သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာနိုင်ငံသား ၈၀ နီးပါး တရားမဝင် ဝင်ရောက်မှုနဲ့ ထိုင်းမှာဖမ်းဆီးခံရ


ထိုင်းမြန်မာနယ်စပ် ကမ်ချနဘူရီခရိုင်နဲ့တာ့ခရိုင်တွေမှာ ဇွန်လ ၁၇ ရက်နေ့ အစုလိုက်ဖမ်းမိတဲ့ တရားမဝင်ဝင်ရောက်လာသူ မြန်မာများ
ထိုင်းမြန်မာနယ်စပ် ကမ်ချနဘူရီခရိုင်နဲ့တာ့ခရိုင်တွေမှာ ဇွန်လ ၁၇ ရက်နေ့ အစုလိုက်ဖမ်းမိတဲ့ တရားမဝင်ဝင်ရောက်လာသူ မြန်မာများ

ထိုင်းနိုင်ငံမှာ တရားမဝင် နယ်စပ်ဖြတ်ကျော် ဝင်ရောက်မှုနဲ့ မြန်မာနိုင်ငံသား ၈၀ နီးပါး မနေ့တုန်းက ဖမ်းဆီးခံခဲ့ရကြောင်း အလုပ်သမားရေး လှုပ်ရှားသူတွေက ပြောပါတယ်။ မြန်မာနိုင်ငံမှာ စစ်မှုထမ်းဥပဒေကြောင့် ပြည်ပထွက်ခွာသူတွေ တိုးလာနေချိန်မှာပဲ ထိုင်းနိုင်ငံထဲ နည်းလမ်းမျိုးစုံနဲ့ မြန်မာနိုင်ငံသားတွေ ဝင်ရောက်လာနေကြတာပါ။ ထိုင်းနိုင်ငံတောင်ပိုင်း ကမ်ချနဘူရီနဲ့ အနောက်ပိုင်း တာ့ခ်ခရိုင်တွေမှာ မနေ့တုန်းက မြန်မာနိုင်ငံသားတွေ ဖမ်းဆီးခံရတဲ့ အခြေအနေနဲ့ ပတ်သက်လို့ ထိုင်းအခြေစိုက် ဗွီအိုအေ-မြန်မာပိုင်း သတင်းထောက်မအေးအေးမာကသတင်းပေးပို့ထားပါတယ်။

မြန်မာနိုင်ငံမှာနိုင်ငံရေးစစ်ရေးမတည်ငြိမ်မှု၊ စစ်မှုထမ်းဥပဒေအရ လူငယ်တွေကိုအတင်းအကြပ် စစ်မှုထမ်းခိုင်းမှု၊ အလုပ်အကိုင်ရှားပါးမှုတွေကြောင့် အိမ်နီးချင်းထိုင်းနိုင်ငံထဲကို မြန်မာတွေဟာနယ်စပ်ဖြတ်ကျော်ပြီး တရားမဝင်လမ်းတွေကနေ ဝင်ရောက်လာနေပါတယ်။ ဇွန်လ ၁၇ ရက်နေ့ညမှာတော့ ခရိုင် ၂ခုမှာ ထိုင်းစစ်တပ်က မြန်မာ ၇၅ယောက်ကိုဖမ်းမိခဲ့တယ်လို့ မြန်မာပြည်သားများအရေးပူးတွဲ လှုပ်ရှားမှုကော်မတီဥက္ကဋ္ဌ ဦးမိုးကြိုးက ဗွီအိုအေကို ပြောပါတယ်။

"ကန်ချနဘူရီခရိုင် စံခရဘူရီမြို့နယ်နယ်နမိတ်တရားမဝင် နယ်စပ်ဖြတ်ကျော်ဝင်ရောက်လာတဲ့မြန်မာ ၅၆ဦး အဲဒီမြန်မာတွေထဲမှာလူကြီးက ၅၃ဦး မှီခိုသူကလေးက ၃ဦးပါတယ် အဲဒီ ၅၆ဦးကတော့ထိုင်းလုံခြုံရေးတွေက ဖမ်းဆီးတဲ့အခါ ထိုင်းစကားလည်းနားမလည်ဘူး အထောက်အထားလည်းမပါကြဘူး၊ အဲဒီတော့ စကားပြန်ကတဆင့်စစ်ဆေးတဲ့အခါမှာတော့ သူတို့က စံခရဘူးမြိုနယ်ထဲမှာအုပ်စုလိုက် လမ်းလျှောက်လာတာ သူတို့က ပွဲစားကို ဘတ်ငေွတသောင်းခြောက်ထောင်အထိပေးလာခဲ့ရတာ ဘန်ကောက်နဲ့မြို့ကြီးတွေမှာအလုပ်လုပ်ဖို့အတွက်လာကြတာလို့ထွက်ဆိုကြပါတယ်၊ ဇွန်လ ၁၇ရက်နေ့ညပိုင်းမှာပဲတာ့ခ် ခရိုင် ဖွတ်ဖရမြို့မှာ ရာချ်မနူးဆိုတဲ့ အထူးစစ်ဆင်ရေးအဖဲွ့က ဖမ်းဆီးစစ်ဆေးရာမှာတော့ တရာမဝင်မြန်မာ (၁၉) ဦးကိုဖမ်းမိပါတယ် စုစုပေါင်း ၇၅ယောက်ပေါ့။"

ဖမ်းမိသူတွေဟာမြန်မာနိုင်ငံ ပဲခူး၊ ရန်ကုန်၊ မွန်၊ မော်လမြိုင်၊ တနင်္သာရီဒေသအသီးသီးကနေ လာခဲ့ကြသူတွေဖြစ်ပါတယ်။ ထိုင်းနိုင်ငံကတော့ ဖမ်းမိသူတွေကို နယ်စပ်ဖြတ်ကျော်မှု လဝကဥပဒေနဲ့အရေးယူတာလည်းရှိသလို လူပွဲစားတွေနဲ့မိရင်တော့ လူကုန်ကူးမှု ဥပဒေနဲ့အရေးယူလေ့ရှိပါတယ် ။ လူကုန်ကူးမှုနဲ့အရေးယူရင်တော့ ထောင်ဒဏ်များတယ်လို့လည်း ဦးမိုးကြိုးက ပြောပါတယ်။

"ထိုင်းဥပဒေအရ တရားမဝင် နယ်စပ်ဖြတ်ကျော်တာက ထောင်ဒဏ် ၄၅ ရက် တလခွဲဖြစ်ပါတယ်။ ဒါပေမယ့် ကမ်ချနဘူရီမှာတော့ လမ်းလျှောက်ပြီး တရားမဝင် ကျော်ဖြတ်လာတာကတော့ အစုလိုက်အပြုံလိုက် ၅၆ယောက်ဖြစ်လို့ သူတို့ကိုလူကုန်ကူးမှု ဥပဒေနဲ့အရေးယူမလား၊ အရေးမယူဘူးလားဆိုတာ နယ်မြေခံရဲတပ်ဖွဲ့ အပေါ်မှာမူတည်ပါတယ် လူကုန်ကူးမူ့နဲ့ဆိုရင်ထောင်ဒဏ် ၄လကနေ ၂နှစ်ကြားလောက်ကျခံရနိုင်ပါတယ်"

ကမ်ချနဘူရီခရိုင်နဲ့ တာခ်ခရိုင်မှာ မြန်မာတွေအဓိကအများဆုံးဝင်ရောက်ရာနေရာလည်းဖြစ်ပါတယ်။ တချို့ကတော့ နယ်စပ်ဖြတ်ကျော်လက်မှတ်တွေကို အသုံးပြုပြီးဝင်လာပြီးမှ လူပွဲစားတွေနဲ့ထိုင်းနိုင်ငံအတွင်းပိုင်းကိုလာရောက်ကြတာဖြစ်ပါတယ်။ အခုဆိုရင် ထိုင်းအစိုးရ ပန်းရောင်ကဒ်လို့ခေါ်တဲ့ အလုပ်လုပ်ခွင့်လက်မှတ်အသစ်တွေလုပ်ပေးမယ်လို့ကြေငြာထားတဲ့အတွက် အဲဒီလက်မှတ်တွေအထောက်အထားတွေလုပ်ကြဖို့မြန်မာတွေဟာအလုံးအရင်းနဲ့ဝင်ရောက်လာနေကြတာလည်းဖြစ်ပါတယ်။

Forum

ဆက်စပ်သတင်းများ ...

XS
SM
MD
LG