သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

NUG အမျိုးသား ညီညွတ်ရေးအစိုးရအပေါ် အဝေးရောက်အစိုးရ အဖွဲ့ဝင်ဟောင်းတွေရဲ့အမြင်


National Unity Government - NUG အမျိုးသား ညီညွတ်ရေးအစိုးရ
National Unity Government - NUG အမျိုးသား ညီညွတ်ရေးအစိုးရ

CRPH က ဧပြီလ(၁၆)ရက်နေ့မှာ စတင်ဖွဲ့စည်းလိုက်တဲ့ NUG အမျိုးသား ညီညွတ်ရေးအစိုးရဟာ ပြည်သူလူထုရဲ့ လက်ရှိ နိုင်ငံရေးရေချိန်၊ခေတ်ကာလ အခြေအနေနဲ့ နိုင်ငံတကာရဲ့တုန့်ပြန်မှုတွေ အရပါလွန်ခဲ့တဲ့ နှစ်(၃၀)ကျော် ထိုင်းမြန်မာနယ်စပ်မှာ ဖွဲ့စည်းခဲ့တဲ့ NCGUB အမျိုးသားညွန့်ပေါင်းအစိုးရထက် အားသာချက်တွေ ရှိပြီး ၊ စစ်အာဏာရှင်စနစ် အဆုံးသတ်နိုင်ရေးအတွက် အစွမ်းကုန် လုပ်ဆောင်သွားနိုင်လိမ့်မယ်လို့ ယုံကြည်ကြောင်း NCGUB အစိုးရအဖွဲ့ဝင် ဝန်ကြီးဟောင်းတချို့က ပြောကြားလိုက်ပါတယ်။ ဆက်သွယ်မေးမြန်းထားတဲ့ ကိုဉာဏ်ဝင်းအောင်က ပြောပြမှာပါ။

( ဧပြီလ (၁၆)ရက်နေ့က စတင်ဖွဲ့စည်းလိုက်တဲ့ NUG အမျိုးသားညီညွတ်ရေး အစိုးရ အဖွဲ့ဝင်ဝန်ကြီးများ အွန်လိုင်းကတဆင့် ကျမ်းသစ္စာကျိန်ဆိုနေကြစဉ် )
( ဧပြီလ (၁၆)ရက်နေ့က စတင်ဖွဲ့စည်းလိုက်တဲ့ NUG အမျိုးသားညီညွတ်ရေး အစိုးရ အဖွဲ့ဝင်ဝန်ကြီးများ အွန်လိုင်းကတဆင့် ကျမ်းသစ္စာကျိန်ဆိုနေကြစဉ် )

အမျိုးသား ညီညွတ်ရေးအစိုးရ NUG ကို လတ်တလောမှာ ဝန်ကြီးဌာန(၁၁)ခုနဲ့ ဖွဲ့စည်းလိုက်ပြီး အမျိုးသားသွေးစည်းညီညွတ်ရေး ဆိုတဲ့ ရည်မှန်းချက်အတိုင်းပဲ နယ်ပယ်အသီးသီးမှာ ကျွမ်းကျင်တဲ့ တိုင်းရင်းသားပေါင်းစုံ ပါဝင် ဖွဲ့စည်းထားတာ တွေ့ရပါတယ်။

၁၉၈၈ လူထုအုံကြွမှုအပြီး ၁၉၉၀ မေလ ရွေးကောက်ပွဲ အနိုင်ရတဲ့ လွှတ်တော်ကိုယ်စားလှယ်တွေနဲ့ ထိုင်းမြန်မာနယ်စပ် လွတ်မြောက်နယ်မြေမှာ ၁၉၉၀ နှစ်ကုန်ပိုင်း စတင်ဖွဲ့စည်းခဲ့တဲ့ NCGUB အစိုးရထက်စာရင် CRPH (ပြည်ထောင်စုလွှတ်တော် ကိုယ်စားပြုကော်မတီ) က လတ်တလော ဖွဲ့စည်းလိုက်တဲ့ NUG အစိုးရမှာ အားသာချက်တွေရှိတယ်လို့ NCGUB ရဲ့ နိုင်ငံခြားရေးဝန်ကြီးအဖြစ် တာဝန်ယူခဲ့ဖူးသူ ဦးဘိုလှတင့်က မြင်ပါတယ်။

“ ပြောရမယ်ဆိုရင်တော့ အခုဖွဲ့ထားတဲ့ CRPH တို့ NUG တို့ လက်ရှိ ရင်ဆိုင်ဖြတ်သန်းနေရတဲ့ အခြေအနေတွေက အများကြီး အားသာချက်တွေ ရှိတယ်လို့ ပြောရမှာ ဖြစ်ပါတယ်။ ဥပမာအားဖြင့် ကျနော်တို့ NCGUB ဖွဲ့တုန်းကဆိုရင် ဒီစစ်အုပ်စုတွေက အပေါ်စီးက ရပြီးတော့၊ ကျနော်တို့ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ကို ဖိအားပေးတော့ ကျနော်တို့ အပြင်ရောက်လာတဲ့ အမတ်တွေကိုတောင် ပါတီကနေ ထုတ်ပစ်ခဲ့ရတဲ့ အနေအထားအထိ ရှိခဲ့တာမျိုးပေါ့။ ပြည်တွင်းမှာလည်းပဲ အခုလို လူထု လှုပ်ရှားမှုကြီးတို့ ၊ CDM လှုပ်ရှားမှုတို့ ၊ Gen Z တို့ရဲ့ လှုပ်ရှားမှုမျိုး ဟိုတချိန်က မရှိခဲ့ပါဘူး။ နိုင်ငံတကာမှာလည်း ခုလို ကုလသမဂ္ဂ အနေအထားမှာပဲဖြစ်ဖြစ် ၊ တနိုင်ငံချင်းရဲ့ တုန့်ပြန်မှု အနေအထားမှာပဲ ဖြစ်ဖြစ် ကျနော်တို့တုန်းက အင်မတန်မှကို ခက်ခက်ခဲခဲ ကြိုးစားရတဲ့ အနေအထားဖြစ်တယ်။ ဒီကနေ့ အမျိုးသား သွေးစည်းညီညွတ်ရေးအစိုးရ (NUG)ဟာ လူပုဂ္ဂိုလ်များ အနေနဲ့ရော၊ ခေတ်အခြေအနေ ပြောင်းလဲချက်အရပါ အဖက်ဖက်ကနေ အားသားချက်တွေ ရှိပါတယ်။ ကုလသမဂ္ဂအပါအဝင် နိုင်ငံတကာ တုန့်ပြန်ချက်တွေကလည်း ကျနော်တို့ NCGUB ထက် အားကောင်းပါတယ်။ အောင်လည်း အောင်မြင်စေချင်ပါတယ်။”

အမေရိကန်ပြည်ထောင်စု မေရီလန်းပြည်နယ်မှာ နေထိုင်တဲ့ ဦးဘိုလှတင့်ဟာ ၁၉၉၀ ရွေးကောက်ပွဲတုန်းက NLD ပါတီရဲ့ မိုးကုတ်မြို့နယ် လွှတ်တော်ကိုယ်စားလှယ် ဖြစ်ပါတယ်။

လက်ရှိဖွဲ့စည်းလိုက်တဲ့ NUG အစိုးရနဲ့ အရင် NCGUB အစိုးရကြားမှာ ကွာခြားချက်တွေ အတော်လေးရှိတယ်လို့ အမေရိကန်နိုင်ငံ အင်ဒီယားနားပြည်နယ်မှာ နေတဲ့ NCGUB ရဲ့ဝန်ကြီးတဦး ဖြစ်ခဲ့သူ ဒေါက်တာ တင့်ဆွေက သုံးသပ်ပါတယ်။

“ အခြေခံကိုက တော်တော်လေး ကွာခြားပါတယ်။ ကျနော်တို့က ၁၉၉၀ ရွေးကောက်ပွဲ ရလဒ်ကို အခြေခံပြီးတော့ လွတ်မြောက်နယ်မြေမှာ ကျနော်တို့ ဖွဲ့စည်းခဲ့ကြပါတယ်။ မဖွဲ့ခင်တော့ ပြည်တွင်းမှာ လျှို့ဝှက် အစည်းအဝေးပေါင်း မြောက်များစွာ ရှိခဲ့တာပေါ့နော်။ ကျနော်တို့ NCGUB ထဲမှာ ဖွဲ့စည်းမှုအရက အမတ်တွေချည်းပဲ ပါခဲ့တယ်။ အခုဖွဲ့လိုက်တဲ့ NUG ကတော့ ၂၀၂၀ ရွေးကောက်ပွဲရလဒ်က အမတ်တွေရော ၊ အမျိုးသားညီညွတ်ရေးဆိုတဲ့ သူတို့ပေးထားတဲ့ နာမည်နဲ့ လျှော်ညီစွာပဲ တိုင်းရင်းသားအင်အားစုတွေရော ၊ ဒီမိုကရေစီ အင်အားစုလို့ ခေါ်ရမယ့် Civil Society လူထုအခြေပြု လူမှုအဖွဲ့အစည်းတွေရော ပါတဲ့ အဖွဲ့အစည်း ဖြစ်လာပါတယ်။ ဒီနေရာမှာ တူတာ တခုကတော့ အစိုးရ နှစ်ဖွဲ့စလုံးဟာ စစ်အာဏာရှင်စနစ်ကို ဆန့်ကျင်ရေး အခြေခံရှိသလို၊ အခု NUG ကျတော့ စစ်အာဏာရှင် အမြစ်ဖြတ်ရေးကိုပါ ဦးတည်နေတယ်လို့ ကျနော်ယူဆပါတယ်။”

ဧပြီလ(၁၆)ရက် သောကြာနေ့မှာ ပြုလုပ်တဲ့ NUG အစိုးရရဲ့ သတင်းစာရှင်းလင်းပွဲအတွင်း မြန်မာနိုင်ငံတွင်း CDM လှုပ်ရှားသူတွေ ရင်ဆိုင်နေရတဲ့ အခက်အခဲတွေ ၊ ပြည်သူ့အုပ်ချုပ်ရေးကဏ္ဍအတွက် ဘယ်လို ပြင်ဆင်ထားသလဲ၊ ဖယ်ဒရယ်တပ်မတော်အတွက် ဘယ်လို လုပ်ဆောင်သွားမလဲ ဆိုတာကို ရှင်းပြခဲ့တာပါ။

NUG အစိုးရက ပြောနေသလို လက်တွေ့မှာ ဘယ်လောက်ထိ လုပ်ဆောင်နိုင်မှာပါလဲ။နိုင်ငံတကာ ထောက်ခံမှု အထူးသဖြင့် တချို့သော နိုင်ငံကြီးတွေရဲ့ ထောက်ခံမှုရဖို့က သိပ်ကို အရေးကြီးတယ်လို့ ဦးဘိုလှတင့်က ပြောပါတယ်။

“ လက်ရှိ ဖွဲ့လိုက်တဲ့ NUG အစိုးရကို နိုင်ငံတကာအစိုးရ တခုစီကနေ ဘယ်လောက်ထိ အသိအမှတ်ပြု ထောက်ခံအားပေးမလဲ ဆိုတဲ့ အဖြေပေါ် မူတည်ပါတယ်။ ဥပမာ တခုအနေနဲ့ ပြောရရင် အမေရိကန်ပြည်ထောင်စုလို ချမ်းသာကြွယ်ဝပြီး အင်အားကောင်းတဲ့ နိုင်ငံတခုရဲ့ အကူအညီ ရတာနဲ့တင်ကို .. လက်ရှိ ကြုံတွေ့နေရတဲ့ ပြည်သူလူထုရဲ့ အခက်အခဲကို ဒီ အမျိုးသားသွေးစည်းညီညွတ်ရေး အစိုးရအဖွဲ့က ကူညီဖြေရှင်း ဆောင်ရွက်ပေးသွားနိုင်မယ်လို့ ကျနော်တို့ အဲဒီလိုကို ယုံကြည်ပါတယ်။ ”

မြန်မာနိုင်ငံမှာ အာဏာသိမ်းစစ်ကောင်စီ တပ်တွေရဲ့ ပစ်ခတ်မှုကြောင့် နေ့စဉ်နီးပါ ပြည်သူတွေ သေဆုံးနေရတာပါ။ NUG အစိုးရသစ်က ရှင်းပြထားတဲ့ ပြည်သူ့ကာကွယ်ရေးအစီအစဉ်ဟာ မကြာခင် ပိုပြီးရုပ်လုံးပေါ်လာလိမ့်မယ်လို့ ဒေါက်တာ တင့်ဆွေက မြင်ပါတယ်။

“ ပြည်သူလူထု ကိုယ်နှိုက်ကလည်းပဲ ဒီတိုင်းရင်းသားလက်နက်ကိုင် EAO နယ်မြေမှာ သွားပြီးတော့ သင်တန်းယူတာ ၊ ဖွဲ့စည်းတာတွေ လုပ်လာနေတာ ဖြစ်သလို၊ အခုကတည်းကပဲ ပြည်တွင်းမှာ ရရာ လက်နက်နဲ့ ခုခံကာကွယ်မှုတွေက လုပ်နေကြတယ်။ ဆိုတော့ကာ ကျနော်မြင်တယ် .. အခုက အစိုးရသစ်ရဲ့ ကာကွယ်ရေး ယန္တရား မဟုတ်သေးသော်လည်းပဲ အခုလုပ်နေတဲ့ ခုခံကာကွယ်ရေး အစီအစဉ် တိုက်ခိုက်ရေးတွေထက် ပိုတဲ့ အဆင့်တခုကို NUG ဖွဲ့ပြီးတဲ့နောက်မှာ ဖြစ်လာမယ်လို့ ကျနော်ယုံကြည်ပါတယ်ခင်ဗျ။ ”

ဒေါက်တာတင့်ဆွေဟာ ၁၉၉၀ ရွေးကောက်ပွဲမှာ စစ်ကိုင်းတိုင်း ပုလဲမဲဆန္ဒနယ်မြေ အမှတ်(၂)ကနေ အနိုင်ရခဲ့တဲ့ NLD ပါတီ ကိုယ်စားလှယ် ဖြစ်ပါတယ်။

အခုလို သမိုင်းဝင်ဖွဲ့စည်းလိုက်တဲ့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ဟာ မြန်မာနိုင်ငံရဲ့ တရားဝင်အစိုးရဖြစ်ပြီး ဒီလိုဖွဲ့စည်းတာကို ကြိုဆိုတယ်လို့ ကုလသမဂ္ဂ လူ့အခွင့်ရေးကောင်စီ အကြီးအကဲဟောင်းတွေနဲ့ ဖွဲ့စည်းထားတဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးအကြံပေးကောင်စီ (SAC-M) က ပြောထားပါတယ်။

တိုက်ရိုက် လင့်ခ်


.............
















XS
SM
MD
LG