သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

NLD အစိုးရ သုံးနှစ်ပြည့်နဲ့ စွမ်းဆောင်မှုများ


အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD အစိုးရသက်တမ်း ၃နှစ်အတွင်းမှာ အဓိက အခြေခံအဆောက်အဦးတွေ ဦးစားပေး ဆောင်ရွက်ခဲ့ပြီးကျန်းမာရေး၊ ပညာရေးနဲ့ သိမ်းဆည်းခံ လယ်ယာမြေပြန်လည် ရရှိရေးစတာတွေကို ဆောင်ရွက်နိုင်ခဲ့ကြောင်းနဲ့ ရွေးကောက်ပွဲကတိတွေ အကောင်အထည်ဖော်ရေးကိုလည်း ဆက်လက် ဆောင် ရွက်နေကြောင်း NLDပါတီ ပြောခွင့်ရသူက ပြောပါတယ်။ နိုင်ငံရေးသုံးသပ်သူတွေကတော့ လူထုစီးပွားရေး ပိုမိုကျဆင်းနေသလို တိုင်းရင်းသားအရေးကို ထိထိရောက်ရောက်ဆောင်ရွက်နိုင်တာ မရှိကြောင်းထောက်ပြကြပါတယ်။ ဒီသတင်းကိုတော့ ဗွီအိုအေမြန်မာပိုင်းသတင်းထောက် ကိုမိုးဇော်က ရန်ကုန်မြို့ကနေ သတင်းပေးပို့ထားပါတယ်။

၂၀၁၅ ရွေးကောက်ပွဲမှာ တခဲနက်အနိုင်ရပြီး ဖွဲ့စည်းခဲ့တဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD အစိုးရ တာဝန်ယူခဲ့တာဟာ ဒီနေ့ ဧပြီလ ၁ ရက်နေ့မှာ ၃နှစ်ပြည့်မြောက်ခဲ့ပြီဖြစ်ပါတယ်။

ဒီကာလအတွင်း အစိုးရအနေနဲ့ အလေးထားဆောင်ရွက်ခဲ့တဲ့ လုပ်ငန်းတွေကို NLD ပါတီရဲ့ ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာမျိုးညွှန့်က အခုလို သုံးသပ်ပြောဆိုပါတယ်။

“အဓိကကတော့ အခြေခံအဆောက်အဦတွေကို ဦးစားပေးပြီး ဆောင်ရွက်ခဲ့ပါတယ်။ လမ်း၊ တံတား၊ လျှပ်စစ်မီးရရှိရေးဒါကို အဓိက ထားလုပ်ခဲ့ပါတယ်။ နောက်တခါ ကျနော်တို့ ဒီ ဌာနတွေဆိုရင် ကျန်းမာရေးနဲ့ ပညာရေးဌာန ကို အဓိက ဦးစားပေးဆောင်ရွက်ခဲ့ပါတယ်။ နောက် လယ်သမားတွေနဲ့ ပတ်သက်ရင် သိမ်းဆည်းခံ လယ်ယာမြေများ ပြန်လည် ရရှိရေးအတွက် ကျနော်တို့ အစွမ်းကုန် အချိန်အများကြီး ပေးပြီး ဆောင်ရွက် ခဲ့ပါတယ်။ နောက် တစ်ဦးချင်းရဲ့ ဝင်ငွေ တိုးတက်ဖို့ အတွက် GDP ၂ဆတိုးတက်လာအောင် ကျနော်တို့ လုပ်ခဲ့ ပါတယ်။ ”

ရွေးကောက်ပွဲ ကတိကဝတ်တွေဖြစ်တဲ့ တရားဥပဒေစိုးမိုးရေး ကဏ္ဍမှာ အဂတိလိုက်စားမှု တိုက်ဖျက်ရေး၊ မူးယစ် ဆေးဝါးနှိမ်နင်းရေး စတာတွေလုပ်ဆောင်နေကြောင်း၊ ပြည်တွင်း ငြိမ်းချမ်းရေးကဏ္ဍမှာတော့ ထင်ရှားတဲ့ ရလဒ် တွေ မရှိပေမဲ့ အမျိုးသားရင်ကြားစေ့ရေးကို အစဉ်တစိုက်ဆောင်ရွက်နေလို့ တချိန်မှာ တိုးတက်မှု ရှိလာနိုင်မှာ ဖြစ်ကြောင်း၊ ဖွဲ့စည်းပုံပြင်ဆင်ရေးကိုလည်း ပြည်သူတွေဆန္ဒအရ ဆောင်ရွက် နေကြောင်းဒေါက်တာမျိုးညွှန့်က ပြောပါတယ်။

“ကျနော်တို့ ပါတီက တာဝန်ပေးအပ်လိုက်တဲ့ အစိုးရနဲ့ လွှတ်တော်ဟာ လာမယ့် ရွေးကောက်ပွဲကိုသာ အဓိက မဟုတ်ဘဲ တိုင်းပြည်နဲ့ လူမျိုးအတွက် ရေရှည်အကျိုးရှိမယ့် အချက်တွေကို နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး၊ သဘာ၀ ပတ်ဝန်းကျင် ထိန်းသိမ်းရေးစတဲ့ ရှုထောင့်ပေါင်းစုံကနေကြည့်ပြီး ရေရှည်အမြင်နဲ့ ဆောင်ရွက် နေပါတယ်။”

နိုင်ငံရေးလေ့လာသုံးသပ်သူ ဒေါက်တာရန်မျိုးသိမ်းက တနင်္သာရီတိုင်းဒေသကြီးဝန်ကြီးချုပ်ကို အရေးယူတာ အပါအဝင် အဂတိ လိုက်စားမှု တိုက်ဖျက်ရေး ဆောင်ရွက်တာ၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနကို ပြည်ထဲရေး ဝန်ကြီးဌာန လက်အောက်ကနေ ပြည်ထောင်စုအစိုးရဝန်ကြီးဌာနရုံးလက်အောက်ကို ပြောင်းရွှေ့တာ၊ အပစ်ရပ် စာချုပ်ကို လက်နက်ကိုင် ၂ဖွဲ့ ပါဝင် လက်မှတ်ထိုးတာ၊ ပြည်ထောင်စု သဘောတူညီချက်အပိုင်း ၁နဲ့ ၂ ရရှိတွေဟာ တိုးတက်မှုအဖြစ် သုံးသပ်ထားပါတယ်။

စီးပွားရေးပိုင်းမှာ နိုင်ငံခြားရင်းနှီးမြုပ်နှံမှုတွေ ဝင်ရောက်လာမယ့် အနေအထားမျိုး မရှိကြောင်းသုံးသပ်ပြီး လူထုစီးပွားရေး အခြေအနေ မြင့်တက်ရေးအတွက် အခုလို အကြံပြုထားပါတယ်။

“စီးပွားရေးမှာ သာမန် လမ်းပေါ်မှာ ကားမောင်းနေတဲ့ လူပဲဖြစ်ဖြစ်၊ ဈေးရောင်းနေတဲ့ လူပဲဖြစ်ဖြစ် မေးလိုက်ရင် လွန်ခဲ့တဲ့ ၃နှစ်ထက် နှိုင်းစာရင် ပိုပြီး ကျပ်တည်း လာတာကတော့ ငြင်းမရတဲ့အချက်ပဲ။ အဲဒီလို ကျပ်တည်းလာတဲ့ အခြေအနေပေါ်မှာ လက်ရှိ NLD အစိုးရအနေနဲ့ ဗျူဟာမြောက် ဆောင်ရွက်နိုင်မှု အားနည်းတယ်လို့ မြင်တယ်။ အဲဒီအခါကျတော့ စီးပွားရေးပိုင်းကိုလာမယ့် လက်ကျန်၂နှစ်မှာ ဒီထက်ပိုပြီး ဆောင်ရွက်နိုင်ဖို့ လိုအပ်တယ်လို့မြင်တယ်။ တစ်နည်းအားဖြင့် ပြည်သူလူထု ထမ်းပိုးထားရတဲ့ ဆင်းရဲမွဲတေမှု ဝန်ထုပ်ဝန်ပိုးကို တတ်နိုင်သမျှ လျော့ချနိုင်မယ့် ရေတို ဖြေရှင်းချက်မျိုးတွေကို လာမယ့် ၂နှစ်အတွင်းမှာ ဖော်ဆောင် နိုင်ဖို့ လိုအပ်တယ်လို့ မြင်ပါတယ်။ ”

ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ်ပါတီ ပြောရေးဆိုခွင့်ရှိသူ ဦးစိုင်းလိတ်က NLD အစိုးရရဲ့ အမျိုးသားပြန်လည်သင့်မြတ်ရေးမူဝါဒဟာ တိုင်းရင်းသားလူမျိုးတွေထက် တပ်မတော်အပေါ် အလေးသာ နေကြောင်း၊ အကျိုးဆက်အဖြစ် ရခိုင်ပြည်နယ်အရေးမှာ နိုင်ငံတကာက ဒေါ်အောင်ဆန်းစုကြည်အပေါ် ထောက်ခံမှုကျဆင်းလာနေကြောင်း သုံးသပ်ထားပါတယ်။

“ကျနော်တို့ ကိုယ်ပိုင်ပြဌာန်းခွင့်နဲ့ ဒီမိုကရေစီရေးကို တောက်လျောက် တောင်းဆို တိုက်ပွဲဝင်နေတဲ့ ဘက်ချင်းတူတဲ့သူတွေနဲ့ ရင်ကြားစေ့ရမယ့်အစားကို အစိုးရ တပ်မတော်နဲ့ပဲ ပိုပြီးတော့မှ နီးစပ်သွားတာ မျိုးကတော့ မလိုလားအပ်တဲ့ အနေအထားတစ်ခုကို တွန်းပို့သလို ဖြစ်သွားတယ်။ ရခိုင်အရေးအခင်း ပေါ်ပေါက်လာတဲ့အခါ ပိုပြီး ထင်ရှားလာပါတယ်။ NLD အစိုးရရဲ့ ၃နှစ်ပြည့် အထိမ်းအမှတ်နေ့ အထိတော့ ကျနော်တို့ တိုင်းရင်းသားတွေ အတွက်က သိပ်ပြီးမျှော်လင့်စရာ၊ သိပ်ပြီး အားရစရာ တစ်ခုမှ သူ ဖန်တီးဖော်ဆောင်ပေးနိုင်ခြင်း မရှိသေးဘူးလို့ပဲ သုံးသပ်လိုပါတယ်။”

နိုင်ငံရေးလေ့လာ သုံးသပ်သူတွေကတော့ NLD အစိုးရ တာဝန်ယူမယ့် လက်ကျန်သက်တမ်းကာလ ၂နှစ် အတွင်းမှာတော့ ၂၀၀၈ ဖွဲ့စည်းပုံပြင်ဆင်ရေးဟာ အစိုးရ၊ လွှတ်တော်နဲ့ ပါတီအတွက်ပါ ကြီးမားတဲ့ စိန်ခေါ်မှုအဖြစ် ရှိနေတယ်လို့ ဝေဖန်ထောက်ပြကြပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG