တရုတ်နိုင်ငံကစက်ရုံတွေမှာ အလုပ်သမားအခွင့်အရေး တောင်းဆိုခဲ့ကြတဲ့ မြန်မာအလုပ်သမားတွေ ထဲက ဦးဆောင်သူတချို့ကို တရုတ်ရဲတပ်ဖွဲ့ကဖမ်းဆီးပြီး မြန်မာနိုင်ငံ ပြန်ပို့ခံရမယ့်အခြေအနေနဲ့ ရင်ဆိုင်နေရတယ်လို့ အလုပ်သမားရေး လှုပ်ရှားသူတွေက ပြောပါတယ်။ လုပ်ခလစာတိုးပေးဖို့၊ အလုပ်ချိန်တိတိကျကျ သတ်မှတ်ပေးဖို့တောင်းဆိုရင်း မနေ့၊ တနင်္ဂနွေနေ့က ဖမ်းဆီးခံခဲ့ရပြီးနောက် မြန်မာနိုင်ငံ ပြန်ပို့ခံရမယ့်အပေါ် စိုးရိမ်မှုတွေလည်း ထွက်ပေါ်နေတာပါ။
တရုတ်နိုင်ငံရောက် မြန်မာအလုပ်သမားတွေ အခြေအနေနဲ့ ပတ်သက်လို့ ရန်ကုန်က သတင်းပေးပို့ ထားတာကို အခြေခံပြီး မဆုမွန် တင်ပြထားပါတယ်။
တရုတ်ယူနန်ပြည်နယ်၊ ရင်ကျန်းမြို့၊ စက်မှုဇုံ (၄) မှာရှိတဲ့ ဟုန်ဟုန်ဖူစိ အထည်ချုပ်စက်ရုံမှာ လုပ်ခ လစာတိုးမြှင့်ပေးဖို့အပါအဝင် ရပိုင်ခွင့်တချို့ကို တောင်းဆိုခဲ့ကြတဲ့ အလုပ်သမား (၆၀၀) ထဲက ဦးဆောင်သူတွေကို တရုတ်ရဲတပ်ဖွဲ့က ပြီးခဲ့တဲ့ တနင်္ဂနွေနေ့က ဖမ်းဆီးခဲ့ပါတယ်။ သူတို့အားလုံးကို ပြန်ပို့မယ်ဆိုတဲ့သတင်းတွေ ထွက်ပေါ်နေတာကြောင့် ဒီကိစ္စကို သေချာစောင့်ကြည့်နေကြောင်း မြန်မာနိုင်ငံ အလင်းသစ် အလုပ်သမား သမဂ္ဂများအဖွဲ့ချုပ်ရဲ့ တွဲဖက်ဥက္ကဋ္ဌ မတင်တင်ဝေက VOA ကိုပြောပါတယ်။
"ဆန္ဒပြတဲ့အကြောင်းအရာက မြန်မာအလုပ်သမားနှစ်ဦးကို အိုတီ(အချိန်ပို) မဆင်းလို့ မြန်မာပြည် ပြန်ပို့မယ်ဆိုတဲ့ ကိစ္စနဲ့ပတ်သက်ပြီး တရုံလုံးကလက်မခံတဲ့အတွက် ဆန္ဒထပြကြတယ်။ နောက်ဆက်တွဲ တောင်းဆိုချက်တွေ ပါလာတယ်။ အလုပ်သမားတွေတောင်းဆိုတဲ့ အချက်တွေအကုန်လုံးကို ပေးတယ်။ ဆယ်ချက်ပေါ့နော်။ အကုန်ပေးပြီး စာချုပ်ချုပ်ပြီးပြီဆိုမှ တနင်္ဂတွေညမှ စပြီးဖြစ်တဲ့ လိုင်းက အလုပ်သမားတွေကို ရဲတွေလာဖမ်းသွားတယ်လို့ ကြားတယ်။ လူဦးရေ အတိအကျနဲ့ ဘယ်သူတွေကဖမ်းပြီး ဘာကြောင့်ဖမ်းလဲ ဆိုတာကို ကျမတို့ အသေးစိတ် ထပ်လိုက်နေပါတယ်။"
ဒီတပတ်အတွင်းမှာ အလုပ်သမား (၁,၀၀၀) နီးပါးကို နယ်စပ်ကနေ နေရပ်ပြန်ပို့လိုက်ပြီဆိုတဲ့ သတင်းတွေလည်း ကြားနေရပါတယ်။ နေ့တိုင်းအသုတ်လိုက် ပြန်ပို့နေတယ်ဆိုပေမဲ့ အတိအကျ ဘယ်လောက်ပြန်ပို့ခဲ့လဲဆိုတာကို VOA က စုံစမ်းနေတုန်း ဖြစ်ပါတယ်။
တရုတ်နိုင်ငံကစက်ရုံတွေမှာ ပထမဦးဆုံးဆန္ဒပြခဲ့တဲ့ မြန်မာအလုပ်သမား (၂၀၀) ကျော်ကို ၂၀၂၄ နှစ်စမှာ နေရပ်ပြန်ပို့ခဲ့တဲ့အတွက် အခုတကြိမ်လည်း ပြန်ပို့နိုင်ခြေများကြောင်း အလုပ်သမားအရေး စောင့်ကြည့်သူတွေက ပြောပါတယ်။
အခု ၂၀၂၅ ဖေဖော်ဝါရီလထဲမှာပဲ ယူနန်ပြည်နယ်၊ မန်စီမြို့က စက်ရုံသုံးခုမှာ မြန်မာအလုပ်သမား ရာနဲ့ချီပြီး ဆန္ဒပြခဲ့ကြပါတယ်။ Aohe အထည်ချုပ်က အလုပ်သမား (၇၀၀) လောက်ကို ရဲတပ်ဖွဲ့က ဖမ်းဆီးခဲ့ပါတယ်။ စက်ရုံပိုင်ရှင်ကို လုပ်အားခတိုးပေးဖို့၊ အချိန်ပြည့်မခိုင်းဖို့ တောင်းဆိုခဲ့လို့ ဖမ်းခဲ့တာလို့ အလုပ်သမားတွေက VOA ကို ပြောပါတယ်။ အလုပ်သမားတဦးက အခုလို ပြောပြပါတယ်။
"ကျနော်တို့ ဒီဘက်က မြန်မာပြည်ပွဲစားက ခေါ်လာတယ်။ လခအနေနဲ့ (ယွမ်) (၁,၂၀၀) လို့ သတ်မှတ် ထားတယ်၊ ဝင်ဝင်ချင်းပေါ့လေ။ (၁,၂၀၀၊ ၁,၅၀၀) စသဖြင့်ပေါ့ သူ့ကျွမ်းကျင်မှုနဲ့ ထပ်တိုးပေးသွားတယ် ဆိုပေမဲ့ တကယ့်တကယ် အထဲမှာက ဖြစ်နေတဲ့ပြဿနာက အလုပ်သမားကတ်တွေ OWIC ကတ်တွေနဲ့ ဝင်လာတာမဟုတ်ဘူး။ သူတို့က တပတ်ကတ်တွေနဲ့ ဝင်လာတာ။ တပတ်ကတ်က တရုတ်ပြည်မှာက အလုပ်လုပ်ပိုင်ခွင့် မရှိဘူး။ သူတို့ရဲ့ နည်းဥပဒေမှာ ရေးထားတယ်။ အဲဒီတော့ အလုပ်သမားတွေက ဒီထဲ ဝင်လာပြီဆိုရင် ဒီစက်ရုံထဲမှာပဲ အကျယ်ချုပ်မိသလို ဖြစ်သွားတယ်။ ဒီစက်ရုံထဲကနေ အပြင်လည်း ထွက်လို့မရဘူး။ ဒီထဲကနေ ဘယ်သူနဲ့မှ ဆက်သွယ်လို့မရဘူး။ သူတို့သတ်မှတ်ထားတဲ့ အရေအတွက် မပြည့်မီရင် လုပ်ခမရတာ၊ လျှော့တာမျိုးတွေ ဖြစ်လာတယ်။ အဲဒီတော့ (၁,၂၀၀) လို့ပြောထားတဲ့ အလုပ်သမားတယောက်က တခါတလေ တလကို (၁,၀၀၀) တွေဖြစ်ရော၊ (၈၀၀) တွေဖြစ်ရော။ အဲလိုမျိုး ချိုးဖောက်ခံနေရတာတွေ အများကြီးပဲ။"
ယူနန်ပြည်နယ် တာဝန်ရှိသူတွေနဲ့ မြန်မာအလုပ်သမား စေလွှတ်ရေးကိစ္စတွေကို နားလည်မှုစာချွန်လွှာ လက်မှတ်ရေးထိုးထားကြောင်း စစ်ကောင်စီရဲ့ အလုပ်သမားရေးဌာန တာဝန်ရှိသူကတော့ VOA ကို အတည်ပြုထားပါတယ်။ သဘောတူညီချက်မှာ အလုပ်ချိန်၊ လစာ၊ နယ်စပ်ဖြတ်ကျော်ခွင့်တွေ ထည့်သွင်းထားပေမဲ့ မြန်မာအလုပ်သမားတွေ တရုတ်နိုင်ငံအတွင်းမှာ တရားမဝင် အလုပ်သမားတွေ သဖွယ် ဆက်ဆံခံနေကြရတယ်လို့လည်း အလုပ်သမားရေး လှုပ်ရှားသူတွေက ပြောပါတယ်။
အခုနောက်ဆုံး တရုတ်စက်ရုံက မြန်မာအလုပ်သမားတွေ ဖမ်းဆီးခံရတဲ့ ကိစ္စနဲ့ ပတ်သက်လို့တော့ နှစ် နိုင်ငံ အာဏာပိုင်တွေက တစုံတရာ ပြောဆိုတာ မရှိသေးပါဘူး။
Forum