သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မိုးဗြဲမြို့တွင်းတိုက်ပွဲဖြစ်ပွား


ရှမ်းပြည်တောင်ပိုင်း၊ မိုးဗြဲမြို့။
ရှမ်းပြည်တောင်ပိုင်း၊ မိုးဗြဲမြို့။

[[Zawgyi/Unicode]]


ရှမ်းပြည်တောင်ပိုင်း မိုးဗြဲမြို့ထဲမှာ စစ်ကောင်စီတပ်နဲ့ ပြည်သူ့ကာကွယ်ရေးတပ်တွေအကြား ဒီကနေ့ တိုက်ပွဲဖြစ်ပွားပြီး မြို့ခံတွေ ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်ရပါတယ်။ မိုးဗြဲမြို့ထဲကို စစ်ကောင်စီတပ်တွေ ဝင်ရောက်နေရာယူပြီး ပြည်သူ့ ကာကွယ်ရေးတပ်တွေရှိရာကို လက်နက်ကြီးတွေပစ်ခတ်နေတယ်လို့ ဒေသခံတွေကပြောပါတယ်။ ရန်ကုန်က ပေးပို့ထားတဲ့ သတင်းကို မဆုမွန်ကတင်ပြပေးထားပါတယ်။

မိုးဗြဲမြို့ထဲ ပေါ်ဦး (၁) ရပ်ကွက်မှာ ပြည်သူ့ကာကွယ်ရေးတပ်နဲ့ စစ်ကောင်စီတို့ကြား ဒီနေ့မနက်ပိုင်း တိုက်ပွဲတကြိမ်ဖြစ်ပွားပြီး အခု ညနေပိုင်းတကြိမ် ဆက်လက် တိုက်ပွဲပြင်းထန်နေတယ်လို့ မိုးဗြဲမြို့ခံတဦးက ပြောပါတယ်။

“ကျနော်တို့ကသိတဲ့အချိန်က ပုန်း..ပုန်း..ပုန်း…ဆို။ ပစ်နေတဲ့အချိန်က ၁၁ နာရီခွဲကတည်းက ပစ်ပါတယ်။ ပထမတချီက ပြီးသွားပြီ။ အခုမှ ပြန်လည်ပြီးတော့ အသည်းအသန် ဖြစ်နေတယ်ခင်ဗျ။ လက်နက်ကြီးတွေနဲ့ တဂျန်းဂျန်းနဲ့ပဲ။ ကျနော် တို့ရပ်ကွက်ထဲမှာ ပစ်ခတ်တိုက်ခိုက်မှုဖြစ်တဲ့အခါကျတော့ ကျနော်တို့ ဝက်ရော ကြက်ရော အစာတွေငတ်တယ်။ လူရော ဘာဖြစ်လဲ။ ဟို…မနက် ၁၁ နာရီခွဲကတည်းက ပေါ့နော်။ အခုထိက ထမင်းမစားရတဲ့ ပြည်သူလူထုလည်း အများကြီးရှိပါတယ်။ အကုန်လုံးကြောက်လန့်ကြတယ်ခင်ဗျ။”

စစ်ကောင်စီတပ်တွေဟာ မနေ့တုန်းက တင့်ကားတွေနဲ့ စစ်အင်အားအမြောက်အများနဲ့ မိုးဗြဲမြို့ကို စစ်ကြောင်းဆင်းလာပြီး နေရာအနှံ့မှာ တပ်စွဲနေရာယူထားတယ်လို့ ဒေသခံတွေက ပြောပါတယ်။ အဲ့ဒီနောက် ဒီနေ့ မနက်ပိုင်းမှာ ဒေသခံကာကွယ်ရေးတပ်နဲ့ ထိတွေ့ပစ်ခတ်တိုက်ခိုက် ဖြစ်ပွားတာလို့ ပြောပါတယ်။

မိုးဗြဲမြို့ထဲ ဒေသခံကာကွယ်ရေးတပ်တွေ ရှိမယ်လို့ ထင်တဲ့နေရာဘက် စစ်ကောင်စီက လက်နက်ကြီးတွေနဲ့ တောက်လျှောက် ပစ်ခတ်နေတယ်လို့ စစ်ဘေးရှောင်ကူညီပေးသူတဦးက ပြောပါတယ်။

“မနေ့က နေ့လယ်ခင်းကတည်းက စစ်ကြောင်းက ဒီမိုးဗြဲခြေမြန်တပ်ရင်း ခမရ ၄၂၂ ကနေ စစ်ကောင်စီကလည်း မိုးဗြဲမိုးထဲကို ဆင်းလာတယ်။ နောက် လွိုင်ကော်ကလည်း စစ်ကြောင်းတက်လာတယ်ပေါ့။ ဒီမိုးဗြဲဘက်ကို တင့်ကားတွေနဲ့ တက်တာပေါ့။ တင့်ကား ၃ စီးနဲ့လည်း တက်တယ်။ လူအင်အားအများအပြားနဲ့ပေါ့နော်။ နောက် ဒီမနက်မှပေါ့။ ဒီမနက် ၁၀ နာရီခွဲဝန်းကျင်လောက်မှ ပစ်ခတ် မှုတွေ ဖြစ်လာတယ်ပေါ့။ ဒီနာရီဝက် တနာရီဝန်းကျင်လောက်တော့ သူတို့အပြန်အလှန် ပစ်ခတ်တယ်။ နောက်မှ နောက်ပိုင်းခါကျတော့ သူတို့ လက်နက်ကြီးနဲ့ပဲ ပစ်တာများတယ်။ စစ်ကောင်စီဘက်က ဒီလက်နက်ကြီးနဲ့လည်း မြို့ထဲကို လှမ်းထုတာပေါ့နော်။ သူတို့ သံသယရှိတဲ့ နေရာကို သူတို့ လက်နက်ကြီးနဲ့ လှမ်းထုတယ်။ အခုချိန်ထိလည်း လှမ်းထုတုန်းပါပဲ။”

စစ်ကောင်စီအဖွဲ့က မိုးဗြဲမြို့ဘက်ကို စစ်ကြောင်းတက်လာပြီး နေရာတော်တော် များများမှာ ဝင်ရောက်စီးနင်းချိန် မိုးဗြဲဒေသခံကာကွယ်ရေးတပ်နဲ့ ထိတွေ့တိုက်ပွဲဖြစ်ခဲ့တယ်လို့ မိုးဗြဲမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ် ပြန်ကြားရေးတာဝန်ခံက ပြောပါတယ်။

“မနေ့က စနေတယ်။ ဒီရက်ကတော့ သူတို့ကို မြို့ထဲမနေဖို့ မနေ့ကနေစပြီး သတိပေးတယ်။ သူတို့က ပြင်လို့မရတာနဲ့ ဒီရက်ကတော့ ထိတွေ့မှုတွေတော့ စဖြစ်တယ်ခင်ဗျ။ အခုလောလောဆယ်တော့ ထိတွေ့မှုတော့ ဖြစ်နေဆဲလို့ပဲ ပြောလို့ရတယ်ခင်ဗျ။ စစ်ကောင်စီဘက်ကတော့ လက်နက်ကြီးတွေနဲ့တော့ ထုနေတယ်။”

အခုလို လက်နက်ကြီးတွေနဲ့ ပစ်ခတ်မှုကြောင့် ဒေသခံတွေ အိုးအိမ်စွန့်ခွာ ဘေးလွတ်ရာ ထွက်ပြေးရှောင်တိမ်းလာသူတွေရှိသလို မြို့ထဲမှာ ပိတ်မိနေသူတွေလည်း အများအပြားကျန်ရှိနေတယ်လို့ စစ်ဘေးရှောင်ကူညီပေးသူက ဆိုပါတယ်။

“ဒေသခံတွေက ရှောင်တိမ်းနေကြတာပေါ့။ အခုထိ မြို့ထဲမှာ ပိတ်မိနေတဲ့လူတွေ အများကြီးပါပဲ။ တချို့ ဒီမြို့အပြင်နားလောက် ရှိတဲ့လူတွေကတော့ မြို့နဲ့ သူတု့ိ စွန့်ခွာလို့ ရတာပေါ့။ ဒါပေမယ့် မြို့ထဲအတွင်းရှိနေတဲ့ လူတွေကကျတော့ မထွက် လာနိုင်တဲ့ လူတွေ အများကြီး ကျန်ပါသေးတယ်။ တိုက်ပွဲက ရှိတဲ့အခါကျတော့ သူတို့ မထွက်လာနိုင်ရဲဘူးပေါ့နော်။”

လတ်တလော မိုးဗြဲတိုက်ပွဲနဲ့ ပတ်သက်လို့ စစ်ကောင်စီဘက်ကတော့ တစုံတရာ ထုတ်ဖော်ပြောဆိုတာမျိုး မရှိသေးပါဘူး။

၂၀၂၁ ခုနှစ် စစ်တပ်က အာဏာသိမ်းပြီးတဲ့နောက်ပိုင်း စစ်ကောင်စီနဲ့ ဒေသခံကာကွယ်ရေးအဖွဲ့တွေကြား ကယားပြည်နယ်အပါအဝင် မြန်မာနိုင်ငံနေရာတချို့မှာ ဒီကနေ့အထိ တိုက်ပွဲဖြစ်နေတာပါ။ မိုးဗြဲမြို့ထဲမှာ တိုက်ပွဲဖြစ်တာ ဒါနဲ့ဆိုရင် ၃ ကြိမ် ရှိသွားပြီးဖြစ်ပါတယ်။ ဒေသအခြေအနေ တည်ငြိမ်ရင် နေရပ်ကို ပြန်လာလိုက်၊ အခြေအနေဆိုးရင် ဘေးလွတ်ရာကို ပြန်ပြေးလိုက်နဲ့ မြို့ခံ ဒေသခံတွေဟာ အခုလို မကြာမကြာ စစ်ဘေးတိမ်းရှောင်နေကြရပါတယ်။

တိုက်ရိုက် လင့်ခ်

==========

[[Unicode]]














==========

XS
SM
MD
LG