သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

"ဒေါ်အောင်ဆန်းစုကြည်နဲ့ NLD ပါတီဝင်တွေ တွေ့ဆုံမှုမရှိ" - ဒေါက်တာမျိုးညွန့်


နိုင်ငံတော် အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်
နိုင်ငံတော် အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်

NLD ပါတီဝင်တချို့ ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့တယ်ဆိုတဲ့ သတင်း ထွက်နေတဲ့အပေါ် လက်ရှိပါတီ ဗဟိုကော်မတီဝင်တဦးလည်းဖြစ်၊ ပါတီထိပ်ပိုင်းခေါင်းဆောင်တဦးလည်းဖြစ်တဲ့ ဒေါက်တာမျိုးညွန့်က မဟုတ်မှန်ကြောင်း ငြင်းလိုက်ပါတယ်။ NLD ပါတီပြန်လည်ရပ်တည်နိုင်ရေးနဲ့ ရွေးကောက်ပွဲဝင်ရေး ကြိုးပမ်းနေတယ်ဆိုတဲ့ စစ်ကောင်စီဝါဒဖြန့် တယ်လီဂရမ် ချယ်နယ်တွေမှာ ဖော်ပြနေတဲ့အပေါ် အခုလို တုံ့ပြန်လိုက်တာပါ။ NLD ပါတီဝင်တချို့ကို ဆက်သွယ်မေးမြန်းပြီး ရန်ကုန်က သတင်းပေးပို့ထားပါတယ်။

ပြီးခဲ့တဲ့ ရက်ပိုင်းတွေက စစ်ကောင်စီဝါဒဖြန့်တယ်လီဂရမ်ချယ်နယ်တွေမှာ NLD ပါတီဝင်တချို့ ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံတယ်လို့ သတင်းတွေဖော်ပြလာခဲ့တာပါ။ ဒေါ်အောင်ဆန်းစုကြည်ကို ပြည်တွင်းမှာကျန်ရှိနေတဲ့ ပါတီဗဟိုကော်မတီဝင်တချို့ သွားရောက်တွေ့ဆုံတယ်လို့ ဖော်ပြထားပါတယ်။

ဒီလိုထွက်ပေါ်လာနေတဲ့သတင်းနဲ့ပတ်သတ်လို့ လက်ရှိပါတီ ဗဟိုကော်မတီဝင်တဦးလည်းဖြစ်၊ ပါတီထိပ်ပိုင်းခေါင်းဆောင်တဦးလည်းဖြစ်တဲ့ ဒေါက်တာမျိုးညွှန့်ကို ဗွီအိုအေက ဆက်သွယ်မေးမြန်းတာမှာတော့ သူ့အနေနဲ့ တွေ့ဆုံခဲ့တာမရှိဘူးလို့ တုန့်ပြန်ပါတယ်။

"ကျနော်တို့အပြင်မှာကျနော်ရယ်ဦးသိန်းဦးရယ်ရှိနေတာ CEC ၂ယောက်ရှိပါတယ်။ အာဏာသိမ်းထဲကနေအိမ်မှာနေတဲ့ CEC ဟောင်းတွေတော့ရှိပါတယ်။ သူတို့တွေနဲ့ တွေ့ ရင်တော့မသိဘူးပေါ့လေ ကျနော်နဲ့ဦးသိန်းဦးကတော့လုံးဝမတွေ့ပါဘူး"

ဒေါ်အောင်ဆန်းစုကြည်နဲ့ ပြီးခဲ့တဲ့ (၂၀၂၂)ခုနှစ် နိုဝင်ဘာလအတွင်းက ဒေါ်စန္ဒာမင်းနဲ့ ဦးတိုးလွင်တို့က ဒေါ် အောင်ဆန်းစုကြည်နှင့် တွေ့ခွင့်ရခဲ့တယ်လို့ ဒေါ်စန္ဒာမင်းက ငြိမ်းချမ်းရေးနဲ့ ဖက်ဒရယ်ဒီမိုကရေစီ ဖော်ဆောင်ရေးအစီအစဉ်၊ မြန်မာ့နိုင်ငံရေး အကျပ်အတည်းနှင့် တိတ်ဆိတ်နေသောရပ်ဝန်း စကားဝိုင်း ဆွေးနွေးပွဲတခုမှာပြောဆိုခဲ့ဖူးပေမဲ့ အဲဒီတုန်းကဘယ်လောက်တွေ့ဆုံခွင့်ရခဲ့သလဲ ဘာတွေဆွေးနွေးခဲ့သလဲဆိုတာကိုတော့ ထုတ်ဖော်မပြောခဲ့ပါဘူး။

၂၀၂၃မှာ NLD ပါတီဝင် ဦးအောင်စိုး ဒေါ်အောင်ဆန်းစုကြည်ကို သွားတွေ့ဆုံခွင့်ရဖို့ ကြိုးစားခဲ့တယ်လို့ ဦးအောင်စိုးက ဗွီအိုအေကိုအတည်ပြုတယ်။ ဒီလိုသွားတွေ့ပေမယ့် ထောင်ပိုင်နဲ့ပဲ တွေ့ခွင့်ရခဲ့ပြီး ဒေါ်အောင်ဆန်းစုကြည်က လက်ခံတွေ့ဆုံတာ မရှိခဲ့ဘူးလို့ ဦးအောင်စိုးက အခုလို ပြောပြပါတယ်။

"ကျနော်တို့သွားတွေ့ပါတယ် အဲတုန်းကအန်တီထွက်မတွေ့ဘူးဗျ။ စကားအသွားအပြန် ထောင်ပိုင်နဲ့ဘဲအသွားအပြန်ဖြစ်ပါတယ်။ ၂၀၂၃ မတ်လထဲမှာပါ။"

ဒီရက်ပိုင်း စစ်ကောင်စီဝါဒဖြန့် တယ်လီဂရမ်ချယ်နယ်တချို့ မှာ NLD ပါတီဝင်တချို့က ပါတီပြန်လည်ရပ်တည်နိုင်ရေးနဲ့ ရွေး ကောက် ပွဲဝင်ရေးအတွက် ကြိုးပမ်းပြီး စစ်ကောင်စီဆီတင်ပြခဲ့တယ်လို့ ဖော်ပြလာပါတယ်။ သူတို့ရေးသားချက်အရ ဘယ်သူကတင်ပြထားလဲဆိုတာ မပါဝင်ထားပါဘူး။

ပါတီပြန်ရပ်တည်နိုင်ရေး လုပ်ဆောင်နေတယ်ဆိုတဲ့သတင်းတွေထွက်ပေါ်လာနေတာနဲ့ပတ်သက်လို့ ပါတီထိပ်ပိုင်းခေါင်းဆောင်တဦးလည်းဖြစ်တဲ့ ဒေါက်တာမျိုးညွန့်က သူ့သဘောထား မှတ်ချက် အခုလိုပြောပါတယ်.။

" ခုချိန်မှာပူးတွဲလုပ်နေကြတာ ဦးအောင်စိုးတို့ဒေါ်စန္ဒာမင်းတို့တော့ရှိတယ်။ ဦးအောင်စိုးက CECကနေကောပါတီဝင်အဖြစ်ကကော နှုတ်ထွက်ထားပြီးပြောလို့ သူကတော့ CEC လို့တော့သူသုံးမှာမဟုတ်ပါဘူး။ ဒေါ်စန္ဒာမင်းကလည်း ပါတီ CC အဆင့်ဘဲရှိတာမို့ သူလဲအဲလိုတာဝန်ကိုယူသုံးမယ်လို့တော့ မထင်ပါဘူး။ သူတို့အနေနဲ့ပါတီမှတ်ပုံတင် အသစ်အနေနဲ့မှတ်ပုံတင်မယ်ဆိုရင်တော့သူတို့ရဲ့ ရပ်တည်မှုပါ။ NLDပါတီကဖျက်သိမ်းပြီးသားပါတီ အဲဒါကိုယူသုံးရင်တော့ကျနော်တို့ကန့်ကွက်ရမယ်။ သူတို့လုပ်တာက မူလ NLDပါတီခေါင်းဆောင်တွေကော ပါတီဝင်အားလုံးရဲ့သဘောထားနဲ့ဆန့်ကျင်နေပါတယ်လို့ ပြောချင်ပါတယ်။"

အခုလက်ရှိNLD ပါတီဆက်လက်တည်မြဲရေး လိုလားသူတွေအများအပြား ရှိနေသေးတာမို့ ပါတီရပ်တည်ရေးကြိုးပမ်းမှုရှိလာနိုင်တယ်လို့ ပါတီဝင်တဦးဖြစ်တဲ့ ဦးအောင်စိုးက ဗွီအိုအေကိုခုလိုပြောပါတယ်။

"NLD ပါတီကတော့ဘယ်လိုပြောမလဲဗျာ ၃၆နှစ်ကျော်ခဲ့ပြီလေ နိုင်ငံရေးအနေအထားနဲ့ရှိနေသင့်တာပေါ့ တချိန်ကလည်း ဦးအောင်ရွှေတို့အဲလိုလုပ်ခဲ့တာလေ ပါတီဆက် လက်တည်ရှိရေးပေါ့ အန်တီအကျယ်ချုပ်အကျဉ်းချုပ်ကျချိန်မှာအဲလိုဘဲလုပ်ခဲ့ကြတယ်။ ခုလဲပါတီကရှိနေသင့်တာပေါ့ ပြည်သူတွေကလည်း နစက လုပ်မယ့်ရွေးကောက် ပွဲမှာ NLD ပါတီမရှိရင်ဘယ်သူ့ကိုမဲထည့်ရမလဲ ပြည်သူ့အသံတွေရှိတယ်လေ ကျနော်တို့ကရွေးကောက်ပွဲကိုအဓိကထားစဉ်းစားတာမဟုတ်ဘူး။ ခုချိန်မှာကျနော်တို့ဘာမှ မပြောလိုဘူးဗျ အခြေအနေတွေခင်ဗျားတို့သိတဲ့အတိုင်းဘဲ ကျနော်တို့က မွေးကထဲကပါခဲ့တဲ့သူတွေ ပါတီကိုရှိစေချင်တယ်။ ဒါဘဲရွေးကောက်ပွဲဝင်ရေးမဝင်ရေးကပြဿနာ မဟုတ်ဘူး"

NLD ပါတီဝင်တချို့ရဲ့ ပါတီပြန်လည်ရပ်တည်ရေးအတွက် ကြိုးပမ်းမှုတွေနဲ့ ပတ်သတ်လို့ ဗွီအိုအေက ရွေးကောက်ပွဲကော်မရှင်နဲ့ စစ်ကောင်စီပြောခွင့်ရကို အကြိမ်ကြိမ်ဖုန်းဆက်ပေမယ့် ပြန်လည်ဖြေဆိုတာမရှိခဲ့ပါဘူး။

စစ်ကောင်စီရဲ့ ဇန်နဝါရီလ ၂၆ ရက် နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းဥပဒေသစ်အရ ရွေးကောက်ပွဲမှာ ဝင်ပြိုင်မယ့် နိုင်ငံရေးပါတီအားလုံး ရက်ပေါင်း ၆ဝ အတွင်း မှတ်ပုံပြန်တင်ရမှာဖြစ်ပြီး မလိုက်နာရင် နိုင်ငံရေးပါတီအဖြစ်ကနေ အလိုအလျောက် ပျက်ပြယ်မယ်လို့ သတိပေးထားခဲ့ပါတယ်။

နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်းဥပဒေသစ်အရ မှတ်ပုံတင်နိုင်ဖို့ နောက်ဆုံးသတ်မှတ်ထားတဲ့ရက်ရောက်လာပြီးတဲ့နောက် အဓိက နိုင်ငံရေးပါတီကြီးဖြစ်တဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အပါအဝင် ပါတီပေါင်း ၄၀ကျော် ဟာပြန်လည်မှတ်ပုံမတင်ခဲ့ပါဘူး။

ဒါကြောင့် ၂၀၂၀ ရွေးကောက်ပွဲမှာ ၈၀ ရာခိုင်နှုန်းကျော် အနိုင်ရခဲ့တဲ့ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ပါတီ၊ ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ်တို့အပါအဝင် ပါတီ ၄၀ ကျော်ကို မှတ်ပုံတင်ပယ်ဖျက်လိုက်တယ်လို့ ရွေးကောက်ပွဲကော်မရှင်က ၂၀၂၃ မတ် ၂၈ ရက်ညပိုင်းက ကြေညာခဲ့ပါတယ်။ စစ်ကောင်စီရဲ့နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းဥပဒေသစ်ရဲ့ တင်းကျပ်တဲ့ စည်းမျဉ်းတွေနဲ့ လက်ရှိနိုင်ငံရေးအခြေအနေတွေကြောင့် တည်ဆဲ ၉၁ ပါတီအနက် ပါတီ ၄၀ ကျော်ပဲ မှတ်ပုံပြန်တင်နိုင်ခဲ့ပါတယ်။

တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG