သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

“အပူပိုင်းမုန်တိုင်းကြောင့် မိုးကြီးလေပြင်းနိုင်” မိုးဇလ


မြန်မာမုတ်သုန်ရာသီလေတိုက်ခတ်နှုန်းပြဇယား။ (စက်တင်ဘာ ၁၉၊ ၂၀၂၄/မိုးလေဝသမြန်မာ ရန်ကုန်ဌာနခွဲ ဖဘ)
မြန်မာမုတ်သုန်ရာသီလေတိုက်ခတ်နှုန်းပြဇယား။ (စက်တင်ဘာ ၁၉၊ ၂၀၂၄/မိုးလေဝသမြန်မာ ရန်ကုန်ဌာနခွဲ ဖဘ)

တောင်တရုတ်ပင်လယ်ပြင်မှာဖြစ်ပေါ်နေတဲ့ အပူပိုင်းမုန်တိုင်း Soulik ရဲ့အရှိန်ကြောင့် မြန်မာနိုင်ငံမှာ ပြည်နယ်နဲ့တိုင်းအလိုက် မိုးကြီးလေပြင်း နိုင်တယ်လို့ မိုးဇလက သတိပေးထားပါတယ်။ လာမယ့် ၂၁ ရက်ကနေ ၂၅ ရက်နေ့အတွင်းသဘာဝဘေးဒဏ် သတိထားရမယ့် နေရာတွေကိုလည်း ခန့်မှန်းထားပါတယ်။ ဒီအကြောင်း ရန်ကုန်ကနေ ပေးပို့ထားတဲ့သတင်းကို ကိုဉာဏ်ဝင်းအောင်က တင်ပြပေးထားပါတယ်။

အပူပိုင်းမုန်တိုင်း Soulik ရဲ့ အကြွင်းအကျန် တိမ်တိုက်တွေနဲ့ လေပွေလှိုင်းဟာ မြန်မာနိုင်ငံ အရှေ့တောင်ပိုင်း ဒေသတွေဆီ စက်တင်ဘာလ ၂၀ ရက်နေ့ကစပြီး ဖြတ်ကျော်မယ်လို့ မိုးဇလဌာနက ထုတ်ပြန်ထားပါတယ်။ အခုရောက်ရှိလာမယ့်Soulik ရဲ့ အကြွင်းအကျန်အရှိန်ဟာ ပြီးခဲ့တဲ့ ရက်ပိုင်းထဲ မြန်မာနိုင်ငံက နေရာဒေသ တော်တော်များများကို ရေဘေးဒဏ်သင့်စေခဲ့တဲ့ Yagi မုန်တိုင်းလောက် ပြင်းအားမရှိဘူးလို့ ဦးဝေဖြိုးဟန် (လေကြောင်းမိုးလေဝသ) က ပြောပါတယ်။

"Soulik မုန်တိုင်းက Yagi နဲ့ ယှဉ်မယ်ဆိုရင် Yagi ရဲ့ တဝက်လောက်တောင်မှ ပြင်းအားမရှိဘူး။ ၃ ပုံ ၁ပုံသာသာ၊ တဝက်လည်း မပြည့်လောက် တဲ့ အရှိန်လောက်ပေါ့။ သူ့ရဲ့လမ်းကြောင်းက မြန်မာနိုင်ငံ အလယ်ပိုင်းနဲ့ မြစ်ဝကျွန်းပေါ်နဲ့ တောင်ပိုင်းဒေသတွေကိုပဲ အကျိုးသက်ရောက်မှု များတယ်။ ရှမ်းမြောက်၊ ကချင်၊ စစ်ကိုင်းအထက်က အကျိုးသက်ရောက်မှုနည်းတယ်ပေါ့။ ရေကြီးရေလျှံမှုတွေ မဖြစ်အောင်ကတော့ စောစောစီးစီး မုန်တိုင်းသတင်းကိုသိရှိပြီးတော့ သီးနှံပင်တွေပျက်စီးမှုမရှိအောင် ကြိုတင်စီမံ လုပ်ဆောင်ထားဖို့ လိုမယ်။ ပြီးခဲ့တဲ့ Yagi တုန်းကလည်း မိုးသည်းထန်ရွာသွန်းမှရေကြီးရေလျှံ ဖြစ်နေချိန်မှာ ကားတွေဖြတ်ကူးလို့ ကားတွေ တောင်ကျရေနဲ့ မျောတာတို့၊ လမ်းမှာ မျောသွားတာတွေလည်း ဖြစ်နိုင်တယ်ပေါ့ဗျာ။ အဲဒါကတော့ မွန်ပြည်နယ်၊ ကရင်ပြည်နယ်မှာ ရေကြီးရေလျှံမှု ဖြစ်နိုင်တော့ အဲဒီဘက်တွေက လုံးဝဂရုစိုက်ရမယ့် အနေအထားမှာ ရှိပါတယ်။"

Soulik ရဲ့ လေပွေလှိုင်းအရှိန်ကြောင့် စက်တင်ဘာလ ၂၀ ကနေ ၂၅ ရက်နေ့အတွင်း ပြည်နယ်နဲ့တိုင်းအလိုက် မိုးကြီးတာနဲ့ လေပြင်းတိုက်ခတ် တာတွေ ဖြစ်ပေါ်နိုင်တယ်လို့ သတိပေးထားပါတယ်။ နေ့ရက်အလိုက် သဘာဝဘေး သတိပြုရမယ့် နေရာတွေကိုလည်း ဦးဝေဖြိုးဟန်က အခုလို ခန့်မှန်းထားပါတယ်။

"၂၀ ရက်နေ့ ည ၁၁ နာရီကနေ ၂၁ ရက်နေ့ မနက် ၈ နာရီကြားမှာ မြန်မာနိုင်ငံအလယ်ပိုင်း မန္တလေးတိုင်း၊ မကွေးတိုင်းနဲ့စစ်ကိုင်းတိုင်း အောက်ပိုင်းတို့မှာ မိုးနဲ့အတူ လေပြင်းအန္တရာယ် အနည်းငယ်ရှိတယ်။ ၂၂ ရက်မှာတော့ ရခိုင်ပြည်နယ်ဘက် မြေပုံနဲ့ ကျောက်ဖြူကြားကနေ ဖြတ်ပြီးတော့ ဘင်္ဂလားပင်လယ်အော်ထဲ ဆင်းပြီးတော့ လေဖိအားနည်းရပ်ဝန်းကနေ မုန်တိုင်းငယ်အဆင့်အထိ ဖြစ်နိုင်တယ်။ ဒါကြောင့်မို့ ၂၀ ကနေ ၂၅ ရက်အထိ အကျိုးသက်ရောက်နိုင်တယ်။ ဘင်္ဂလားပင်လယ်အော်ထဲကို ဆင်းသွားတဲ့အချိန်မှာလည်း မြန်မာနိုင်ငံတောင်ပိုင်းနဲ့ မြစ်ဝ ကျွန်းပေါ် ဒေသတွေက မုတ်သုန်လေလမ်းကြောင်း သင့်ပြီးတော့ မိုးသည်းထန်စွာ ရွာသွန်းဦးမှာ။ အချုပ်အားဖြင့် ကြည့်မယ်ဆိုရင် ဒီ ၅ ရက် အတွင်း မြန်မာနိုင်ငံတောင်ပိုင်း မွန်ပြည်နယ်၊ ကရင်ပြည်နယ်- ဒီနေရာတွေကတော့ မိုးသည်းထန်စွာ ရွာသွန်းလို့ ရေကြီးရေလျှံမှုတွေ ဖြစ်နိုင်တယ်။ ပြီးရင် ပဲခူးတိုင်းဒေသကြီး စစ်တောင်းမြစ်ကြောင်း တလျှောက်ပေါ့ဗျာ၊ မြေနိမ့်ပိုင်း ဧရိယာတွေမှာ ရေကြီးရေလျှံမှု ဖြစ်နိုင်တယ်။ ရခိုင်ပြည်နယ်ကလည်း နေရာဒေသအလိုက် မိုးကြီးနိုင်တော့ ရေကြီးရေလျှံနိုင်တဲ့ နေရာထဲမှာ ပါတယ်ပေါ့ဗျာ။"

စက်တင်ဘာလ ၂၀ ရက်နေ့မှာ ရှမ်းပြည်နယ်တောင်ပိုင်းနဲ့ ကယားပြည်နယ်အစပ်ကနေဖြတ်ပြီး ၂၁ ရက်ကနေ ၂၅ ရက်နေ့အတွင်း မြန်မာနိုင်ငံထဲမှာ လေပွေလှိုင်းအဖြစ်နဲ့ အကျိုးသက်ရောက်လာမှာ ဖြစ်တယ်လို့ ခန့်မှန်းထားပါတယ်။တိုင်ဖွန်းမုန်တိုင်း Yagi လောက် မြန်မာနိုင်ငံအပေါ် သက်ရောက်မှုအား မရှိပေမယ့် လတ်တလော ရေဘေးဒဏ်သင့်ခဲ့တဲ့ဒေသတွေမှာတော့ သတိပြုသင့်တယ်လို့ ပြောပါတယ်။

"မြန်မာနိုင်ငံကနေ ဖြတ်ပြီးတော့ ဘင်္ဂလားပင်လယ်အော်ဆင်းပြီး လေဖိအားနည်းရပ်ဝန်း သို့မဟုတ် ဆက်လက်အားကောင်းသော မုန်တိုင်းငယ် အထိ အဆင့်ဖြစ်နိုင်တော့ သူကလည်း ပေါ့လို့တော့ မရဘူးပေါ့။ ဘာဖြစ်လို့လဲဆိုတော့Yagi ကြောင့် ရေကြီးရေလျှံမှုတွေ ဖြစ်ခဲ့တယ်။ အဲဒီအချိန်မှာပဲ မြေဆီလွှာအောက်ရေ စိုစွတ်အခြေအနေ ရှိနေနိုင်တာကြောင့် သေချာတာကတော့ မွန်ပြည်နယ်၊ ကရင်ပြည်နယ် နေရာတွေကလည်း အခုထက်ထိ ရေကသိပ်ပြီးတော့ မဟုတ်သေးဘူး။ ပြီးရင် ပဲခူးတိုင်းဒေသကြီး မြေနိမ့်ပိုင်း နေရာတွေကလည်း အခုထက်ထိ ရေရှင်းသွားတာ မဟုတ်သေးဘူးပေါ့နော်။ မန္တလေးနဲ့ နေပြည်တော်လောက်ပဲ ရှင်းသေးတာ။ ဒါကြောင့်မို့ အဲဒီနေရာတွေက လုံးဝမပေါ့သင့်ဘဲ ရေဘေးအန္တရာယ်နဲ့ ပတ်သက်တဲ့ စီမံချက်တွေကို ကြိုတင်ရေးဆွဲထား သင့်တယ်လို့ အကြံပြုတင်ပြ လိုပါတယ်ဗျ။"

မိုးကြီးတာနဲ့ လေပြင်းတိုက်ခိုက်တာ၊ ရုတ်တရက်ရေကြီးရေလျှံ၊ မြေပြိုတဲ့ သဘာဝဘေး အန္တရာယ်တွေ ဖြစ်ပေါ်လာနိုင်လို့ ကုန်းမြင့်ဒေသနဲ့ မြစ်ငယ်၊ ချောင်းငယ်အနီး နေထိုင်သူတွေ သတိရှိကြဖို့ကိုလည်း မိုးဇလက တိုက်တွန်းထားပါတယ်။

Forum

XS
SM
MD
LG