သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကွယ်လွန်သူ ရုရှားအတိုက်အခံခေါင်းဆောင်အတွက် ရုရှားဆိုင်ရာကန်သံအမတ်ကြီး ဂါရဝပြု


ကွယ်လွန်သူ ရုရှားအတိုက်အခံခေါင်းဆောင် Alexey Navalny ကို သွားရောက်ဂါရဝပြုခဲ့သူ ရုရှားဆိုင်ရာအမေရိကန်သံအမတ်ကြီး Lynne Tracy
ကွယ်လွန်သူ ရုရှားအတိုက်အခံခေါင်းဆောင် Alexey Navalny ကို သွားရောက်ဂါရဝပြုခဲ့သူ ရုရှားဆိုင်ရာအမေရိကန်သံအမတ်ကြီး Lynne Tracy

အာတိတ်စက်ဝိုင်းအနီးက အကျဥ်းထောင်မှာ သောကြာနေ့က ကွယ်လွန်သွားခဲ့တဲ့ ၄၇ နှစ်အရွယ် ရုရှားအတိုက်အခံခေါင်းဆောင် Alexey Navalny ကိုအောက်မေ့တဲ့အနေနဲ့ မော်စကိုမြို့က Solovetsky Stone ကျောက်တိုင်ဆီကို ရုရှားဆိုင်ရာအမေရိကန်သံအမတ်ကြီး Lynne Tracy က တနင်္ဂနွေနေ့က သွားရောက်ဂါရဝပြုခဲ့ပါတယ်။ လေးစားအတုယူထိုက်တဲ့ Alexy ရဲ့ ခွန်အားနဲ့ ဆောင်ရွက်ချက်တွေကို ဂုဏ်ယူစွာမှတ်တမ်းတင်ထားပါမယ်-လို့လည်း သံအမတ်ကြီး Tracy ကပြောဆိုခဲ့ပါတယ်။

Alexy Navalny နဲ့တကွနိုင်ငံရေးဖိနှိပ်မှုတွေကြောင့် သေဆုံးခဲ့ရတဲ့သူတွေနဲ့ မိသားစုဝင်တွေ၊ လုပ်ဖော်ကိုင်ဘက်တွေနဲ့ ထောက်ခံသူတွေအတွက် ဝမ်းနည်းပူဆွေးမှုလက္ခဏာအဖြစ် Solovetsky Stone ကျောက်တိုင်မှာ လူတွေလာရောက်ဂါရဝပြုကြတာပါ။ ဆိုဗီယက်ခေတ်က ဖိနှိပ်မှုတွေအတွက်ရည်စူးတဲ့ မော်စကိုမြို့က Wall of Grief ဆိုတဲ့ ကြေးဝါအဆောက်အအုံနားမှာလည်း Alexy သေဆုံးမှုကြောင့် ဝမ်းနည်းပူဆွေးနေတဲ့သူတွေ ဝင်မလာနိုင်အောင် ရဲတွေက အကာအရံတွေချထားပါတယ်။

ရုရှားအတိုက်အခံခေါင်းဆောင် Alexey Navalny သေဆုံးမှုကို ဂျာမနီနိုင်ငံ ရုရှားသံရုံးရှေ့မှာ လာရောက် ဝမ်းနည်းဂါရဝပြုကြပုံ။ (ဖေဖေါ်ဝါရီ ၁၇၊ ၂၀၂၄)
ရုရှားအတိုက်အခံခေါင်းဆောင် Alexey Navalny သေဆုံးမှုကို ဂျာမနီနိုင်ငံ ရုရှားသံရုံးရှေ့မှာ လာရောက် ဝမ်းနည်းဂါရဝပြုကြပုံ။ (ဖေဖေါ်ဝါရီ ၁၇၊ ၂၀၂၄)

ရုရှားမြို့အတော်များများမှာတော့ Alexy သေဆုံးတဲ့အတွက် ဝမ်းနည်းပူဆွေးမှုအထိမ်းအမှတ် Live လွှင့်တဲ့ ရာနဲ့ချီကို ရုရှားရဲတပ်ဖွဲ့က ထိန်းသိမ်းခဲ့တယ်လို့ လူ့အခွင့်အရေးသမားတွေက ပြောပါတယ်။ အဖမ်းခံရသူတွေထဲမှာ ဒါဇင်နဲ့ချီတဲ့သူတွေက ၁၅ ရက်အကျဥ်းချခံရပြီး တချို့က ပြစ်ဒဏ်ကြေးပေးကြရတာကို တရားရုံးအရာရှိတွေက စနေနေ့မှာပြောပါတယ်။

ရုရှားရွေးကောက်ပွဲကျင်းပခါနီးလပိုင်းအလိုမှာ အတိုက်အခံခေါင်းဆောင် Navalny သေဆုံးရတာဟာ သမ္မတဗလာဒီမီယာပူတင်အတွက် နောက်ထပ်သက်တမ်း ၆ နှစ်အာဏာဆုပ်ကိုင်ထားဖို့ ဖြစ်လာနိုင်တယ်လို့ ကမ္ဘာတဝန်းက ခန့်မှန်းနေကြပါတယ်။ အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန်ဦးဆောင်တဲ့ အနောက်နိုင်ငံခေါင်းဆောင်တွေက Navalny ရဲ့ ရဲစွမ်းသတ္တိကိုဂုဏ်ပြုကြောင်း အသီးသီးပြောဆိုခဲ့ကြသလို သက်သေအထောက်အထားမရှိပေမယ့်လည်း ဒီသေဆုံးမှုက သမ္မတပူတင်မှာတာဝန်ရှိတယ်လို့ ပြောဆိုထားကြပါတယ်။

ဗြိတိန်နိုင်ငံကလည်း Navalny သေဆုံးခဲ့ရတဲ့အကျိုးဆက်ကို ရုရှားရင်ဆိုင်ရလိမ့်မယ်လို့ ပြောပါတယ်။ ရုရှားအကျဥ်းထောင်တာဝန်ရှိသူတွေကတော့ Navalny ဟာ သောကြာနေ့မှာ နေထိုင်မကောင်းဖြစ်ပြီး မေ့မြောသွားရာက လူနာဝင်ယာဥ်ရောက်လာချိန်မှာ အသက်မမီတော့ဘူးလို့ ပြောပါတယ်။ သေဆုံးရတဲ့အကြောင်းရင်းကို စီစစ်နေဆဲပဲလို့လည်း ပြောပါတယ်။

Navalny သေဆုံးမှုနဲ့ပတ်သက်ပြီး ပြင်သစ်၊ ဂျာမနီနဲ့ ဗြိတိန်နိုင်ငံက ရုရုားသံရုံးတွေအနီး ချီတက်ဆန္ဒပြခဲ့ကြတဲ့လူတွေက ပူတင်လူသတ်သမားဆိုပြီး သံပြိုင်ကြွေးကြော်အော်ဟစ်ခဲ့ကြပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG