သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာ့အရေး ကုလပျက်ကွက်ကြောင်း အစီရင်ခံစာ မြန်မာအစိုးရပယ်ချ


(၇၃)ကြိမ်မြောက် ကုလသမဂ္ဂအထွေထွေညီလာခံမှာ တုန့်ပြန်ပြောကြားနေတဲ့ ကုလသမဂ္ဂဆိုင်ရာ မြန်မာသံအမတ်ကြီး ဟောက်ဒိုဆွမ် (ဒီဇင်ဘာလ ၂၂ ၂၀၁၈)
(၇၃)ကြိမ်မြောက် ကုလသမဂ္ဂအထွေထွေညီလာခံမှာ တုန့်ပြန်ပြောကြားနေတဲ့ ကုလသမဂ္ဂဆိုင်ရာ မြန်မာသံအမတ်ကြီး ဟောက်ဒိုဆွမ် (ဒီဇင်ဘာလ ၂၂ ၂၀၁၈)

ရခိုင်ပြည်နယ်ကနေ ရိုဟင်ဂျာတွေ အလုံးအရင်းနဲ့ ထွက်ပြေးခဲ့ရတဲ့ အခြေအနေမရောက်အောင် ကုလသမဂ္ဂက ဟန့်တားဖို့ ပျက်ကွက်ခဲ့ကြောင်း အစီရင်ခံစာကို မြန်မာအစိုးရက ပယ်ချလိုက်ပါတယ်။ မြန်မာအစိုးရတွေ အနေနဲ့ ကုလသမဂ္ဂနဲ့ အစဉ်တစိုက် ပူးပေါင်းဆောင်ရွက်ခဲ့သလို ဒုက္ခသည်တွေအရေး အပါအဝင် သဘောထား ကွဲပြားတဲ့ ကိစ္စတွေမှာတောင် ညှိနှိုင်းဆောင်ရွက်ခဲ့တဲ့အကြောင်း ကုလသမဂ္ဂဆိုင်ရာ မြန်မာသံအမတ်ကြီး ဟောက်ဒိုဆွမ်း ကပြောဆိုလိုက်တာပါ။ သံအမတ်ကြီး ဟောက်ဒိုဆွမ်းကို မဆုမွန်က ဆက်သွယ်မေးမြန်းရာမှာ အခုလို စတင် ဖြေကြားထားပါတယ်။

ကုလသမဂ္ဂဆိုင်ရာ မြန်မာသံအမတ်ကြီး ဟောက်ဒိုဆွမ်း။ ။ အမှန်အတိုင်းပြောရရင်တော့ ဒီကိစ္စက ဖြစ်လာတာကတော့ ကျနော်တို့ လူ့အခွင့်အရေးကောင်စီက သူတို့ဆုံးဖြတ်ချက်ပေါ့နော် အဲဒီ ကျနော်တို့ မြန်မာနိုင်ငံလူ့အခွင့်အရေးအခြေအနေနဲ့ ပတ်သက်တဲ့ ဆုံးဖြတ်ချက်ရဲ့ နောက်ဆက်တွဲ အဲလိုကျနော်နားလည်တာပေါေ့နာ်။ ဆိုတော့ အမှန်ကတော့ သက်သက်အပြစ်ရှာတဲ့ သဘောပါပဲခင်ဗျ။ ကုလသမဂ္ဂ ဆိုတာက မြန်မာနိုင်ငံတခုတည်းအတွက်မဟုတ်ပါဘူး။ နိုင်ငံတော်တော်များများမှာ သူတို့ ဒီအစီအစဉ်တွေလုပ်နေတာပဲ။ ကျနော်တို့ ကုလသမဂ္ဂနဲ့ ပူးပေါင်းဆောင်ရွက်တာလည်း လွတ်လပ်ရေးရပြီးကတည်းက ၁၉၅၀ လောက်ကတည်းက စပြီးတော့ ကုလသမဂ္ဂရုံးစိုက်ပြီးတော့ တောက်လျောက်လုပ်လာတာပါပဲ။ အခုကျမှ ရခိုင်ကိစ္စဖြစ်လာတဲ့အခါကျမှ ကုလသမဂ္ဂလုပ်ဆောင်မှုက ဘယ်လောက်ဖြစ်တယ်ဆိုတာကို စုံစမ်းစစ်ဆေးရေး အစီရင်ခံစာ သဘောမျိုးလုပ်ခိုင်းတယ်ဆိုတာကတော့ ကျနော်အသေးစိတ်တော့မပြောလိုပါဘူး သို့သော် မူအရ မူလကတည်းက သဘောရိုးနဲ့ စေတနာမှန်နဲ့ လုပ်တာမဟုတ်ဘူးလေ။ လုပ်မယ်ဆိုရင် မြန်မာနိုင်ငံတခုတည်းမလုပ်နဲ့ အကုန်လုပ်ပေါ့။ အခုလည်း အာဖရိကတို့မှာ UNHCR နဲ့ ပတ်သက်ပြီး မသမာမှုတွေလုပ်တာတွေလည်း အများကြီးရှိတာပဲ။ အမှန်ကတော့ အပြစ်ရှာတဲ့သဘောမျိုးနဲ့ ရခိုင်ကိစ္စနဲ့ ပတ်သက်ပြီးတော့ မြန်မာနိုင်ငံအစိုးရနဲ့တကွ ကုလတာဝန်ရှိသူတွေ ဘယ်လိုအပြစ်ရှိတယ်ဆိုတာကို ရှာချင်တဲ့ တမင်ရည်ရွယ်ချက်နဲ့လုပ်တယ်လို့ပဲ ကျနော်အဲလိုမြင်တယ်လေ။

မဆုမွန်။ ။ ဟုတ်ကဲ့ရှင် သံအမတ်ကြီး ဒီအစီရင်ခံမှာ ဖော်ပြထားသလိုပေါ့နော်။ ကုလသမဂ္ဂဟာ မြန်မာနိုင်ငံနဲ့ပတ်သက်ပြီး တာဝန်မကျေခဲ့ဘူးလို့ ပြောလို့ရနိုင်သလား။ ဒါမှမဟုတ်လို့ရှိရင် ကုလသမဂ္ဂရဲ့ မြန်မာနိုင်ငံအပေါ် ဆောင်ရွက်ချက်တွေအပေါ်မှာရော သံအမတ်ကြီးအနေနဲ့ ဘယ်လိုမြင်မိပါသလဲရှင့်။

ကုလသမဂ္ဂဆိုင်ရာ မြန်မာသံအမတ်ကြီး ဟောက်ဒိုဆွမ်း။ ။ ကျနော်ကတော့ ကုလသမဂ္ဂ မြန်မာနိုင်ငံအပေါ် တာဝန်မကျေခဲ့ဘူးလို့တော့မပြောချင်ပါဘူး။ ဒီအိမ်ရှင်အစိုးရနဲ့ ကုလသမဂ္ဂ ဌာနကိုယ်စားလှယ်နဲ့ အဖွဲ့အစည်းတွေနဲ့ သူတို့ ညှိညှိနှိုင်းနှိုင်းလုပ်တာပဲ။ ကျနော်သိသလောက်ကတော့ အခုအထိက ကျနော်ပြောလို့ရတာပေါ့နော် ခက်ခဲတယ်လို့ပေါ့နော်။တာဝန်မကျေဘူးလို့တော့ ကျနော်အဲလိုမမြင်ပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ လူဆိုတာ အားနည်းချက်ရှိကြတာပါပဲ။ ကုလသမဂ္ဂဆိုတာ လူများစွာနဲ့ဖွဲ့စည်းထားတဲ့ အဖွဲ့အစည်း ပေါင်းစုံရှိတယ်။ ဆိုတော့ အားနည်းချက်တွေလည်းရှိမယ် တခါတလေကျတော့ coordination အပိုင်းတွေမှာ မထိရောက်နိုင်တာလည်းရှိမယ်။ ဖွဲ့စည်းပုံက နည်းတာမှမဟုတ်တာ ကျနော်တို့ လုပ်နေကြတာ။ ဆိုတဲ့အခါကျတော့ အားနည်းချက်တွေလည်းရှိမယ် သို့သော်လည်း တယောက်နဲ့တယောက် အပြစ်တင်မယ့်အစားတော့ ဒီအားနည်းချက်တွေကို ဘယ်လိုပြုပြင်မလဲဆိုတာနဲ့ သွားဖို့တော့ ပိုကောင်းတာပေါ့နော်။

မဆုမွန်။ ။ ဟုတ်ကဲ့ အခု ဘင်္ဂလားဒေ့ရှ်နိုင်ငံ ဘက် တိမ်းရှောင်သွားတဲ့ ဒုက္ခသည်တွေအရေးနဲ့ပတ်သက်ပြီးတော့ အဆင်မပြေဘူး နှောင့်နှေးတယ်။ ပျက်ကွက်မှုတွေ ရှိနေတယ်ဆိုတာကိုလည်း ပြောထားတော့ နောက်ဆုံးအခြေအနေပေါ့နော် ဒီ ကုလသမဂ္ဂရယ် ဘင်္ဂလားဒေ့ရှ်ရယ် မြန်မာနိုင်ငံရယ် ဒီသုံးဖွဲ့ပူးပေါင်းပြီးတော့ ဒီဒုက္ခသည်အရေး ဆောင်ရွက်မှုတွေရဲ့ နောက်ဆုံးက ဘယ်လိုအလားအလာရှိပါသလဲရှင်။

ကုလသမဂ္ဂဆိုင်ရာ မြန်မာသံအမတ်ကြီး ဟောက်ဒိုဆွမ်း။ ။ နောက်ဆုံးလုပ်နေတဲ့ အခြေအနေကတော့ ကျနော်တို့ဘက်ကနေ ပြောရမယ်ဆိုရင် ကျနော်တို့ ၁၄ ရက်နေ့ကပဲ အာဆီယံအတွင်းရေးမှူးချုပ်ကနေပြီးတော့ Jakarta မှာ သံတမန်တွေကို ရှင်းလင်းတယ်။ ကျနော်တို့ အာဆီယံစင်တာနဲ့ ပူးတွဲပြီးတော့ ပြန်လာမယ့်လူတွေကို လက်ခံဖို့အတွက် အာဆီယံ ဘက်ကနေလည်း ဘယ်လိုပံ့ပိုးပေးနိုင်မလဲ လိုအပ်ချက်တွေပေါ့နော် အဓိကတော့ ကျနော်တို့ ဒီလက်ခံရေးစခန်းတွေမှာ သူတို့ capacity ကို ဘယ်လိုမြှင့်အောင်လုပ်မလဲ။ နောက်ပြီးတော့ လက်ခံရေးနဲ့ ပတ်သက်ပြီးတော့ ပြန်ဖို့ကိစ္စနဲ့ ပတ်သက်ပြီးတော့ သတင်းထုတ်ပြန်ရေးတွေမှာလည်း ဘယ်လိုကျယ်ကျယ်ပြန့်ပြန့်နဲ့ ထိထိရောက်ရောက်ဘယ်လိုလုပ်နိုင်မလဲ။ နောက်တခါ ပြန်လာတဲ့လူတွေ ဒီအထောက်အပံ့ပေါ့နော် စားဝတ်နေရေးကအစ ဖွံ့ဖြိုးရေးကအစ လုပ်နိုင်မယ်ဆိုရင် ။ အာဆီယံကလည်း ကျနော်တို့ကို ကူညီပံ့ပိုးဖို့လုပ်နေပြီ တဖက်ကလည်း ကျနော်တို့ ၃ ဖွဲ့ပေါ့နော် UN နဲ့ လက်မှတ်ထိုးထားတာရှိတယ်လေ UNDP ရယ်၊ UNHCR ရယ် ကျနော်တို့ရယ် ထိုးထားတဲ့ဟာလည်း ကျနော်တို့ မေလ ၂၉ ရက်နေ့ကနေစပြီးတော့ သက်တမ်းထက်တိုးလိုက်တယ်။ တိုးလိုက်တယ်ဆိုတဲ့အခါ ကျနော်တို့က ဒီဟာလည်း ဆက်လက်လုပ်မယ် အခုကျနော်တို့ UN နဲ့ ထိုးထားတဲ့ MOU အရ ကျနော်တို့ စီမံချက်လေးတွေပေါ့ လုပ်ထားတာရှိတယ် ဒါတွေကို ဆက်လက်ပြီးအကောင်အထည်ဖော်ဖို့ရှိတယ် အဓိကတော့ ဘင်္ဂလားဒေ့ရှ်နဲ့က ကျနော်တို့ ရှင်းရှင်းပြောရရင် ကျနော်တို့က အကုန်လုံးကို တပြိုင်တည်းလည်း လက်မခံနိုင်ဘူး။ အဲဒီတော့ ၂ နိုင်ငံ သဘောတူစာချုပ်အရ သဘောတူထားတဲ့ MOU အရ ကျနော်တို့ အရေအတွက်နဲ့ တဖြေးဖြေးချင်း ကျနော်တို့ လက်ခံသွားမယ်။ဆိုပြီးတော့ ကျနော်တို့ ပြောထားပြီးသား ကျနော်တို့ဘက်ကလည်း အဲဒီလိုလက်ခံနိုင်အောင် ပြင်ဆင်ထားပြီးသား။ ဒါပေမယ့် အားလုံးသိတဲ့အတိုင်း မနှစ်က နိုဝင်ဘာမှာ လက်ခံပါ့မယ်ဆိုပြီးတော့ အကုန်အဆင်သင့်ဖြစ်ထားတာ သူတို့ဘက်က ပြန်မလွှတ်ဘူး တယောက်မှ ပြန်မလာဘူးပြောတယ်။ ပြီးတဲ့အခါကျတော့ ကျနော်တို့ဘက်က အဆင်သင့်မဖြစ်ဘူးလို့ပြောတယ်။ ဆိုတော့ သူတို့ဘက်ကအပိုင်းပဲ ကျနော်တို့ဘက်ကတော့ အဆင်သင့်ဖြစ်ပြီးလက်ခံမယ်လို့ ကျနော်တို့ပြောပြီးသား စာရင်းတွေလည်း ပို့ပြီးသား အဲဒီတော့ ကျနော်တို့ဘက်က အဆင်သင့်ပဲ အဲဒီတော့ နှစ်နိုင်ငံ သဘောတူချက်နဲ့ ပတ်သက်ပြီးတော့ ဘင်္ဂလားဒေ့ရှ်ဘက်ကနေပြီးတော့ ပါဝင်ပြီးတော့ လိုလိုလားလားနဲ့ စိတ်ရောကိုယ်ပါ သူ့တို့ဘက်ကနေပြီးတော့ လုပ်ရမယ့်တာဝန်ကို သူတို့လုပ်ဖို့ပဲလိုပါတယ်။

မဆုမွန်။ ။ သံအမတ်ကြီးဖြေပေးတာ ကျေးဇူးအများကြီးတင်ပါတယ်ရှင်။”

ကုလသမဂ္ဂဆိုင်ရာ မြန်မာသံအမတ်ကြီး ဟောက်ဒိုဆွမ်း ကို ဗွီအိုအေမြန်မာပိုင်းက မဆုမွန် ဆက်သွယ်မေးမြန်းခဲ့တာပါ။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG