သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

သမ္မတ Trump ပုံရိပ် အထိခိုက်ဆုံးဖြစ်မည့်စာအုပ် ထွက်တော့မည်


သမ္မတ Trump စာအုပ်ကို သတင်းထောက် Bob Woodward က သူ့ရဲ့ Twitter အကောင့်မှာ ဖော်ပြထားစဉ်။
သမ္မတ Trump စာအုပ်ကို သတင်းထောက် Bob Woodward က သူ့ရဲ့ Twitter အကောင့်မှာ ဖော်ပြထားစဉ်။

သက်တမ်းအားဖြင့် ၁၉ လရှိလာပြီတဲ့ သမ္မတ Donald Trump အစိုးရအဖွဲ့အတွင်း အုပ်ချုပ်ရေးပိုင်းမှာ ကိုယ့်နည်းကိုယ့်ဟန်နဲ့ ကိုင်တွယ် လုပ်ဆောင်တာ၊ စိတ်ပင်ပန်းလွန်တဲ့ ရောဂါ ခံစားရမှုတွေ ဖြစ်ပေါ်နေကြောင်း မကြာခင် ထွက်လာဖို့ရှိတဲ့ သမ္မတ Trump အကြောင်းရေးထားတဲ့ စာအုပ်ထဲက ကောက်နှုတ် ချက်တွေမှာ ဖော်ပြထားပါတယ်။ စာရေးသူဟာ သမ္မတ Richard Nixon ပြုတ်ကျစေခဲ့တဲ့ Watergate ဆိုတဲ့ စာအုပ်ကို ရေးသားခဲ့သူလည်း ဖြစ်ပါတယ်။

Fear: Trump in the White House - လို့ အမည်ပေးထားတဲ့ စာမျက်နှာ ၄၄၈ မျက်နှာပါ အဲဒီ အစာအုပ်ကိုတော့ Bob Woodward က ရေးသားခဲ့တာဖြစ်ပြီး စက်တင်ဘာလ ၁၁ ရက်နေ့မှာ ထုတ်ဝေမှာ ဖြစ်ပါတယ်။ အိမ်ဖြူတော် ဝန်ထမ်းတွေက သမ္မတစားပွဲပေါ်က အရေးပါတဲ့ စာရွက်၊ စာတမ်းတချို့ကို သူမသိအောင် ယူသွားခဲ့ကြတာ အပါအဝင် သမ္မတနဲ့ အိမ်ဖြူတော်အကြောင်း အတွင်းရေးတွေကို ရေးသားထားပါတယ်။ ဒါ့အပြင် သမ္မတဟာ ကမ္ဘာ့ရေးရာတွေမှာ ဗဟုသုတနည်းသူ၊ သမ္မတ အိမ်ဖြူတော်ဟာလည်း ဖရိုဖရဲဖြစ်နေပြီး အချင်းချင်း သဘောထားကွဲပြားမှုတွေနဲ့ ဝိုင်းရံနေတဲ့ နေရာဖြစ်တယ်လို့ အိမ်ဖြူတော်မှာ တာဝန်ထမ်းဆောင်ဘူးသူတွေရဲ့ ပြောကြားချက်တွေကို ကိုးကားပြီး ရေးသားထားပါတယ်။

ဒီစာအုပ်ဟာ ကောင်းတဲ့စာအုပ်တအုပ်မဟုတ်ကြောင်း၊ စာရေးသူ Bob Woodward ဟာလည်း ယုံကြည်လို့ ရနိုင်တဲ့သူမဟုတ်ကြောင်း၊ စာအုပ်ဟာ မနှစ်မြို့ဖွယ်ရာ ကောင်းကြောင်း၊ စာရေးသူကို သူ့အနေနဲ့ တခါမှ စကားမပြောဘူးကြောင်း Daily Caller ဆိုတဲ့ Conservative အွန်လိုင်း သတင်းဌာနကို သမ္မတ Trump က အင်္ဂါနေ့မှာ ပြောပါတယ်။

သမ္မတအဖြစ် ကျမ်းသစ္စာကျိန်ဆိုတဲ့ မနှစ် ဇန်နဝါရီလာကစလို့ သမ္မတ အိမ်ဖြူတော်ရဲ့ အနောက်ဖက်ခြမ်း - West Wing လို့ခေါ်တဲ့ ရုံးခန်းတွေမှာ ကသောင်းကနင်း ဖြစ်နေတာတွေကို အိမ်ဖြူတော် ဝန်ထမ်းဟောင်းတွေနဲ့ သတင်းထောက်တွေက ပြောခဲ့ကြဖူးပေမယ့် အခု Woodward ရေးထားတဲ့ စာအုပ်အရ အစိုးရအဖွဲ့အတွင်းက အခြေအနေတွေဟာ အဲဒီလို ကြားသိထားခဲ့ရတာတွေထက် ပိုဆိုးနေပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG