သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဖမ်းဆီးခံဆန္ဒဖော်ထုတ်သူတွေနဲ့ သတင်းသမားတွေ လွတ်ပေးရေး အဖွဲ့ ၁၁၀ တောင်းဆို


ကျောင်းသား၊ လူငယ်နဲ့ အရပ်ဖက်အဖွဲ့အစည်းပေါင်း ၁၁၀ကျော် သဘောထားထုတ်ပြန်ချက် (Thinzar Shunlei Yi)
ကျောင်းသား၊ လူငယ်နဲ့ အရပ်ဖက်အဖွဲ့အစည်းပေါင်း ၁၁၀ကျော် သဘောထားထုတ်ပြန်ချက် (Thinzar Shunlei Yi)

အရပ်သားအစိုးရလက်ထက်မှာ အကြမ်းမဖက်ငြိမ်းချမ်းစွာ ဆန္ဒထုတ်ဖော်တဲ့လူငယ်တွေ နောက် သတင်းသမားလူငယ်တွေနဲ့ တိုင်းရင်းသား လူငယ်တွေကို မတရားအသင်းဆက်သွယ်မှုပုဒ်မ စတာတွေနဲ့ ဖမ်းဆီးထိန်းသိမ်း အကျဉ်းချပြီး တရားစွဲဆိုမှုတွေရှိနေတဲ့အပေါ် ခြွင်းချက်မရှိပြန်လွှတ်ပေးရေးနဲ့ လူငယ်တွေ လူ့ဂုဏ်သိက္ခာနဲ့အညီ ရပ်တည်ရှင်သန်လုပ်ကိုင်နိုင်ရေး ကျောင်းသား၊ လူငယ်နဲ့ အရပ်ဖက်အဖွဲ့အစည်းပေါင်း ၁၁၀ကျော်က သဘောထားထုတ်ပြန်ချက်ထုတ်ပြန်ပြီး အစိုးရကို ဒီကနေ့ တောင်းဆိုလိုက်ပါတယ်။ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင် လူငယ်တွေရဲ့ အခန်းကဏ္ဍ လူငယ်တွေရဲ့ စွမ်းဆောင်ရည်ကို မြှင့်တင်နိုင်ရေး ဝိုင်းဝန်းကြိုးပမ်းကြဖို့ နိုးဆော်နေချိန်မှာပဲ အခုလို လူငယ်တွေကို အာဏာပိုင်တွေဘက်က လူ့အခွင့်အရေးချိုးဖောက်မှုတွေနဲ့ နှိပ်ကွပ်မှုတွေရှိနေတဲ့အပေါ် ရပ်တန့်ပေးဖို့ တောင်းဆိုကြတာဖြစ်ပါတယ်။ မဆုမွန် တင်ပြထားပါတယ်။

ပြည်သူကရွေးချယ်လိုက်တဲ့ အရပ်သားအစိုးရလက်ထက် လူ့အခွင့်အရေးနဲ့ ဒီမိုကရေစီဖော်ဆောင်မယ့်ဆိုတဲ့ ပြုပြင်ပြောင်းလဲရေးဆောင်ရွက်နေချိန်မှာ အရပ်ဖက်လူငယ်အစုအဖွဲ့တွေနဲ့ လူ့အခွင့်အရေးတက်ကြွလှုပ်ရှားသူတွေ ငြိမ်းချမ်းရေးလှုပ်ရှားသူတွေ၊ နောက် လွတ်လပ်စွာထုတ်ဖော်ပြောဆိုခွင့်နဲ့ သတင်းမီဒီယာ လွတ်လပ်ခွင့်တွေအပေါ် တောင်းဆိုတိုက်ပွဲဝင်သူတွေ တချို့ ဖမ်းဆီးအရေးယူမှုတွေရှိနေတာပါ။

အထူးသဖြင့်ကတော့ ငြိမ်းချမ်းစွာဆန္ဒထုတ်ဖော်တဲ့ကရင်နီလူငယ်တွေ ဖမ်းဆီးခံရတာ၊ ပြည်သူ့စစ်အမှုနဲ့ တအာင်းလူငယ်အဖမ်းခံရတာ၊ ရခိုင်သတင်းရယူရင်း ရိုက်တာ သတင်းထောက်လူငယ်နှစ်ဦး အဖမ်းခံရတာ နောက် မီဒီယာကို သတင်းစကား ပြောဆိုမှုနဲ့ ကလေးစစ်သားကိုအောင်ကိုထွေး အဖမ်းဆီးခံရတာနဲ့ စစ်ဖြစ်ပွားနေတဲ့ နမ့်ဆန်မြို့နယ်က ကျောင်းသားလေး ဖမ်းခံရတာလိုမျိုး လူငယ်တွေနဲ့ အရပ်ဖက်အဖွဲ့အစည်းတွေအပေါ် ဖမ်းဆီးချုပ်နှောင်မှုတွေနဲ့ ရဲ့ လူငယ်တွေအတွက် လူ့အခွင့်အရေး၊ လူ့ဂုဏ်သိက္ခာနဲ့အညီ နိုင်ငံရေးအရ လုံခြုံမှုကင်းမဲ့နေတာကိုပြသလို လူငယ်တွေရဲ့ အခန်းကဏ္ဍကို အလေးထားမြင့်တင်ပေးဖို့ ကျောင်းသား၊ လူငယ်နဲ့ အရပ်ဖက်အဖွဲ့အစည်းပေါင်း ၁၁၀ကျော်က သဘောထားထုတ်ပြန်ချက်ထုတ်ပြန်ပြီး အစိုးရကို ဒီကနေ့ တောင်းဆိုလိုက်ပါတယ်။

အထူးသဖြင့်ကတော့ နိုင်ငံတော်အတိုင်ပင်ခံ ပုဂ္ဂိုလ်ကိုယ်တိုင် လူငယ်တွေရဲ့ စွမ်းရည်မြင့်မားရေးနဲ့ လူငယ့်အခန်းကဏ္ဍမြင့်မားအောင် တိုက်တွန်းထားတဲ့ လူငယ်ရေးရာမူဝါဒအကောင်အထည် ဖော်နိုင်ရေး လူငယ်အဖွဲ့အစည်း ၁၀၀ကျော်က စုစည်းပြီး တောင်းဆိုကြတာဖြစ်တယ်လို့ ဦးဆောင်သူတဦးဖြစ်တဲ့ အမျိုးသားလူငယ်ကွန်ကရက်က မသဉ္စာရွှမ်းလဲ့ရည်က အခုလိုရှင်းပြပါတယ်။

“လက်ရှိမှာ ဖြစ်ပေါ်နေတဲ့ ဖမ်းဆီးခံရတဲ့ တော်တော်များများကို ကြည့်လိုက်ရင် တော်တော်များများက လူငယ်တွေဖြစ်နေတယ်ပေါ့နော်။ အဲဒီ လူငယ်တွေရဲ့ ဖြစ်ရပ်တွေကို ကြည့်လိုက်တဲ့ အခါကျတော့ လူ့အခွင့်အရေး ချိုးဖောက်ခံရတဲ့ အကြောင်းအရာမျိုးတွေကို အဓိကတွေ့ရတယ်။ လူငယ့်ရေးရာမူဝါဒကလည်း သိပ်မကြာမီ ခန်းခန်းနားနား နေပြည်တော်မှာ နိုင်ငံတော်အတိုင်ပင်ခံတက်ရောက်ပြီးတော့ အတည်ပြုပြီးတော့ မိတ်ဆက်ဖြန့်ချီခဲ့တယ်။ အဲဒီ လူငယ့်ရေးရာ မူဝါဒဟာဆိုရင်လည်း လူ့အခွင့်အရေးကို အခြေခံပြီး ရေးသားထားတယ်လို့ပြောတယ်။ ဒါကို ကြည့်ခြင်းဖြင့် နိုင်ငံတော်အစိုးရဟာ လူငယ်တွေ အတွက် လူ့အခွင့်အရေးပိုပြီးတိုးတက်စေချင်တဲ့ ဆန္ဒရှိကြောင်းလည်း မြင်တွေ့ရတယ်။ တချိန်တည်းမှာလည်း တကယ်ကို တိုးတက်ကောင်းမွန်လိုချင်စိတ် ရှိတယ်ဆိုရင် သက်သေပြလို့ရမယ့်လုပ်ငန်းတွေဆိုရင် အခုလက်ရှိ လူငယ်တွေ အဖမ်းအဆီးခံထားရတာတွေက လူ့အခွင့်အရေးချိုးဖောက်ခံရတာဖြစ်တဲ့အတွက်ကြောင့်မို့လို့ အဲဒီလူငယ်တွေကို အမြန်ဆုံး လွှတ်ပေးဖို့ တောင်းဆို လိုချင်းဖြစ်ပါတယ်။

မေး။ ။ ဒီကြေညာချက်သဘောထားတွေကနေ သက်ဆိုင်တဲ့ တာဝန်ရှိတဲ့လူတွေကိုရော ပေးပို့ ပြီးတော့ တောင်းဆိုသွားဖို့ ရှိသလား။ ခုနပြောသလို အမြန်ဆုံးပြန်လွှတ်ပေးဖို့ သူတို့ ကျောင်းတွေပြန်တက်ဖို့ လူနေမှုဘဝတွေမှာ ပုံမုန်ပြန်ပြီးတော့ ၊ သူတို့ လူမှုအသိုင်းအဝိုင်းတွေမှာ ပြန်ပြီးတော့ ရှင်သန်ဖို့ပေါ့ အဲဒီကိစ္စတွေနဲ့ ပတ်သက်ပြီးတော့ တိုက်ရိုက်တောင်းဆိုဖို့ ရှိပါသလားရှင့်။

ဖြေ။ ။ တယောက်ချင်းစီ ကိစ္စတွေက လုပ်နေကြတယ်ပေါ့နော်။ လုပ်နေကြတဲ့အခါမှာ သက်ရောက်မှုအားဖြင့်တေ့ာဘာမှ မရှိနေဘူးဆိုတာတွေ့ရတယ်။ လူငယ်တွေ စုစည်းပြီးတော့ ကြေညာချက်တွေထုတ်ပြန်ခဲ့တယ်။ ထုတ်ပြန်ခဲ့တဲ့အပေါ်မှာလည်း တုံ့ပြန်မှု အားနည်းတယ်။ လူငယ်တွေအသံကိုလည်း တကယ်နားမထောင်ဘူးလို့လည်း ယူဆနေရတယ်ပေါ့နော်။ ဒါပေမယ့် ဒီကြေညာချက်ကတော့ ကိစ္စတွေအားလုံးကို ခြုံငုံပြီးတော့ ထုတ်ပြန်တာဖြစ်တဲ့အတွက်ကြောင့်မို့လို့ အစိုးရ ၊ တပ်မတော်ကိုလည်း တိုက်ရိုက်ပို့ဖို့ စဉ်းစားတယ်။ နောက် လွှတ်တော် ၊ နောက် အဓိကတော့ နိုင်ငံတကာက လူငယ်တွေ လှုပ်ရှားမှုတွေ ကုလသမဂ္ဂ အဖွဲ့အစည်းတွေဒါမျိုးတွေကို ကျမတို့ ဒီကိစ္စကို တင်ပြခြင်းအားဖြင့် လူငယ်တွေကို နိုင်ငံရေးအရ ကာကွယ်မြင့်တင်စောင့်ရှောက်ပေးတဲ့ ဆန္ဒတွေ ပါဝင်ဖို့အတွက် တွန်းအားတခုဖြစ်လာမယ်လို့ ယူဆပါတယ်။”

ဒီသဘောထားထုတ်ပြန်ချက်ကို အစိုးရ၊ လွှတ်တော်နဲ့ တပ်မတော် နောက်သက်ဆိုင်တဲ့ ပြည်နယ်အစိုးရတွေဆီကို ပေးပို့သွားမှာဖြစ်တယ်လို့လည်း လူငယ်၊ အရပ်ဘက်အဖွဲ့အစည်းတွေ က ပြောပါတယ်။

ဒီကနေ့ရက်စွဲနဲ့ ထုတ်ပြန်လိုက်တဲ့ မြန်မာနိုင်ငံတွင်း လူငယ်များ မတရားဖမ်းဆီး အကျဉ်းချတရားစွဲခံရမှုတွေအပေါ် ထုတ်ပြန်လိုက်တဲ့ကြေညာချက်မှာတော့ ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများအဖွဲ့ချုပ်၊ လူ့ဘောင်သစ်လူငယ်၊ ကရင်နီလူငယ် ကချင်၊ ကယန်းလူငယ် ရခိုင်၊ နာဂ တအာင်းလူငယ်စတဲ့ ကျောင်းသားလူငယ်အရပ်အဖွဲ့အစည်းနဲ့ တောင်သူလယ်သမား နောက် အမျိုးသမီးအဖွဲ့တွေအပါအဝင် သဘာပတ်ဝန်းကျင်ထိန်းသိမ်းရေး အဖွဲ့ စတဲ့ လူငယ်အဖွဲ့အစည်း ၁၁၃ဖွဲ့ဲက ထုတ်ပြန်တာဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG