သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာလက်နက်ကိုင် ပဋိပက္ခကြောင့် လူအများအပြား သေဆုံးဖွယ်ရှိ - ကုလ လူ့အခွင့်အရေး အကြီးအကဲ


ကုလသမဂ္ဂ လူ့အခွင့်အရေး ကော်မရှင်နာမင်းကြီး Michelle Bachelet. (ဇွန် ၁၇၊ ၂၀၂၀)
ကုလသမဂ္ဂ လူ့အခွင့်အရေး ကော်မရှင်နာမင်းကြီး Michelle Bachelet. (ဇွန် ၁၇၊ ၂၀၂၀)

(Zawgyi / Unicode)

မြန်မာနိုင်ငံမှာ စစ်တပ်က အာဏာသိမ်းမှုကို ဆန့်ကျင်တဲ့ လက်နက်ကိုင် ပဋိပက္ခတွေဟာ နိုင်ငံတဝန်းမှာ အရှိန်အဟုန်မြှင့် ပျံ့နှံ့လာနေပြီး အဲဒီအတွက် လူအမြောက်အမြား သေကျေပျက်စီးနိုင်တယ်လို့ ကုလသမဂ္ဂ လူ့အခွင့်အရေး ကော်မရှင်နာမင်းကြီး Michelle Bachelet က သတိပေး ပြောလိုက်ပါတယ်။ ဗွီအိုအေ သတင်းထောက် Lisa Schlein ဆွစ်ဇာလန်နိုင်ငံ ဂျီနီဗာမြို့ကနေ သတင်းပေးပို့ထားတာကို ကိုရန်နိုင်က တင်ပြပေးထားပါတယ်။

မြန်မာနိုင်ငံမှာ ဒီမိုကရေစီနည်းအရ ရွေးကောက်တင်မြှောက်လိုက်တဲ့ အရပ်သားအစိုးရကို ဖြုတ်ချပြီး စစ်တပ်က အာဏာသိမ်းတဲ့အပေါ် လူမှုအဖွဲ့အစည်းတွေက ဆန့်ကျင်ခဲ့ကြတဲ့နောက် အကြမ်းဖက်မှုတွေ လူ့အခွင့်အရေး ချိုးဖောက်မှုတွေ ဆက်တိုက် အရှိန်မြင့် ဖြစ်လာနေပါတယ်။

မြန်မာစစ်ခေါင်းဆောင်တွေဟာ ပဋိပက္ခတွေကို အရှိန်လျော့ကျအောင် လုပ်တဲ့အစား အဓိကကျတဲ့ နေရာတွေမှာ စစ်အင်အားတွေကို ပိုပြီးတော့ တိုးချဲ့လာနေတယ်လို့ လူ့အခွင့်အရေးဆိုင်ရာ ကုလသမဂ္ဂ မဟာမင်းကြီး Michelle Bachelet က ပြောပါတယ်။ အထူးသဖြင့် တိုင်းရင်းသားနဲ့ လူနည်းစု ဘာသာဝင်တွေ နေထိုင်ကြတဲ့ ကယားပြည်နယ်၊ ချင်းပြည်နယ်နဲ့ ကချင်ပြည်နယ်တွေမှာ အဓိကဖြစ်နေတာ ဖြစ်ပါတယ်။

မြန်မာစစ်ကောင်စီတပ်တွေဟာ လက်နက်ကိုင်တပ်ဖွဲ့တွေအပြင် အရပ်သားတွေ၊ အရပ်သားတွေ ပိုင်ဆိုင်တဲ့ အိုးအိမ်အဆောက်အအုံ ပစ္စည်းတွေနဲ့ ခရစ်ယာန်ဘုရားကျောင်းတွေကို လေကြောင်းပစ်ခတ်မှု အပါအဝင် လက်နက်ကြီးတွေနဲ့ပါ ပစ်ခတ်တိုက်ခိုက်နေတယ်လို့ လူ့အခွင့်အရေးဆိုင်ရာ ကုလသမဂ္ဂ မဟာမင်းကြီးရဲ့ ပြောခွင့်ရ Ravia Shamdasani က ပြောလိုက်ပါတယ်။

“ခိုင်လုံတဲ့ သတင်းပေးပို့ချက် အစီရင်ခံစာတွေအရ မြန်မာစစ်တပ်ဟာ အရပ်သားတွေကို လူသားဒိုင်းသဖွယ် အသုံးပြုနေပြီး အရပ်သားတွေရဲ့ နေအိမ်တွေ၊ ဘုရားကျောင်းတွေကို လက်နက်ကြီးတွေနဲ့ ဗုံးကြဲတိုက်ခိုက်တာတွေ လုပ်နေပါတယ်။ ဒါ့အပြင် မြန်မာစစ်တပ်ဟာ လူသားချင်းစာနာမှု အကူအညီပေးသူတွေကို တိုက်ခိုက်တာတွေ အပါအဝင် လူသားချင်းစာနာမှု အကူအညီတွေကို ပိတ်ပင်တားဆီး နေပါတယ်။ ကယားပြည်နယ် တခုတည်းမှာတင် ပြီးခဲ့တဲ့ ၃ ပတ်အတွင်း သူတို့ရဲ့ အိုးအိမ်တွေကို စွန့်ခွာထွက်ပြေးနေသူဦးရေဟာ ၁၀၈,၀၀၀ ကျော်သွားပြီ ဖြစ်ပါတယ်။ အဲဒီထဲက အတော်များများက တောတောင်တွေထဲကို ထွက်ပြေးသွားကြတာဖြစ်ပြီး အစားအစာ၊ ရေ၊ မိလ္လာစနစ်၊ ဆေးဝါးနဲ့ ကျန်းမာရေးစောင့်ရှောက်မှုတွေ မရှိပါဘူး။”

ဒါ့အပြင် မြန်မာစစ်တပ်ဟာ တိုက်ပွဲတွေအတွင်းမှာ ထိခိုက်ပျက်စီးသွားတဲ့ ဆေးရုံတွေ၊ ကျောင်းတွေနဲ့ ဘာသာရေးအဖွဲ့အစည်း နေရာတွေကို သိမ်းယူ ပစ်ခတ်တိုက်ခိုက်မှုတွေ လုပ်ခဲ့တာတွေနဲ့ ပတ်သက်ပြီး ခိုင်လုံတဲ့ အစီရင်ခံစာ သတင်းပေးပို့ချက်တွေကို လူ့အခွင့်အရေး မဟာမင်းကြီးရုံးက ရရှိထားတယ်လို့ Shamdasani က ပြောပါတယ်။ ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၁ ရက်နေ့က စစ်တပ်က အာဏာသိမ်းမှုကို ဆန့်ကျင်တဲ့ ဆန္ဒပြပွဲတွေ ဖြစ်ခဲ့ချိန်ကစပြီး အခုချိန်အထိ စစ်ကောင်စီတပ်တွေရဲ့ အကြမ်းဖက် ပစ်ခတ်မှုတွေကြောင့် သေဆုံးသူဟာ ၈၆၀ ကျော်သွားပြီ ဖြစ်တယ်လို့ သူကပြောပါတယ်။

“တချိန်တည်းမှာပဲ တက်ကြွလှုပ်ရှားသူတွေ၊ သတင်းထောက်တွေနဲ့ စစ်တပ်ကို အတိုက်အခံ လုပ်သူတွေကို ဖမ်းဆီးတာတွေ နိုင်ငံတဝန်းမှာ ဆက်လုပ်နေပြီး ခိုင်လုံတဲ့ သတင်းအရင်းအမြစ်တွေ အရတော့ လူပေါင်း ၄,၈၀၀ ကျော် ဥပဒေမဲ့ ဆက်ပြီးတော့ ဖမ်းဆီးခံထားရတုန်းပဲ ဖြစ်တယ်လို့ ဖော်ပြနေပါတယ်။ ဒါ့အပြင် ဖမ်းဆီးထားတဲ့သူတွေ ညှဉ်းပန်းနှိပ်စက်တာတွေနဲ့ တက်ကြွလှုပ်ရှားသူတွေရဲ့ မိသားစုဝင်တွေကို အပြစ်ပေး အရေးယူတာတွေနဲ့ ပတ်သက်ပြီးတော့ လူ့အခွင့်အရေး ကော်မရှင်နာမင်းကြီး အနေနဲ့ အလွန်ပဲ စိုးရိမ်ပူပန်မိပါတယ်။”

နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) ရဲ့ အခုနောက်ဆုံး ထုတ်ပြန်ချက်အရတော့ ဖေဖော်ဝါရီ ၁ ရက်နေ့ စစ်တပ်အာဏာသိမ်းချိန်ကစပြီး စုစုပေါင်း ဖမ်းဆီးခံရသူဟာ ၆,၀၀၀ ကျော်ရှိပြီး အခုချိန်ထိ ဆက်လက်ဖမ်းခံရသူကတော့ ၄,၈၄၈ ယောက်ထက်မနည်း ရှိတယ်လို့ ထုတ်ပြန်ထားပါတယ်။

မြန်မာစစ်တပ်အနေနဲ့ အရပ်သားတွေကို ကာကွယ်ဖို့အတွက် တာဝန်ရှိတယ်လို့ လူ့အခွင့်အရေးဆိုင်ရာ ကုလမဟာမင်းကြီး Michelle Bachelet က ပြောလိုက်ပါတယ်။ ဒါ့အပြင် အရပ်သားတွေနဲ့ အရပ်သားတွေပိုင်ဆိုင်တဲ့ အိုးအိမ် အဆောက်အအုံ ပစ္စည်းတွေအပေါ်မှာ မယုံနိုင်လောက်အောင် လက်နက်ကြီးတွေ အသုံးပြုပြီး တိုက်ခိုက်နေတာတွေကို ရပ်တန့်ဖို့ နိုင်ငံတကာ အသိုင်းအဝိုင်း အနေနဲ့ တောင်းဆိုရမှာဖြစ်ပြီး မြန်မာစစ်ကောင်စီတပ်တွေ အနေနဲ့ သူတို့ရဲ့ လုပ်ရပ်တွေအတွက် တာဝန်ယူရမှာ ဖြစ်တယ်လို့လည်း ပြောလိုက်ပါတယ်။

မြန်မာနိုင်ငံဟာ ၄ လကျော် ကာလအတွင်းမှာပဲ မခိုင်မာတဲ့ ဒီမိုကရေစီနိုင်ငံ အဖြစ်ကနေ လူ့အခွင့်အရေး ဘေးဒုက္ခကပ်ဆိုးကြီး ဆိုက်တဲ့ နိုင်ငံတခု ဖြစ်လာနေတယ်လို့လည်း သူကပြောပါတယ်။ အခုလို မြန်မာနိုင်ငံမှာဖြစ်နေတဲ့ ပဋိပက္ခ ပြဿနာနဲ့ ပတ်သက်ပြီး မြန်မာစစ်ခေါင်းဆောင်တွေမှာ တာဝန်ရှိပြီး အဲဒီအတွက် တာဝန်ယူရမှာ ဖြစ်တယ်လို့လည်း သူကပြောလိုက်ပါတယ်။

တိုက်ရိုက် လင့်ခ်

-----------------------

(Unicode)












XS
SM
MD
LG