သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရှမ်းမြောက်မုံးကိုးဒေသ စစ်ကောင်စီတပ်နဲ့ ကိုးကန့်တပ် တိုက်ပွဲကြောင့် စစ်ပြေးဒုက္ခသည် ၇၀၀ မုံးကိုးမြို့တွင်းခိုလှုံ


ရှမ်းမြောက်ဒေသ ဒုက္ခသည်များ (ဓာတ်ပုံ - Courtesy)
ရှမ်းမြောက်ဒေသ ဒုက္ခသည်များ (ဓာတ်ပုံ - Courtesy)

(Zawgyi/Unicode)

ရှမ်းပြည်နယ်မြောက်ပိုင်း မူဆယ်မြို့နယ် မုံးကိုးဒေသမှာ စစ်ကောင်စီတပ်နဲ့ ကိုးကန့်တိုင်းရင်းသား MNDAA အဖွဲ့တွေ ဒီနေ့လည်း တိုက်ပွဲဆက်လက်ဖြစ်ပွားနေပါတယ်။ တိုက်ပွဲတွေကြောင့် မုံးကိုးမြို့ပေါ်ကို ထွက်ပြေးလာကြတဲ့ စစ်ပြေးဒုက္ခသည် ၇၀၀ လောက်အထိ ရှိနေပါတယ်။

ကြူကုတ်(ပန်ဆိုင်း) ဘက်မှာ တနင်္လာနေ့က ဖြစ်တဲ့တိုက်ပွဲမှာလည်း စစ်ကောင်စီဘက်က ၁၀ ဦးထက်မနည်း ကျဆုံးတဲ့သတင်းတွေ ထွက်ပေါ်နေပါတယ်။ ရန်ကုန်ကလာတဲ့ ရှမ်းပြည်နယ်မြောက်ပိုင်းက တိုက်ပွဲအခြေအနေကို ငြိမ်းချမ်းက ပြောပြပါမယ်။

တရုတ်- မြန်မာနယ်စပ် မူဆယ်မြို့နယ် မုံးကိုးဒေသဘက်မှာ ဒီကနေ့ အနည်းဆုံး တိုက်ပွဲ ၂နေရာဖြစ်ပွားနေတာပါ ။ လတ်တလော တိုက်ပွဲဖြစ်ပွားနေတဲ့အခြေအနေကို မုံးကိုးဒေသခံတစ်ယောက်က VOA ကို အခုလို ပြောပါတယ်။

“ အခု မနက်ခင်းကတော့ နော့ကိုးပေါ့နော်။ နော့ကိုးနဲ့ ဟေမိုးလုံကြားထဲမှာ ဖြစ်တယ်ဗျ။ လောလောဆည်ဆည်မှာတော့ နော့ကိုးမှာ အသံကြားနေတာပေါ့နော်။ ဒုံးကျည်တွေ၊ လက်နက်ကြီးတွေ ကြားနေရတယ်။ ဒုန်း၊ ဒုန်းနဲ့။ ဒါပေမဲ့ ကောင်းလုံအုပ်စု နမ့်ဟာကျေးရွာရယ်၊ မန်ခုံး(ရွာ) အဲဒီမှာလည်း အခုတော့ ဖြစ်နေတုံးပဲပေါ့နော်။ နမ့်ဟာဘက်မှာတော့ လက်နက်ကြီးတွေနဲ့ သိပ်မချတော့ဘူးပေါ့နော။ လက်နက်သေးတော့ ကြားတော့ ကြားသေးတယ် အဲလိုမျိုးပေါ့။”

ဟေမိုးလုံကျေးရွာအုပ်စုဟာ မုံးကိုးနဲ့ ပန်ဆိုင်း(ကြူကုတ်) အကြား မုံးကိုးမြို့ အနောက်ဖက်မှာရှိပြီး ကောင်းလုံ ကျေးရွာအုပ်စုကတော့ အရှေ့ဘက်မှာ တည်ရှိတာပါ။

သြဂုတ်လ ၂၉ ရက်နေ့က ကောင်းလုံးကျေးရွာအုပ်စုမှာ တိုက်ပွဲပြင်းထန်ခဲ့တာကြောင့် နမ့်ဟာရွာက ဒေသခံ ၄ ဦး သေဆုံးခဲ့သလို လူရာနဲ့ချီပြီး မုံးကိုးမြို့ပေါ်ကို တိမ်းရှောင်ခဲ့ကြရပါတယ်။

လက်ရှိ မုံးကိုးမြို့ပေါ်မှာ ယာယီစစ်ဘေးဒုက္ခသည်စခန်း ၃ ခုဖွင့်လှစ်ထားပြီး ဒုက္ခသည် ၇၀၀ နီးပါး ရောက်ရှိနေကြောင်း ကယ်ဆယ်ရေးဆောင်ရွက်နေသူ တစ်ဦးက ပြောပါတယ်။

“ ဒီနေ့လည်း ၁၄ယောက်တိုးတယ်။ အခုတော့ ဒီနေ့ကျနော်တို့ အကုန်လုံး ၆၈၁ ဦးပေါ့။ Camp က အခု ၃ ခုမှာပဲ။ RC church မှာကျတော့ နည်းနည်း ဝေးလို့ ၊ အဲဒီမှာ မရွှေ့တော့ဘူး။”

စစ်ရှောင်တွေကို ကချင်နှစ်ခြင်းဘုရားကျောင်း၊ လီဆူဘုရားကျောင်းနဲ့ ဗုဒ္ဓဘာသာ ဘုန်းကြီးကျောင်းမှာ နေရာချထားပေးပါတယ်။

ဒီလ ၂၈ရက်နေ့ကတော့ ပန်ဆိုင်း(ကြူကုတ်)ဘက်မှာ စစ်ကောင်စီတပ်နဲ့ MNDAA တပ်အကြား တိုက်ပွဲပြင်းပြင်းထန်ထန်ဖြစ်ခဲ့ပြီး ပန်ဆိုင်းနဲ့ နမ့်ဟူးရွာအကြားမှာ စစ်သားနဲ့ အရပ်သားအလောင်း အချို့ကို တွေ့ရကြောင်း ပန်ဆိုင်းဒေသခံတွေက ပြောပါတယ်။

“ နမ့်ဟူးနဲ့ ပန်ဆိုင်းကြား။ အလောင်းတွေ တွေ့တော့ တွေ့ပါတယ် ဒီမှာက။ ဘယ်နှစ်ယောက်တော့ ကျနော်က မသိဘူး။ ရွာသားက ၂ယောက်ပါတယ်။ စစ်သားလည်း ပါတယ်။ လမ်းဘေးမှာပဲ တွေ့တာပေါ့။ ပန်ဆိုင်းက ကားမောင်းလာတယ် စစ်သားတွေ လမ်းဘေးမှာပဲ သေတာ တွေ့ရတယ်တဲ့။ ရွာသားက ပြောတော့ ၁၀ယောက်လောက်တော့ ရှိပါတယ်။”

ပန်ဆိုင်းဘက်မှာ ဒီကနေ့တော့ တိုက်ပွဲဖြစ်ပွားတာ မရှိဘူးလို့လည်း ပြောပါတယ်။

လူမှုကွန်ယက်သတင်းစာမျက်နှာတွေမှာတော့ စစ်ကောင်စီတပ်ကလို့ ယူဆရတဲ့ ရုပ်အလောင်း ၁၇လောင်းနဲ့ အမျိုးသမီး ၂ ဦးအလောင်းကို တွေ့ရကြောင်း ဖော်ပြထားပါတယ်။

ကိုးကန့်အဖွဲ့ရဲ့ လူမှုကွန်ယက်စာမျက်နှာမှာလည်း တိုက်ပွဲဖြစ်ပွားစဉ် ရိုက်ကူးထားတဲ့ ဗီဒီယိုတွေနဲ့ သိမ်းဆည်းရမိတဲ့ လက်နက်တွေ၊ ကျဆုံးသူတွေ ပုံကို ဖော်ပြထားပေမဲ့ စစ်ကောင်စီဘက်ကတော့ ဒီသတင်းနဲ့ပတ်သက်ပြီး တစ်စုံတရာ ထုတ်ပြန်တာ မရှိပါဘူး။

မုံးကိုးဒေသဘက်က တိုက်ပွဲတွေနဲ့ပါတ်သက်လို့တော့ သြဂုတ်လ ၂၈ရက်နေ့က မုံးကိုးဒေသဘက်မှာ တိုက်ပွဲ ၂ ကြိမ်ဖြစ်ပွားခဲ့ပြီး အရာရှိငယ်တစ်ဦးနဲ့ စစ်သည်အချို့ ကျဆုံးကြောင်း၊ လက်နက်ခဲယမ်းအချို့ ပျောက်ဆုံးကြောင်း တနင်္လာနေ့က သတင်းထုတ်ပြန်ခဲ့ပါတယ်။ ဒီထုတ်ပြန်ချက်မှာပဲ ဒီရက်ပိုင်းအတွင်း လုံခြုံရေးတပ်ဖွဲ့ဝင်တွေ အများအပြားကျဆုံးတယ်လို့ မဟုတ်မမှန်ဝါဒဖြန့်တာတွေ ရှိနေကြောင်းလည်း ထည့်သွင်း ဖော်ပြခဲ့ပါတယ်။

...........................................................................................



(Unicode)
















XS
SM
MD
LG