မေလးရွားႏိုင္ငံကို သြားမယ့္ကားေပၚပါလာတဲ့ တရားမဝင္ႏိုင္ငံေျပာင္းဖို႔ႀကိဳးစားတဲ့ ျမန္မာ ၁၀၀ ေက်ာ္ကို ဒီေန႔ ေသာၾကာေန႔ မနက္မွာ ထိုင္းရဲက ဖမ္းဆီးခဲ့ပါတယ္။
Hat Yai ခ႐ိုင္ထဲမွာ ရပ္ထားတဲ့ ဆယ္ဘီးကုန္တင္ကားေပၚမွာ အမ်ိဳးသမီး ၁၉ ေယာက္ အမ်ိဳးသား ၈၂ ေယာက္ကို ဖမ္းမိခဲ့တာျဖစ္တယ္လို႔ ထိုင္းရဲေတြရဲ႕ အေျပာကို ကိုးကားၿပီး Bangkok Post သတင္းစာမွာ ေဖာ္ျပပါတယ္။ သူတို႔ဟာ Prachuap Khiri Khan ခ႐ိုင္ကေန လာၾကသူေတြျဖစ္တယ္လို႔ ေျပာပါတယ္။
ထိုင္းေဒသခံတစ္ဦးရဲ႕ သတင္းေပးမႈအရ Thung Tam Sao ႐ြာက အထူးကင္းစခန္းတခု ေနာက္ဖက္က ကြင္းျပင္ထဲ ရပ္နားထားတဲ့ ဆယ္ဘီးကားကို သြားစစ္ရာကေန အခုလိုဖမ္းမိခဲ့တာလို႔ ထိုင္းရဲေတြက ေျပာပါတယ္။ ျမန္မာႏိုင္ငံက တရားမဝင္ ၁၀၀ ေက်ာ္ ထရပ္ကားၾကမ္းျပင္ေပၚမွာ တာလပတ္နဲ႔အုပ္ၿပီး ပုန္းေနတာကို ရဲ၊ လူဝင္မႈႀကီးၾကပ္ေရးနဲ႔ ေဒသခံအရာရွိ ပူးေပါင္းအဖြဲ႕က ေတြ႕ခဲ့တာလို႔ Bangkok Post သတင္းစာမွာ ေဖာ္ျပခဲ့ပါတယ္။
အခုဖမ္းမိခဲ့တဲ့ ျမန္မာႏိုင္ငံသားအားလုံးက ထိုင္းႏိုင္ငံထဲကို Passport ႏိုင္ငံကူးလက္မွတ္ အေထာက္အထားမပါဘဲ၊ တရားမဝင္ ဝင္လာခဲ့တာလို႔လည္း ဒီဖမ္းဆီးေရး ပူးေပါင္းအဖြဲ႕ေခါင္းေဆာင္ ရဲဗိုလ္မႉးႀကီး Chairat Kanchananate ကေျပာပါတယ္။ ဒီထရပ္ကားၾကမ္းျပင္ေပၚမွာ သဲေတြထည့္ထားၿပီး လိုက္ပါလာသူေတြ အညစ္အေၾကးစြန႔္ဖို႔နဲ႔ ကားရဲ႕တုန္ခါမႈဒဏ္ခံရတာနည္းေစဖို႔ လုပ္ေဆာင္ထားတာေတြ႕ရတယ္လု႔ိ ရဲေတြက ေျပာပါတယ္။ ထိုင္းကားသမားနဲ႔ ကားေနာက္လိုက္တို႔ရဲ႕ အေျပာအရ တရားမဝင္ႏိုင္ငံကူးသူေတြ မေလးရွားႏိုင္ငံဖက္ကို ပို႔ေဆာင္ေပးမယ့္သူကို ေစာင့္ေနရင္း ခုလို ဖမ္းမိတာျဖစ္တယ္လို႔ ဆိုပါတယ္။ အခုလို လူကုန္ကူးမႈနဲ႔ ဆက္ႏြယ္ပါတ္သက္ေနသူေတြကို ဆက္ၿပီး ရွာေဖြေနတယ္လို႔ ထိုင္းရဲေတြက ေျပာပါတယ္။
[Unicode]
တရားမဝင် မလေးရှားသွားဖို့ကြိုးစားသူ မြန်မာ ၁၀၀ ကျော်ကို ထိုင်းရဲဖမ်းဆီး
မလေးရှားနိုင်ငံကို သွားမယ့်ကားပေါ်ပါလာတဲ့ တရားမဝင်နိုင်ငံပြောင်းဖို့ကြိုးစားတဲ့ မြန်မာ ၁၀၀ ကျော်ကို ဒီနေ့ သောကြာနေ့ မနက်မှာ ထိုင်းရဲက ဖမ်းဆီးခဲ့ပါတယ်။
Hat Yai ခရိုင်ထဲမှာ ရပ်ထားတဲ့ ဆယ်ဘီးကုန်တင်ကားပေါ်မှာ အမျိုးသမီး ၁၉ ယောက် အမျိုးသား ၈၂ ယောက်ကို ဖမ်းမိခဲ့တာဖြစ်တယ်လို့ ထိုင်းရဲတွေရဲ့ အပြောကို ကိုးကားပြီး Bangkok Post သတင်းစာမှာ ဖော်ပြပါတယ်။ သူတို့ဟာ Prachuap Khiri Khan ခရိုင်ကနေ လာကြသူတွေဖြစ်တယ်လို့ ပြောပါတယ်။
ထိုင်းဒေသခံတစ်ဦးရဲ့ သတင်းပေးမှုအရ Thung Tam Sao ရွာက အထူးကင်းစခန်းတခု နောက်ဖက်က ကွင်းပြင်ထဲ ရပ်နားထားတဲ့ ဆယ်ဘီးကားကို သွားစစ်ရာကနေ အခုလိုဖမ်းမိခဲ့တာလို့ ထိုင်းရဲတွေက ပြောပါတယ်။ မြန်မာနိုင်ငံက တရားမဝင် ၁၀၀ ကျော် ထရပ်ကားကြမ်းပြင်ပေါ်မှာ တာလပတ်နဲ့အုပ်ပြီး ပုန်းနေတာကို ရဲ၊ လူဝင်မှုကြီးကြပ်ရေးနဲ့ ဒေသခံအရာရှိ ပူးပေါင်းအဖွဲ့က တွေ့ခဲ့တာလို့ Bangkok Post သတင်းစာမှာ ဖော်ပြခဲ့ပါတယ်။
အခုဖမ်းမိခဲ့တဲ့ မြန်မာနိုင်ငံသားအားလုံးက ထိုင်းနိုင်ငံထဲကို Passport နိုင်ငံကူးလက်မှတ် အထောက်အထားမပါဘဲ၊ တရားမဝင် ဝင်လာခဲ့တာလို့လည်း ဒီဖမ်းဆီးရေး ပူးပေါင်းအဖွဲ့ခေါင်းဆောင် ရဲဗိုလ်မှူးကြီး Chairat Kanchananate ကပြောပါတယ်။ ဒီထရပ်ကားကြမ်းပြင်ပေါ်မှာ သဲတွေထည့်ထားပြီး လိုက်ပါလာသူတွေ အညစ်အကြေးစွန့်ဖို့နဲ့ ကားရဲ့တုန်ခါမှုဒဏ်ခံရတာနည်းစေဖို့ လုပ်ဆောင်ထားတာတွေ့ရတယ်လု့ိ ရဲတွေက ပြောပါတယ်။ ထိုင်းကားသမားနဲ့ ကားနောက်လိုက်တို့ရဲ့ အပြောအရ တရားမဝင်နိုင်ငံကူးသူတွေ မလေးရှားနိုင်ငံဖက်ကို ပို့ဆောင်ပေးမယ့်သူကို စောင့်နေရင်း ခုလို ဖမ်းမိတာဖြစ်တယ်လို့ ဆိုပါတယ်။ အခုလို လူကုန်ကူးမှုနဲ့ ဆက်နွယ်ပါတ်သက်နေသူတွေကို ဆက်ပြီး ရှာဖွေနေတယ်လို့ ထိုင်းရဲတွေက ပြောပါတယ်။