သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အမေရိကန်ရွေးကောက်ပွဲ မြန်မာလူငယ်တွေလေ့လာ


အမေရိကန်ရွေးကောက်ပွဲကို ရန်ကုန် အမေရိကန်စင်တာမှာ မြန်မာလူငယ်တွေလေ့လာ
အမေရိကန်ရွေးကောက်ပွဲကို ရန်ကုန် အမေရိကန်စင်တာမှာ မြန်မာလူငယ်တွေလေ့လာ

နိုဝင်ဘာလ ၆ ရက်နေ့က ကျင်းပခဲ့တဲ့ အမေရိကန်ရွေးကောက်ပွဲ ရလဒ် တွက်ချက်မှုတွေ အချိန်နဲ့ တပြေးညီ ထုတ်လွှင့်ခဲ့တာကို ရန်ကုန် အမေရိကန်စင်တာမှာ ပြတဲ့ အတွက် မြန်မာလူငယ်တွေ စိတ်ဝင်တစား လာရောက်စောင့်ကြည့်လေ့လာ ခဲ့ကြပါတယ်။ အခုကျင်းပတဲ့ ရွေးကောက်ပွဲဟာ အမေရိကန်နိုင်ငံရေးမှာ အပြောင်းအလဲတွေလည်း ဖြစ်လာနိုင်တာ မို့ မြန်မာလူငယ်တွေ ဗဟုသုတရစေဖို့ ရည်ရွယ်ပြီး၊ မီဒီယာတွေက တဆင့် ရလဒ်တွက်ချက်မှုတွေကို အမေရိကန်စင်တာမှာ ပြသဖို့လုပ်ခဲ့တာဖြစ်တယ်လို့ အမေရိကန် သံရုံး ဒုတိယအကြီးအကဲက ပြောပါတယ်။ သမ္မတရဲ့ သက်တမ်းဝက်ကာလ ဒီ ရွေးကောက်ပွဲ ပြင်ဆင်မှုတွေ လူထုပူးပေါင်းပါဝင်မှုတွေအပေါ်မှာ၊ လာရောက်လေ့လာ တဲ့ မြန်မာလူငယ်တွေဖက်က ဘာတွေ အသိရလိုက်သလဲ မြန်မာပြည်နဲ့ ဘယ်လိုနှိုင်းယှဉ် ခဲ့သလဲ ဆိုတာတွေကို ဗွီအိုအေ သတင်းထောက် မမေခ မေးမြန်း သတင်းပေးပို့ ထားပါတယ်။

အမေရိကန်ပြည်ထောင်စုနဲ့ မြန်မာနိုင်ငံ နှစ်နိုင်ငံအကြားမှာ အခုလို ရွေးကောက်ပွဲ ကျင်းပတဲ့ ရက်လတွေ သိပ်မကွာလှပါဘူး။ မကြာသေးခင်ကပဲ မြန်မာနိုင်ငံမှာ ကြားဖြတ်ရွေးကောက်ပွဲ ကျင်းပခဲ့တာပါ။ အခု အမေရိကန်ပြည်ထောင်စုရဲ့ သမ္မတ သက်တမ်းဝက်မှာ လုပ်တဲ့ ဒီ ကြားကာလ ရွေးကောက်ပွဲမှာတော့ အောက်လွှတ်တော်၊ အထက်လွှတ်တော်နဲ့ ပြည်နယ် အုပ်ချုပ်ရေးမှူးနေရာ အတော်များများ ကို ပြန်လည်ရွေးချယ် ခဲ့ကြတာပါ။

အမေရိကန်ပြည်ထောင်စုမှာတော့ သမ္မတ Donald Trump ရဲ့ ပါတီဖြစ်တဲ့ ရီပတ်ပလင်ကန် ပါတီက အထက်လွှတ်တော်ရော အောက်လွှတ်တော်ကိုပါ လွှမ်းမိုးထားရာ ကနေ အခု ရွေးကောက်ပွဲမှာတော့ အတိုက်အခံ Democratic Party က အောက်လွှတ်တော်မှာ အများစုဖြစ်သွားပါတယ်။ အမေရိကန်နိုင်ငံရေးမှာ အပြောင်းအလဲတွေ ဖြစ်တတ်တဲ့ ဒီလို ရွေးကောက်ပွဲမျိုးကို မြန်မာလူငယ်တွေ ဗဟုသုတရစေဖို့ ရည်ရွယ်ပြီး၊ ရွေးကောက်ပွဲ ရလဒ်ထုတ်လွှင့်မှုတွေကို အချိန်နဲ့တပြေးညီ အမေရိကန်စင်တာမှာ ပြသနိုင်ဖို့ ရည်ရွယ်ခဲ့တာလို့ အမေရိကန်သံရုံးဒုတိယအကြီးအကဲ George Sibley က ဗွီအိုအေကို ပြောပါတယ်။

"လွန်ခဲ့တဲ့ ရက်ကပဲ မြန်မာနိုင်ငံမှာ ကြားဖြတ်ရွေးကောက်ပွဲ လုပ်ခဲ့တာကို ကိုယ်တိုင်ကြုံခဲ့ ရပါတယ်။ ကျနော်တို့လုပ်တဲ့ ဒီမိုကရေစီရွေးကောက်ပွဲတွေကနေ အတွေ့အကြုံ ဗဟုသုတတွေ ကို ဖလှယ်ပေးတာပါ။ ဒီမိုကရေစီ အကူးအပြောင်း ခက်ခက်ခဲခဲ အခြေအနေတွေကို ဘယ်လို ကျနော်တို့ အဖြေရှာလဲဆိုတာကို ကျနော်တို့ အတူတူ သင်ယူနိုင်ဖို့ပါပဲ။"

လာရောက်ကြတဲ့ မြန်မာလူငယ်တွေကတော့ အမေရိကန်ရွေးကောက်ပွဲတွင်း ပြင်ဆင်မှု၊ ရွေးကောက်ခံ ကိုယ်စားလှယ်လောင်းတွေရဲ့ မဲဆွယ်စည်းရုံးမှု၊ မဲပေးမှုနဲ့ မဲရလဒ် အခြေအနေတွေကို လေ့လာခွင့် ရတယ်လို့ဆိုကြပါတယ်။ မြန်မာနဲ့ နှိုင်းယှဉ်ကြည့်ရင် နည်းပညာပိုင် းကွာဟမှုတွေ့ရသလို၊ မဲဆန္ဒရှင် နိုင်ငံသားတဦးချင်းစီရဲ့ စိတ်အားထက်သန်မှု၊ နိုင်ငံရေးမှာ ပါဝင်မှုတွေ မတူညီ တာတွေ တွေ့ရတယ် လို့ ပြောပါတယ်။

ကချင်တိုင်းရင်းသားကိုမုန်းကတော့

"ဒီအလွှာတွေက သိမြင်နားလည်မှု အရမ်းကွာဟမှုဖြစ်နေတယ်ဆိုတာ ဥပမာအားဖြင့် မန္တလေးနဲ့ ရန်ကုန်တောင်မှ ကွာတယ်၊ မြစ်ကြီးနားဆိုရင် ပိုဆိုးသွားပြီ အဲလိုဖြစ်တဲ့အခါကျတော့ ကြားတယ် သိရတယ် မြင်ရတယ်ဆိုတာ အဲလောက်ပဲ ၊ ခန့်မှန်းတဲ့လူက မသိတဲ့လူကို ပြန်သွားပြောပြတယ် အဲဒါတွေများနေတဲ့အတွက်ကြောင့် မီဒီယာက Gap ဖြစ်သွားတဲ့အခါကျတော့ သတင်းအမှန်တွေ မရောက်ဘူး။ ဆုံးဖြတ်တဲ့ နေရာမှာလည်း အမှန်ကို မဆုံးဖြတ်နိုင်ဘူး။"

နိုင်ငံတကာဆက်ဆံရေး ဘာသာရပ်ကိုလေ့လာသင်ယူနေတဲ့ မြုနှင်းသော်တာကတော့

" ဘယ်လောက်ထိ စိတ်ဝင်စားလဲဆိုတာကတော့ စီးပွားရေးဘက်မှာဆို ဘယ်လောက် စိတ်ဝင်စားတယ် လူမှုရေးမှာလည်းဘယ်လောက်စိတ်ဝင်စားတယ်။ လုံခြုံရေး ဆိုင်တဲ့ဘက်မှာလည်း ဘယ်လောက်စိတ်ဝင်စားလဲ မူဝါဒတွေ ဘယ်လိုပြင်မလဲ ဒီလိုဆို လွှတ်တော်အမတ်တွေဘယ်လိူဖြစ်မလဲ အဲလိုတွေ အရမ်းစိတ်ဝင်စားရတယ်"

မေရီယန် ဆိုင်းဗိုလ်ဆိုတဲ့ ကချင် တိုင်းရင်းသူလေးကတော့

"ကိုယ်တွေနိုင်ငံက ရွေးကောက်ပွဲဆို တချို့ကစိတ်မဝင်စားကြဘူး။ လူငယ်ပိုင်းကပေါ့။ အဲဒါတွေက အားနည်းတာပေါ့။ ဒါက တိုးတက်တာ မတိုးတက်နဲ့ မဆိုင်ဘဲ မြန်မာက လူတွေ ရဲ့ တဦးချင်း စိတ်ပေါ် မူတည်တာပေါ့။ ညီမဆိုလဲ ဒီဗဟုသုတပိုင်းမသိခဲ့ဘူး။ အခုမှ သိတယ်။ ဟိုနိုင်ငံကျတော့ အသက် ၁၈နှစ် ပြည့်တာနဲ့ ရွေးကောက်ပွဲမှာ ကူညီ ဒီမှာကျတော့ စာဘဲ ဖြစ်နေတယ်။ ဒါတွေကွာတာပေါ့။ "

အမေရိကန် ရွေးကောက်ပွဲ ပြုလုပ်ပုံ ရွေးကောက်ပွဲရလဒ်တွေနဲ့ ပတ်သက်ပြီး အမေရိကန်မီဒီယာတွေ နိုင်ငံတကာမီဒီယာတွေက ထုတ်လွှင့်ချက်တွေကို ဒီကနေ့အမေရိကန်စင်တာမှာ အချိန်နဲ့တပြေးညီပြသတာကို မြန်မာလူငယ် အယောက် ၈၀ လောက် လာရောက်လေ့လာပါတယ်။

ရွေးကောက်ပွဲ ကျင်းပနေတဲ့ အချိန်နဲ့ တပြေးညီပြသတာ တွေလုပ်ပေး တာအပြင် ပြင်ဆင်မှုပိုင်းနဲ့ သူတို့နိုင်ငံရဲ့ လွှတ်တော်ကိုယ်စားလှယ်တွေ ရဲ့မဲဆွယ်ပုံတွေ သူတို့နိုင်ငံသားတွေ ရဲ့ ပူးပေါင်းပါဝင်ပိုင်း တွေကိုလည်း အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးဌာနနဲ့ အမေရိကန်ရွေးကောက်ပွဲလေ့လာ စောင့်ကြည်သူ တွေက မြန်မာ လူငယ်တွေ ကိုရှင်း လင်းပြောဆိုတာတွေ လည်းလုပ်ခဲ့ ပါတယ်။

တိုက်ရိုက် လင့်ခ်

ဆက်စပ်သတင်းများ ...

XS
SM
MD
LG