ထိုင်းနိုင်ငံမှာပြစ်ဒဏ်ကျခံပြီးနောက် မြန်မာနိုင်ငံဘက်ပြန်ပို့ခံရသူတွေကို စစ်မှုထမ်းခိုင်းဖို့ စစ်ဆေးခံ နေရတယ်လို့ ကိုယ်တိုင်တွေ့သူတွေက ပြောပါတယ်။ ထိုင်းနိုင်ငံ အကျဉ်းထောင်တွေကနေ မနေ့ကပဲ ကော့သောင်းမြို့က အာဏာပိုင်တွေထံ လွှဲပြောင်းပေးခဲ့တဲ့ မြန်မာနိုင်ငံသား (၂၀၀) ကျော်ဟာလည်း စစ်ဆေးခံနေရတယ်လို့ ပြောပါတယ်။ နေရပ်ပြန်ပို့ခံရတဲ့ မြန်မာနိုင်ငံသားတွေ အခြေအနေ ဗွီအိုအေ ထိုင်းအခြေစိုက် မအေးအေးမာ သတင်းပေးပို့ထားပါတယ်။
မြန်မာစစ်ကောင်စီက စစ်မှုထမ်းဥပဒေထုတ်ပြီးချိန်ကစလို့ အသက် (၁၈) နှစ်နဲ့ (၃၅) နှစ်ကြား လူငယ်တွေကို အတင်းအကြပ်စစ်သားစုဆောင်းနေတဲ့ကြားက အခုဆိုရင် ထိုင်းမှာအဖမ်းခံရပြီး နေရပ်ပြန်ပို့ခံရသူတွေ ကိုလည်း အတင်းအကြပ် စစ်တပ်ထဲ စုဆောင်းခေါ်ဆောင်နေတယ်လို့ ဒေသခံတဦးကပြောပါတယ်။
“ဆေးစစ်တဲ့အခါမှာ မွေးရာပါရောဂါတွေ ရှိမရှိစစ်ဆေးတယ်။ ပြီးတော့ စစ်မှုထမ်းဖို့ အသက်ပြည့် မပြည့်ကိုစစ်တယ်။ ချက်ချင်းကြီးတော့ ခလရ (၂၆၂) ကိုမခေါ်သေးဘူး။ ကော့သောင်းက မိုးလုံလေလုံ အားကစားရုံမှာထားပြီး ဆေးစစ်တယ်။ ပြီးတော့မှ ကော့သောင်းကခလရ (၂၆၂) ကိုခေါ်သွားတယ်။ ပြီးတော့ သူတို့က (၂၆၂) ကနေတဆင့် စစ်မှုထမ်းဖို့ပါတဲ့သူတွေကို ရေလမ်းအသုံးပြုပြီး မြိတ်ဘက်က တပ်သားစုဆောင်းရေးနေရာတွေကို ပို့တာများပါတယ်။”
အခုပြန်ပို့ခံရတဲ့ သူတွေထဲမှာအသက် (၁၈) အထက် လူငယ်အတော်များများပါဝင်ပြီး အမျိုးသား (၁၉၈) ဦးနဲ့ အမျိုးသမီးနှစ်ဦးတို့ပါဝင်ပါတယ် ။
ဇန်နဝါရီလ နောက်ဆုံးအပတ်က ပြန်ပို့ခံရတဲ့ မြန်မာနိုင်ငံသား (၁၀၀) ကျော်ထဲက လူငယ်လူရွယ်တွေကို ဆေးစစ်ပြီးတာနဲ့ စစ်တပ်ထဲခေါ်သွားခဲ့တယ်လို့လည်းပြောပါတယ်။”
“ရောဂါအခံရှိတဲ့တယောက်ကိုတော့ စစ်မှုထမ်းဖို့အသက်ပြည့်ပေမယ့် ပန်းနာရင်ကြပ်ရှိလို့တော့ မခေါ်ဘူး။ ကျန်တဲ့လူငယ်တွေကိုတော့ ခလရ (၂၆၂) ကိုခေါ်သွားတယ်။”
ထိုင်းနိုင်ငံဘက်က ရနောင်းခရိုင် ပတ်နမ်ကျေးရွာရဲ့လှေဆိပ်ကနေ စက်လှေ (၁၀) စီးနဲ့ မြန်မာဘက်ခြမ်း ကော့သောင်းမြို့ကို ပြန်လည်ပို့ပေးခဲ့ဖြစ်ပါတယ်။ ဒီအလုပ်သမားတွေကို နေရပ်ပြန်ပို့တဲ့အခါမှာ စစ်မှုထမ်းဖို့ခေါ်ဆောင်သွားတာတွေနဲ့ စစ်မှုမထမ်းချင်ရင် ကျပ်ငွေ သိန်း (၅၀) ထက်မနည်း တောင်းခံနေ တာဟာ လွန်ခဲ့တဲ့ လအနည်းငယ်ကတည်းကဖြစ်ပါတယ်။ ပြန်ပို့ခံရသူတွေကိုစစ်မှုထမ်းခိုင်းတဲ့ သတင်းတွေနဲ့ ပတ်သက်လို့ စစ်ကောင်စီက သတင်းထုတ်ပြန်တာတော့ မတွေ့ရပါဘူး။
ပြီးခဲ့တဲ့နှစ် စစ်တင်ဘာလ (၈) ရက်နေ့က ထိုင်းကနေ လွတ်ရက်စေ့လို့ နေရပ်ပြန်ပို့ခံရပြီး စစ်သားစု ဆောင်းခံရတဲ့ အမျိုးသား (၂၇) ဦးဟာ စစ်ကောင်စီစစ်ကြောင်းနဲ့အတူ ကော့သောင်းကနေ ပုလောမြို့နယ် ဘက်ကို စက်လှေနဲ့ပို့ဆောင်တုန်းမှာ လှေပေါ်မှာပါလာတဲ့ စစ်ကောင်စီတပ်သားနှစ်ဦးကို သေနတ်နဲ့ပစ်ခတ်ပြီး KNU တပ်မဟာ (၄) နယ်မြေ၊ KNDO တပ်ရင်း (၇) တပ်ခွဲ (၅)ထံ ထွက်ပြေးသွားတဲ့ဖြစ်ရပ်တွေလည်းရှိခဲ့ပါတယ်။
အခုအခါမှာတော့ စစ်မှုထမ်းခိုင်းမှာကိုစိုးရိမ်ပြီး ထိုင်းနိုင်ငံထဲကိုတရားမဝင်တဲ့နည်းလမ်းတွေနဲ့ လာကြတဲ့ မြန်မာတွေဟာ နေ့စဉ်ရာနဲ့ချီပြီးဖမ်းဆီးခံနေရပြီး အခုလို နေရပ်ပြန်ပို့ခံရတဲ့အဖြစ်တွေကိုလည်း ကြုံနေရ ပါတယ်။ မြန်မာဘက်ကိုရောက်သွားတဲ့အခါမှာ နိုင်ငံရေးနဲ့ပတ်သက်မှု ရှိမရှိစစ်ဆေးပြီး ပတ်သက်မှု တွေရှိရင် တခါတည်း စစ်ကြောရေးကိုခေါ်ဆောင်သွားတာရှိသလို တချို့လူငယ်တွေကိုတော့ စစ်မှုထမ်းဖို့ စစ်သားစုဆောင်းရေးနေရာတွေကို ရက်ပိုင်းအတွင်း ပို့ဆောင်လိုက်တာတွေလည်း ရှိနေပါတယ်။
Forum