ရှိ ပဋိပက္ခတွေနဲ့ ပတ်သက်လို့ မြန်မာ့တပ်မတော်ရဲ့ ပြောကြားမှုတွေဟာ တဖက်သတ်ဆန်လွန်းတယ်ဆိုပြီး နိုင်ငံရေး လေ့လာသုံးသပ်သူ တချို့ကတော့ ထောက်ပြပါတယ်။ လက်ရှိ ရခိုင်ပြည်နယ်တွင်း အကြမ်းဖက်မှုတွေ၊ အရပ်သား ထိခိုက်သေဆုံးရမှုတွေမှာ အဓိကတာဝန်ရှိသူတွေထဲ တပ်မတော် ပါဝင်တာကတော့ ငြင်းလို့မရနိုင်ဘူးလို့ ရမ်းဗြဲမြို့နယ် အမျိုးသားလွှတ်တော်ကိုယ်စားလှယ် မထုမေက ပြောပါတယ်။

“ကာယကံမြောက် တိုက်ပွဲဆင်ကြတဲ့ ပုဂ္ဂိုလ်များက တာဝန်အရှိဆုံး ဖြစ်ပါတယ်။ ဒါကို မဟုတ်ဘူးလို့ ငြင်းမယ်ဆိုရင် လက်တွေ့လည်း မကျသလို မှန်ကန်မှုနဲ့လည်း အများကြီး ဝေးကွာနေမှာ ဖြစ်ပါတယ်။ တာဝန်ယူမှု တာဝန်ခံမှုတော့ ရှိရမှာပါ။ တကမ္ဘာလုံး ဝေဖန်တာရှိတယ်၊ အစိုးရနှစ်ရပ်လို ဖြစ်နေတယ်။ တဖက်မှာ လက်ရှိအစိုးရသည် တပ်မတော်နဲ့ ဆက်ဆံရေး ကောင်းတယ်လို့ မမြင်ပါဘူး။ ဒါပေမယ့် တိုင်းရင်းသား ကိစ္စတွေကို ဆောင်ရွက်တဲ့အခါမှာတော့ အစိုးရသည် တပ်မတော်နဲ့ နီးကပ်စွာ ဆောင်ရွက်တယ်။ ဒါ နိုင်ငံတကာမှာလည်း မြင်ပါတယ်။ ICJ လို ကိစ္စမျိုးကို ဖြေရှင်းတဲ့အခါမှာလည်း မြင်သာထင်သာ ရှိပါတယ်။

“ဒါပေမယ့် တကယ်တမ်း ကာယကံမြောက် တိုက်ပွဲဖြစ်ပွားတဲ့အခါ မြန်မာ့တပ်မတော်ကနေပြီးတော့ တိုင်းရင်းသား လက်နက်ကိုင်ဖြစ်တဲ့ ရခိုင့်တပ်တော်တို့ ဖြစ်ကြပါတယ်။ မြေပြင်မှာဖြစ်ပွားတဲ့ အခြေအနေကို အစိုးရကို လုံးလုံး တာဝန်လွှဲတယ်။ ကျနော်တို့ကတော့ လုံခြုံရေးအရပဲ ဆောင်ရွက်တယ် ဆိုတာကတော့ လက်ခံနိုင်ဖွယ် မရှိပါဘူး။ သတင်းစာရှင်းလင်းပွဲများသည် တကယ့် မှန်ကန်တဲ့ Reality အပေါ်မှာ အခြေခံရမှာ ဖြစ်ပါတယ်။ ဒီနေ့ သတင်းစာရှင်းလင်းပွဲကို နားထောင်လိုက်တော့ အင်မတန် တဖက်သတ် ဆန်လွန်းတယ်။ တရားမျှတမှုနဲ့ အင်မတန် ဝေးကွာနေသလို နားထောင်ရတဲ့သူက အတော့်ကို စနိုးစနောင့် ဖြစ်မိတယ်။”

ဒီကနေ့လို သတင်းစာရှင်းလင်းပွဲမျိုးမှာ ဖြေကြားပြောဆိုတာ၊ မှတ်ချက်ပေးတာမျိုးတွေဟာ မြန်မာနိုင်ငံမှာ လက်ရှိဖော်ဆောင်နေတဲ့ ငြိမ်းချမ်းရေးနဲ့ အမျိုးသားရင်ကြားစေ့ရေးအတွက် အထောက်အကူဖြစ်တဲ့ ပြောဆို မှတ်ချက်ပေးမှုမျိုး ဖြစ်သင့်တယ်လို့ နိုင်ငံရေးသုံးသပ်သူ ဦးရန်မျိုးသိမ်းက ထောက်ပြပြောဆိုပါတယ်။

“ဒီလို သတင်းစာရှင်းလင်းပွဲတွေကနေ ပေးတဲ့ သတင်းအချက်အလက်တွေဟာ အငြင်းပွားဖွယ် သတင်းအချက်အလက်တွေ မဖြစ်ဖို့ လိုအပ်တယ်လို့ ကျနော်မြင်ပါတယ်။ နောက်ပြီးတော့ ဒီသတင်းစာရှင်းလင်းပွဲတွေက ထုတ်ပြန်တဲ့ သတင်းတွေမှာပဲဖြစ်ဖြစ်၊ မှတ်ချက်တွေမှာပဲဖြစ်ဖြစ် အဲဒါတွေကို အကြောင်းပြုပြီးတော့ ကျနော်တို့ လတ်တလော ဖော်ဆောင်နေတဲ့ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်၊ အမျိုးသားရင်ကြားစေ့ရေး၊ ဒီမိုကရေစီ ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေးဆိုတဲ့ လမ်းကြောင်းတွေအပေါ်မှာ မထိခိုက်ဖို့ လိုအပ်တယ်လို့ မြင်ပါတယ်။

“တိုင်းရင်းသား နိုင်ငံရေးပါတီတွေ အပါအဝင် နိုင်ငံရေးပါတီတွေပဲဖြစ်ဖြစ်၊ အရပ်ဘက် အဖွဲ့အစည်းတွေပဲဖြစ်ဖြစ် အားလုံးရဲ့ ပြောဆို ရေးသား မှတ်ချက်ပေးမှုတွေဟာ ဗမာတိုင်းရင်းသားတွေနဲ့ ဗမာမဟုတ်တဲ့ တိုင်းရင်းသားတွေကြားမှာ ယုံကြည်မှုတည်ဆောက်ရေးကို အထောက်အကူပြုမယ့်၊ ယုံကြည်မှု တည်ဆောက်ရေးကို ကျားကန်ပေးနိုင်မယ့်၊ အဲဒီလို ယုံကြည်မှု တည်ဆောက်ရေးကတဆင့် နိုင်ငံရေးအရ အဖြေရှာနိုင်မယ့် လမ်းကြောင်းကို ပံ့ပိုးပေးနိုင်မယ့် ချဉ်းကပ်မှုမျိုးတွေဖြစ်ဖို့ လိုအပ်တယ်လို့ မြင်ပါတယ်။”

ရခိုင်လက်နက်ကိုင်အဖွဲ့ AA နဲ့ မြန်မာ့တပ်မတော်ကြား စစ်ရေးတင်းမာမှုတွေ ပြင်းထန်နေချိန်မှာ တပ်မတော် သတင်းမှန်ပြန်ကြားရေးအဖွဲ့က ဒီကနေ့ သတင်းစာရှင်းလင်းပွဲ ကျင်းပတာဖြစ်ပါတယ်။ တနှစ်ကျော်ကာလ ဒေသတွင်း တိုက်ပွဲတွေအတွင်း လက်နက်ကြီးထိမှန်တာ၊ မိုင်းပေါက်ကွဲတာ၊ ပစ်ခတ်ခံရမှုတွေကြောင့် အရပ်သားသေဆုံးသူ ရာနဲ့ချီရှိသလို ထိခိုက်ဒဏ်ရာရသူ ရာနဲ့ချီနဲ့ စစ်ဘေးဒဏ်သင့်ပြည်သူ တသိန်းကျော် ရှိနေတာပါ။ ဒီလိုအခြေအနေတွေနဲ့ ပတ်သက်လို့တော့ မြန်မာစစ်တပ်နဲ့ AA တပ်ဖွဲ့အကြားမှာ အပြန်အလှန် အပြစ်ဖို့နေကြတာလည်း ဖြစ်ပါတယ်။

-----------------------------------

(Unicode)

စဈရေးပဋိပက်ခတှအေတှကျ တပျမတောျ တာဝနျယူမှုရှိဖို့လို












တိုက်ရိုက် လင့်ခ်


XS
SM
MD
LG