သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာနိုင်ငံမှာ စွန့်ပစ်စားသောက်ကုန်တွေကနေ မြေသြဇာထုတ်လုပ်ရောင်းချနေ


ကိုအောင်စိုးရဲ့ဇနီး မအေးအေးသန်း တို့ စွန်ပစ်စားသောက်ကုန်တွေကနေ မြေသြဇာထုတ်
ကိုအောင်စိုးရဲ့ဇနီး မအေးအေးသန်း တို့ စွန်ပစ်စားသောက်ကုန်တွေကနေ မြေသြဇာထုတ်

နိုင်ငံတကာမှာ စွန့်ပစ်ပစ္စည်းတွေကနေ အကျိုးပြုပစ္စည်းတွေအဖြစ် ပြန်အသုံးချလို့ရအောင် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးသမားတွေက နည်းမျိုးစုံနဲ့ စမ်းသပ်ရှာဖွေနေကြချိန်မှာ မြန်မာပြည်မှာလည်း စွန့်ပစ် စားသောက်ကုန်တွေကနေ သဘာဝမြေသြဇာထုတ်လုပ်နေတဲ့အကြောင်း ရိုက်တာ သတင်းဆောင်းပါးတပုဒ်ကို မ ခွာညို ပြောပြပေးမှာပါ။

လူတယောက်ရဲ့စွန့်ပစ်အမှိုက်ဟာ တခြားတယောက်အတွက်တော့ အဖိုးတန်ပစ္စည်းဖြစ်နိုင်ပါတယ်။ မြန်မာနိုင်ငံရဲ့စီးပွားရေးမြို့တော်အတွင်းမှာ အမှိုက်ကနေ ရွှေဖြစ်စေမယ့်အရာတွေ အများအပြားရှိတယ်လို့ ဘွတ်ကာရှီ သဘာဝမြေသြဇာထုတ်လုပ်ရေး က ကိုအင်ဒါ အောင်စိုးက သိပါတယ်။ သူက စားသောက်ကုန်စွန့်ပစ်ပစ္စည်းတွေကနေ သဘာဝမြေသြဇာထုတ်နည်းကို နိုင်ငံခြား ပရဟိတအဖွဲ့တဖွဲ့မှာ ၂ နှစ်ကြာ လေ့လာခဲ့သူပါ။ ရန်ကုန် ဆင်ခြေဖုံးရပ်ကွက်တခုက မြေကွက်လွတ်မှာပဲ သူက သဘာဝမြေသြဇာထုတ်ပါတယ်။ တခြား ပရဟိတအဖွဲ့တွေက ပလပ်စတစ်မှိုက်တွေကို ပြန်သုံးလို့ရအောင်လုပ်နေကြပေမယ့် စားသောက်ကုန် စွန့်ပစ်ပစ္စည်းတွေကို ပြန်သုံးနိုင်အောင်လုပ်သူကတော့ သူက ပထမဆုံးဖြစ်လိမ့်မယ်လို့ ကိုအောင်စိုးက ပြောပါတယ်။

“ အမှိုက် Recycle လို့ပြောလိုက်ပြီဆိုရင် လူတွေက ပလပ်စတစ်တို့ သတ္တုသံစတို့ ဖန်တွေ မှန်တွေကိုပဲ ပြေးမြင်ကြတယ်။ အခုလိုမျိုး သဘာ၀ စွန့်ပစ်ပစ္စည်း organic waste တွေကို မသိတာများတယ်။ ဒါပေမယ့် သဘာဝထွက် စွန့်ပစ်ပစ္စည်းတွေကလည်း ပလပ်စတစ် နည်းပါး သဘာဝပတ်ဝန်းကျင်ကို ထိခိုက်စေတာပဲ Global warming တို့ Climate change တို့မှာ ဒါတွေက အဓိက contribution factor အနေနဲ့ ပါဝင်တယ်။ ”

ကိုအောင်စိုးရဲ့ဇနီး မအေးအေးသန်းကိုယ်တိုင်ကလည်း အစပိုင်းမှာ အခုလို စွန့်ပစ်မှိုက်တွေကို ပြန်သုံးလို့ရအောင်လုပ်နေတဲ့ကိစ္စကို သေချာ နားမလည်ခဲ့ကြောင်း ပြောပါတယ်။

“အမှိုက် နဲ့ လုပ်ရမယ်ဆိုတော့ အောက်ခြေလူတန်းစားတွေ ပညာမတတ်တဲ့လူတွေ လုပ်တဲ့ အလုပ်လို့ပဲ ကိုယ်ထင်ခဲ့တယ်။ ဒီလို လက်တွေ့လုပ်လိုက်တဲ့အခါမှာ သဘာဝပတ်ဝန်းကျင်အတွက်ရော ကိုယ်လုပ်နေတဲ့အလုပ်က ပတ်ဝန်းကျင်အတွက်ကောင်းတယ်ဆိုတာ ကိုယ်လုပ်နေတဲ့ အလုပ်ကို ဂုဏ်ယူမိတယ်။ ကိုယ်လုပ်နေတဲ့အလုပ်က ဘာလဲ ကိုယ်တဖက်တလှမ်းကနေ ဝိုင်းဝန်းကူညီပေးတော့ ပိုပြီးခရီးရောက်တာပေါ့။”

ကိုအောင်စိုးက နိုင်ငံခြားပရဟိတအဖွဲ့တခုနဲ့တွဲပြီး အလုပ်လုပ်နေတာပါ။ တလကို အမေရိကန်ဒေါ်လာ ၃ ထောင်လောက်နဲ့ လည်ပတ်နေပြီး ဝင်ငွေကတော့ ဒေါ်လာ ၇၀၀ လောက်ရပါတယ်။ တခြား ဟိုတယ်ကြီးတွေ၊ ပုဂ္ဂလိကကျောင်းတွေကလည်း သူ့ရဲ့သဘာဝမြေသြဇာကို စပြီး ဝယ်နေကြပြီဖြစ်လို့ နောက်ဆို စီးပွါးရေး ပိုကျယ်ပြန့်လာမယ်လို့သူက ယုံကြည်ပါတယ်။

“အခု ဒီမှာ မြင်နေရတာက အားလုံးအနည်းဆုံး ၁၅ တန်ရှိပါတယ်။ ကျနော်တို့ capacity က တနေ့ကို ကျနော်တို့ ၁ တန်လုပ်နေတယ်။ အဲဒီတော့ ဒီနှုန်းအတိုင်းဆိုရင် ကျနော်တို့ တလကို အနည်းဆုံး တန် ၂၀ လုပ်နိုင်တယ်။ ဒါ စတင်ခဲ့တဲ့ ဒီ ၂ နှစ်အတွင်းမှာ ကျနော်တို့ compose ပြောင်းခဲ့တဲ့ သဘာဝအမှိုက်တွေပေါ့လေ တန် ၄၀၀-၅၀၀ လောက်ဖြစ်နေပါပြီ။”

ရန်ကုန်မြို့မှာ နေ့စဉ် စွန့်ပစ်ပစ္စည်း တန်ချိန် ၂၃၀၀ ကနေ ၂၅၀၀ အထိ ရှိနေပြီး အများစုဟာ အိမ်တွေနဲ့ စားသောက်ဆိုင်တွေက ဖြစ်ကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီက ထုတ်ပြန်ထားပါတယ်။ ဒါပေမယ့် အဲဒီရဲ့ထက်ဝက်ကျော်လေး တန်ချိန် ၁၅၀၀ လောက်ကိုပဲ အမှိုက်ပုံကြီးတွေမှာ စွန့်ပစ်နိုင်ပြီး သိပ်မကြာခင်နှစ်တွေအတွင်းမှာပဲ အဲဒီ အမှိုက်ပုံကြီးတွေ ပြည့်သွားမယ်လို့ခန့်မှန်းထားပါတယ်။

“ကျနော်တို့ မြန်မာနိုင်ငံက ဒီ သဘာဝထွက် စွန့်ပစ် ပစ္စည်းတွေနဲ့ ပတ်သက်ရင် အမှိုက်အနေနဲ့ပဲ တလျှောက်လုံး မြင်လာတာဆိုတော့ ဒါတွေက Natural Resources သဘာ၀ သံယံဇာတ တခုဖြစ်တယ်ဆိုတဲ့ idea ကို မိတ်ဆက်ရတဲ့အခါကျတော့ ခက်ခဲတယ်။ သို့ပေမယ့် ကျနော်တို့ တဘက်မှာတော့ Bright future ကို မြင်နေရတယ်။ ဘာဖြစ်လို့လဲဆိုတော့ လူတွေလည်း awareness ရလာတယ်။ အခုဆိုရင် ဟိုတယ်၊ ကျောင်းတွေ အဖွဲ့အစည်းတော်တော်များများကလည်း ကျနော်တို့နဲ့ ဆက်သွယ်ပြီးတော့ သူတို့တွေ လုပ်တောင် လုပ်နေပြီ တချို့ဆိုရင် အဲဒါကြောင့်မို့လို့ ကျနော်တို့ ခက်ခဲပေမယ့် အခုလို စခဲ့တဲ့ ဒီအလုပ်ဟာ အောင်မြင်တယ်ဆိုတာကို ကျနော်လုံး၀ ယုံကြည်ပါတယ်။”

အကောင်းဆုံးနည်းလမ်းကိုရဖို့ စမ်းသပ်မှုတွေ၊ အမှားအယွင်းတွေ တွေ့ခဲ့ရပေမယ့် အခုတော့ ၂ နှစ်အတွင်း သဘာဝမြေသြဇာ တန်ချိန် ၅၀၀ ထုတ်လုပ်နိုင်ခဲ့ပြီလို့ ကိုအောင်စိုးက ပြောပါတယ်။

အခုဆိုရင် သူက ဈေးထဲက စွန့်ပစ် ဟင်းသီးဟင်းရွက်တွေ တနေ့ကို ၁ တန်ဝန်းကျင် လိုက်သိမ်းနေပြီး ရှေ့လျှောက် ၂ တန်ကနေ ၃ တန်လောက်အထိ သိမ်းယူနိုင်ဖို့ မှန်းထားပါတယ်။

အခက်အခဲတွေနဲ့ စခဲ့ ကြုံခဲ့ရပေမယ့်လည်း နောက်ပိုင်းမှာ အောင်မြင်လာလိမ့်မယ်လို့ အပြည့်အဝယုံကြည်ထားကြောင်း ကိုအောင်စိုးက ပြောပါတယ်။

တိုက်ရိုက် လင့်ခ်


..........


(Unicode)













XS
SM
MD
LG