သုံးရလွယ်ကူစေသည့် Link များ

နိုင်ငံခြားရင်းနှီးမြုပ်နှံမှုအတွက် မြန်မာမှာ ဘာအခက်အခဲတွေ ရှိနေသလဲ


Equality Myanmar လူ့အခွင့် အရေးအဖွဲ့ ဒါရိုက်တာ ဦးအောင်မျိုးမင်းတက်ရောက်ဆွေးနွေး
Equality Myanmar လူ့အခွင့် အရေးအဖွဲ့ ဒါရိုက်တာ ဦးအောင်မျိုးမင်းတက်ရောက်ဆွေးနွေး

ဆွစ်ဇာလန်နိုင်ငံ ဂျနီဗာမြို့ ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီမှာ နိုဝင်ဘာ(၂၇)ရက်နေ့က ပြုလုပ်တဲ့ ဆွေးနွေးပွဲကို “စီးပွားရေးလုပ်ငန်း တွေမှာ လူ့အခွင့်အရေး ချိုးဖေါက်မှု နည်းပါးအောင် ဘယ်လိုစောင့်ကြည့် ကာကွယ်သင့်သလဲ” ဆိုတဲ့ခေါင်းစဉ်နဲ့ ကျင်းပခဲ့ပြီး နိုင်ငံခြားရင်းနှီး မြှုပ်နှံမှုတွေ ဖိတ်ခေါ်နေတဲ့မြန်မာနိုင်ငံမှာ လူ့အခွင့်အရေးဆိုင်ရာ ဘယ်လိုစိန်ခေါ်ချက်တွေ ရှိသလဲဆိုတာကို Equality Myanmar လူ့အခွင့် အရေးအဖွဲ့ ဒါရိုက်တာ ဦးအောင်မျိုးမင်းကလည်း တက်ရောက်ဟောပြော ဆွေးနွေးခဲ့ပါတယ်။ ဆွေးနွေးပွဲအကြောင်းအရာနဲ့ပတ်သက်လို့ ကိုဉာဏ်ဝင်းအောင်က မေးမြန်းရာမှာ ဦးအောင်မျိုးမင်းက ခုလိုစရှင်းပြပါတယ်။

"ဦးအောင်မျိုးမင်း။ ။ အကြောင်းအရာကတော့ လူ့အခွင့်အရေးနဲ့ စီးပွားရေးလုပ်ငန်းတွေ ဘယ်လို ဆက်စပ်နေသလဲ၊ အရပ်ဘက် လူမှုအဖွဲ့အစည်းတွေနဲ့ အစိုးရနဲ့ စီးပွားရေးလုပ်ငန်းရှင်တွေ ဘယ်လိုပူးပေါင်းဆောင်ရွက်နိုင်ပြီးတော့ လူ့အခွင့်အရေးကို ကာကွယ်စောင့်ရှောက်နိုင်မလဲ ဆိုတဲ့အကြောင်းအရာကို ဆွေးနွေးတယ်။ ဒီနေရာမှာ လက်ရှိမြန်မာနိုင်ငံအပါအဝင် စီးပွားရေး ရင်းနှီးမြှုပ်နှံမှုတွေ ခေါ်နေတာရှိတယ်။ ဒါပေမယ့် စီးပွားရေးရင်းနှီးမြှုပ်နှံမှုတွေ လုပ်ဆောင်တဲ့အခါမှာ တခါတလေ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုပဲကြည့်ပြီး လူ့အခွင့်အရေးကို ထည့်သွင်းစဉ်းစားတာမရှိတ ဲ့အခြေအနေ ၊ ဒါတွေကို ကာကွယ်တားဆီးဖို့အတွက် စဉ်းစားတာတွေရှိတယ်။ နောက်တခုက ဒီစီးပွားရေးလုပ်ငန်းရှင်တွေနဲ့ လူ့အခွင့်အရေးလို့ သဘောပေါက်ပြီးတော့ လူ့အခွင့်အရေး လှုပ်ရှားမှုတွေ လူ့အခွင့်အရေးလုပ်ဆောင်နေတဲ့အဖွဲ့တွေကို အားပေးကူညီမှုလုပ်ဆောင်ခြင်းကလည်း အကျိုးရှိနိုင်တယ်။ ဒါက ကျနော်တို့ ပိုမိုအားကောင်းတဲ့ ကမ္ဘာသစ်ကို ဒါမှ မဟုတ်ရင်လည်း ဖွံ့ဖြိုးတိုးတက်မှုကို ဖန်တီးနိုင်တယ်ဆိုတဲ့ အယူအဆနဲ့ ဆွေးနွေးတာ များပါတယ်ခင်ဗျ။

ကိုဉာဏ်ဝင်းအောင်။ ။ မြန်မာနိုင်ငံမှာ ကုမ္ပဏီအများစုကို ခြုံကြည့်ရင် လူ့အခွင့်အရေးပိုင်းနဲ့ ပတ်သက်ပြီးတော့ ကိုင်တွယ်ဖြေရှင်းပေးနေတဲ့အနေအထားတွေရော ဦးအောင်မျိုးမင်းတို့ လေ့လာတွေ့ရှိရသလား။

ဦးအောင်မျိုးမင်း။ ။ ဒီလိုကုမ္ပဏီတွေ ရင်းနှီးမြှုပ်နှံတဲ့သူတွေအနေနဲ့ လူ့အခွင့်အရေး လေးစားလိုက်နာရမယ့် အနိမ့်ဆုံးစံချိန်တခုကို ကုလသမဂ္ဂမှာ ဖော်ဆောင်ထားပြီးသားဖြစ်ပါတယ်။ ဒါပေမယ့် နိုင်ငံတိုင်းမှာ ရှိတဲ့ ကုမ္ပဏီကြီးတွေ မလိုက်နာကြပါဘူး။

ကိုဉာဏ်ဝင်းအောင်။ ။ အဲဒီတော့ ခုနက ဦးအောင်မျိုးမင်း ပြောသွားတဲ့ အနိမ့်ဆုံးစောင့်ရှောက်ရမယ့် စံချိန်စံညွှန်းတွေဆိုတာ ဘယ်လိုဟာမျိုးလဲခင်ဗျ။

ဦးအောင်မျိုးမင်း။ ။ ကုလသမဂ္ဂမှာ သတ်မှတ်ထားတဲ့ အနိမ့်ဆုံးစီးပွားရေးဆိုင်ရာ လူ့အခွင့်အရေးဆိုင်ရာ သဘောတူဦချက်အချက်တချက်ဖြစ်ပါတယ်။ minimum standard ပါ အဲဒီမှာ ဘာဆိုလိုထားသလဲဆိုတော့ စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုလုပ်ဆောင်တာက အခွင့်အရေးတရပ်ဖြစ်ပါတယ်။ ဒါပေမယ့် ကိုယ့်အခွင့်အရေးလုပ်ဆောင်မှုကြောင့် ဒေသခံတွေ ရဲ့ လူမှုရေး၊ ကျန်းမာရေး ထိခိုက်တဲ့အရာမျိုး အထူးသဖြင့် အခုပြောနေတဲ့ သဘာဝပတ်ဝန်းကျင် ထိခိုက်မှုမဖြစ်အောင် ကျနော်တို့ Right to Information သတင်းရရှိခွင့်၊ Right to Participation ဒေသခံပြည်သူတွေပါဝင်ခွင့် Right to Remedy လျော်ကြေးရရှိခွင့် ဒီ Frame work အတိုင်း လုပ်ဆောင်ရမယ့်အရာတွေပါတယ်။ နောက်တခုက ကုမ္ပဏီကြီးတွေမှာ တချို့သောကိစ္စမှာ ကလေးအလုပ်သမားအပါအဝင် အလုပ်သမားတွေအပေါ် အမြတ်ထုတ်တဲ့အရာမျိုးမရှိတဲ့ Policy တွေချမှတ်ရမယ်၊ နောက်တခါ လိင်ပိုင်းဆိုင်ရာ စော်ကားမှုမရှိသော ခွဲခြားမှုမရှိသော Policy တွေချမှတ်ရမယ် ဆိုတဲ့ ယေဘုယျအချက်တွေပါဝင်ပါတယ်။

ကိုဉာဏ်ဝင်းအောင်။ ။ မြန်မာနိုင်ငံက မြန်မာစီးပွားရေးလုပ်ငန်းရှင်ကုမ္ပဏီတွေ ဒါမှမဟုတ် ပြည်ပကလာတဲ့ ကုမ္ပဏီတွေကိုကြည့်ရင် လူ့အခွင့်အရေးချိုးဖောက်တဲ့ သာဓကတွေ ဘာတွေရှိနေပါသလဲ။

ဦးအောင်မျိုးမင်း။ ။ ကျနော်တို့တိုင်းပြည်မှာတော့ လယ်ယာမြေ ပြဿနာကတော့ အကြီးမားဆုံးဖြစ်မယ်လို့ ထင်ပါတယ်။ ဘာကြောင့်လဲဆိုတော့ မြေယာကို သိမ်းဆည်းပြီး လျော်ကြေးမရရှိတဲ့ အချက်က ပထမဦးဆုံးကြုံတွေ့ရတဲ့ အခက်အခဲဖြစ်ပါတယ်။ နောက်ထပ်တခုကတော့ အထည်ချုပ်စက်ရုံလိုမျိုးတခြားသော စားသောက်ကုန်စက်ရုံတွေမှာ အခြေခံအလုပ်သမားလစာတွေနဲ့ အခြေခံ အလုပ်သမားအခွင့်အရေး ၊ အပန်းဖြေအနားယူခွင့်အပါအဝင် ကျန်းမာရေး စောင့်ရှောက်ပိုင်ခွင့် မရှိတဲ့ ပြဿနာပါ။ ဒါက တော်တော်များများကို အထည်ချုပ် စက်ရုံတွေမှာ ကြုံတွေ့နေရတယ်။ နောက်တခါ အလုပ်သမား သမဂ္ဂ ဖွဲ့စည်းခွင့်ရှိတယ်ဆိုပေမယ့် တကယ်တမ်းကျနော်တို့ လုပ်ဆောင်တဲ့အချိန်မှာ အလုပ်သမား ဥပဒေအတိုင်း မကာကွယ်ပဲနဲ့ ထုတ်ပစ်တာတွေ အပြစ်ပေးအရေးယူတာတွေ ရှိတာ ကျနော်တို့ တိုင်းပြည်မှာ ကြုံနေရပါတယ်။ နောက်တခုကတော့ ကလေးအလုပ်သမားကိစ္စပါ။

ကိုဉာဏ်ဝင်းအောင်။ ။ဆိုတဲ့အခါကျတော့စီးပွားရေးလုပ်ငန်းရှင်တွေနဲ့ လူ့အခွင့်အရေးကိစ္စကြားမှာ အရပ်ဖက်လူမှု့အဖွဲ့အစည်းတွေရဲ့ အခန်းကဏ္ဍနဲ့ ပတ်သက်လို့ရော။

ဦးအောင်မျိုးမင်း။ ။ ကျနော်တို့ဆွေးနွေးပွဲမှာက အရပ်ဖက်လူမှု့အဖွဲ့အစည်းတွေ အနေနဲ့ကရောစီးပွားရေးလုပ်ငန်းရှင်တွေရဲ့ အကူအညီနဲ့ ကျနော်တို့ လုပ်နိုင်မလား ဆိုတဲ့မေးခွန်းတွေရှိလာပါတယ်။ အမှန်တော့ လူ့အခွင့်အရေး ကာကွယ်စောင့်ရှောက်တဲ့ စိတ်ထားမျိုးရှိတဲ့ ကုမ္ပဏီတွေအနေနဲ့ကတော့ အရပ်ဖက်လူမှု့အဖွဲ့အစည်းတွေအားကောင်းလာအောင် လုပ်ဆောင်နေတယ်။ ဒါပေမယ့် တော်တော်များများက အရပ်ဖက်လူမှု့အဖွဲ့အစည်းတွေCSO တွေဆိုရင် ပြဿနာရှာတဲ့လူတွေအမြင်နဲ့ မြင်ပြီးတော့ ပူးပေါင်းဆောင်ရွက်မှုတွေမရှိကြဘူး။ ဒါကြောင့် သံသယတွေ ဖျောက်ဖို့အတွက်ကတော့ အစိုးရနဲ့ စီးပွားရေး ကုမ္ပဏီရှင်တွေ တွေ့ဆုံတဲ့ နေရာတိုင်းမှာ အရပ်ဖက်လူမှုအဖွဲ့အစည်းတွေက တရားဝင် ပါဝင်ခွင့်ရှိပြီးတော့ အမြင်ဖလှယ်ခွင့်၊ ပူးပေါင်းဆောင်ရွက်နိုင်တဲ့ အခွင့်အရေးတွေရှိသင့်တယ်လို့ ပြောပါတယ်။

ကိုဉာဏ်ဝင်းအောင်။ ။ အဲဒီတော့ လူ့အခွင့်အရေးချိုးဖောက်ခံနေရတာ တွေကို အစိုးရ ကိုယ်တိုင်က ဝိုင်းဝန်းပြီးတော့ ကာကွယ်ဖို့အတွက် ဘယ်လောက်အထိ ပူးပေါင်းဆောင်ရွက်မှုတွေရှိနေပါသလဲ။

ဦးအောင်မျိုးမင်း။ ။ ဒါမျိုးလုပ်ဆောင်ဖို့အတွက်တော့ ကျနော်တို့ အစိုးရရဲ့ ပူးပေါင်းပါဝင်မှုက အရေးကြီးပါတယ်။ နိုင်ငံခြားရင်းနှီးမြုပ်နှံမှု ဥပဒေမှာ အမြတ်အစွန်းတခုတည်းမကြည့်ပဲနဲ့ သဘာ၀ သံယံဇာတအပါအဝင် အလုပ်သမား နောက်တခါ ဒေသခံလူထုရဲ့ အခွင့်အရေးအပေါ်မှာ ထိခိုက်ပြီးတော့ အမြတ်ထုတ်တာ မဖြစ်ဖို့အတွက် ကာကွယ်ပေးသောအချက်တွေ ဥပဒေထဲမှာ ပါဝင်ဖို့အတွက် လုပ်ဆောင်ဖို့အတွက် လိုအပ်ပါတယ် ဒါကို တိတိကျကျ ဖော်ပြထားတာ မရှိသေးပါဘူး။ နောက်ထပ်တခုကတော့ ဒါမျိုးဖြစ်လာရင် တိုင်ကြားနိုင်မယ့် လွတ်လပ်သော ယန္တယားမရှိသေးပါဘူး။

Equality Myanmar လူ့အခွင့် အရေးအဖွဲ့ ဒါရိုက်တာ ဦးအောင်မျိုးမင်းကို ကိုဉာဏ်ဝင်းအောင်ဆက်သွယ်မေးမြန်းခဲ့တာပါ။

နိုဝင်ဘာ(၂၇/၂၈) နှစ်ရက်ကြာကျင်းပနေတဲ့ ဂျနီဗာဆွေးနွေးပွဲကို လူ့အခွင့်အရေးကောင်စီ အဖွဲ့ဝင်နိုင်ငံတွေ တက်ရောက်ကြသလို၊ Microsoft လို ကမ္ဘာ့ကုမ္ပဏီကြီးတချို့က ကိုယ်စားလှယ်တွေလည်း တက်ရောက်ပြီး၊ နိုင်ငံအသီးသီးက အရပ်ဖက်လူမှုအဖွဲ့အစည်း ဦးဆောင်သူတွေလည်း တက်ရောက်ခဲ့ကြပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG