သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ပလက်ဝပစ်ခတ်မှု အရပ်သား ထိခိုက်သေဆုံးမှု ရှိနေ


ရခိုင်ပြည်နယ်အတွင်း တိုက်ပွဲများကြောင့် ထွက်ပြေးတိမ်းရှောင်နေကြရသည့် ဒေသခံများ။ (ဇန်နဝါရီ ၄၊ ၂၀၁၉)
ရခိုင်ပြည်နယ်အတွင်း တိုက်ပွဲများကြောင့် ထွက်ပြေးတိမ်းရှောင်နေကြရသည့် ဒေသခံများ။ (ဇန်နဝါရီ ၄၊ ၂၀၁၉)

(Zawgyi / Unicode)

စစ်ရေးပဋိပက္ခ ဖြစ်ပွားနေဆဲ ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်မှာ မနေ့ကနဲ့ ဒီကနေ့ မြန်မာစစ်တပ်ကနေ လေကြောင်းနဲ့ ပစ်ခတ်မှုကြောင့် ဒေသခံကျေးရွာသားတွေ ၁၁ ဦး သေဆုံးခဲ့ပြီး ၂၀ လောက် ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံတွေက ဆိုပါတယ်။ တပ်မတော်ဘက်ကတော့ တိုက်ပွဲအတွင်း ရန်သူဘက်က ပစ်ခတ်တဲ့ နေရာတွေကို လေကြောင်းနဲ့ ပြန်ပစ်ခတ်တာလို့ ဆိုပါတယ်။ အပြည့်အစုံကို ဗွီအိုအေ မြန်မာပိုင်းသတင်းထောက် နိုင်ကွန်းအိန် သတင်းပေးပို့ထားပါတယ်။

ချင်းပြည်နယ် ပလက်ဝမြို့နယ် ပြိန်တိန်ကျေးရွာမှာ ဒီကနေ့ တနင်္ဂနွေနေ့ ညနေပိုင်းမှာ မြန်မာစစ်တပ်က လေကြောင်းကနေ ပစ်ခတ်တိုက်ခိုက်ခဲ့လို့ စာသင်ကျောင်း မီးလောင်ခဲ့သလို အရပ်သားတွေ ထိခိုက်မှု ရှိခဲ့တယ်လို့ ကျေးရွာသားတဦးက ပြောပါတယ်။

“ပလက်၀ မီးချောင်းမှာပဲ အမကပြိန်တိန်ဆိုတဲ့ ကျောင်းကို လေယာဉ်နဲ့လာပြီး ဗုံးကြဲသွားတာ အကုန်လုံး ကျောင်းဆောင်တခုလုံး ပြာကျသွားတယ်။ မနေ့ကဖြစ်ခဲ့တဲ့ မိတ်စာဝရဲ့ အောက်က။ နေအိမ်တွေလည်းထိတယ်။ လူတွေကလည်း နှစ်ယောက်ထိတယ်။”

မနေ့ စနေနေ့မှာလည်း လေကြောင်းက ပစ်ခတ်ခဲ့မှုကြောင့် ပလက်ဝမြို့နယ် မိတ်စာဝကျေးရွာမှာ အရပ်သားအများအပြား သေဆုံး ဒဏ်ရာရမှုတွေ ဖြစ်ပွားခဲ့တယ်လို့ ဒေသခံရွာသား ဦးတိုင်းကျော်က ဆိုပါတယ်။

“အဲဒီမှာ ပစ်ခတ်မှုဖြစ်တာ မဟုတ်ဘူး။ လေယာဉ်နဲ့ပစ်တာခင်ဗျ။ လေယာဉ်နဲ့ပစ်ချိန်မှာ အရပ်သား ၁၁ ယောက်တော့ ဆုံးတယ်ခင်ဗျ။ ဒဏ်ရာရတာ ၂၀ ကျော်လောက်ရှိတယ်။ တိုက်ပွဲဖြစ်တာတော့ မဟုတ်ဘူး။ အဲဒီနားမှာ အစိုးရတပ်မတော် စစ်တပ်ဘက်ကနေပြီးမှ တပ်ကုန်းချထားတဲ့နေရာ ရှိတယ်။ သူတို့တပ်ကုန်းမှာ အရင်တုန်းကတော့ တခါဖြစ်ထားတာ ရှိတယ်။ အရင်တုန်းက တိုက်ပွဲဖြစ်ထားတာ ရှိတယ်ဆိုတော့ သူတို့ခိုလှုံတယ်ထင်ပြီးမှ ရွာကိုပစ်တာ နေမှာပါ။”

ပြီးခဲ့တဲ့ မတ်လ ၁၃ ရက်နေ့က ပလက်ဝမြို့နယ်၊ မိတ်စာကျေးရွာ အနောက်ဘက် တောင်ကြောမှာ ရခိုင်လက်နက်ကိုင် AA နဲ့ မြန်မာစစ်တပ်တို့အကြား တိုက်ပွဲဖြစ်ပွားခဲ့ပြီး ရွာအတွင်း AA အဖွဲ့ ခိုအောင်းနေတယ်ဆိုတဲ့ သံသယနဲ့ ပစ်ခတ်တာလို့ ဆိုပါတယ်။

သေဆုံးသူတွေထဲမှာ ၇ နှစ်အရွယ် ယောကျ်ားလေးတဦးနဲ့ အမျိုးသမီးသုံးဦး ပါဝင်ပြီး အပြင်းအထန် ဒဏ်ရာရရှိသူ ၁၂ ဦးနဲ့ ကျန်တာတွေက အသေးစား ဒဏ်ရာရသူတွေလို့ ဒေသခံတွေက ပြောပါတယ်။

ပြင်းထန်စွာ ဒဏ်ရာရရှိသူတွေကို ဆမီးတိုက်နယ်ဆေးရုံ၊ မတူပီဆေးရုံနဲ့ မင်းတပ်ဆေးရုံတွေမှာ တင်ပို့ထားကြောင်း၊ ခူမီး ချင်းမျိုးနွယ်စုများရေးရာ ပေါင်းစပ်ညှိနှိုင်းရေးကောင်စီမှ ဥက္ကဋ္ဌ ဦးကျော်ငြိမ်းက ပြောပါတယ်။

“မိတ်စာဝရွာဆိုတာက ၁၊ ၂၊ ၃ ဆိုပြီးမှ ရွာ ၃ ရွာရှိတယ်ခင်ဗျ။ မနေ့က လေကြောင်းနဲ့ တိုက်ခိုက်တယ်ဆိုတော့ ထိခိုက်မှုတော့ ရှိတာပေါ့။ ဒဏ်ရာရတာက အခု ဆမီးတိုက်နယ်ဆေးရုံကတဆင့် မတူပီပို့တာရှိတယ်။ မင်းတပ်ကိုပို့တာရှိတယ် လူနာတွေကို။”

လက်ရှိမှာ မိတ်စာ၀ ၁၊ ၂၊ ၃ ကျေးရွာတွေက ဒေသခံတွေဟာ မိတ်စာဝ ၁ ရွာက ဘုန်းကြီးကျောင်း၊ ဓမ္မာရုံနဲ့ စာသင်ကျောင်းတွေမှာ ခိုလှုံနေကြပါတယ်။

မိတ်စာဝကျေးရွာကို လေကြောင်းနဲ့ ပစ်ခတ်တိုက်ခိုက်မှု ဖြစ်စဉ်အပေါ် တပ်မတော် သတင်းမှန်ပြန်ကြားရေးအဖွဲ့ အတွင်းရေးမှူး ဗိုလ်မှူးချုပ်ဇော်မင်းထွန်းက အခုလိုပြောပါတယ်။

“ပလက်ဝနဲ့ ကျောက်တော်ကြားထဲမှာ ကျနော်တို့ ဒီနေ့ထိပဲ ထိတွေ့ တိုက်ပွဲဖြစ်ပွားနေတယ်။ အဲဒီဘက်မှာတော့ ကျနော်တို့ စွပ်စွဲချက် ပေါ်ပေါက်နေတာ တွေ့ပါတယ်။ လေကြောင်းက တိုက်ခိုက်မှုကြောင့် သေဆုံးတာ ဘာညာဆိုပြီး ပြောနေတာရှိတယ်။ ကျနော်တို့ ရပ်ရွာထဲကို အကြောင်းမဲ့ ပစ်ခတ်လေ့ပစ်ခတ်ထ မရှိဘူး။ သို့သော် မလွဲမသွေ ရန်သူက ပစ်ခတ်လာပြီဆိုရင်တော့ သူတို့ပစ်ခတ်တဲ့နေရာမှာ ပြန်လည်ပြီး ဆောင်ရွက်ရမှာဖြစ်တယ်။ သို့သော် လေကြောင်းတိုက်ခိုက်မှုဆိုတာတော့ ကျနော်တို့ ပိုပြီးတိကျပါတယ်။ အကြောင်းမဲ့ တိုက်ခိုက်စရာလည်း အကြောင်းမရှိဘူး။ ရန်သူ့သတင်း မရဘဲနဲ့ ကျနော်တို့ တိုက်ခိုက်စရာအကြောင်း မရှိဘူးလို့ပဲ ပြောချင်တယ်။”

ရခိုင်လက်နက်ကိုင်အဖွဲ့ ပြောခွင့်ရ ခိုင်သုခကတော့ မနေ့က မိတ်စာဝရွာဘက်မှာ သူတို့အဖွဲ့နဲ့ တိုက်ပွဲဖြစ်ပွားတာ မရှိဘူးလို့ ပြောပါတယ်။

စစ်ရေးပဋိပက္ခအတွင်း အရပ်သားတွေအပေါ် ဦးတည်တိုက်ခိုက်တဲ့ လုပ်ရပ်ဟာ လူ့အခွင့်အရေးကို ကျူးလွန်တာလို့ ချင်းလူ့အခွင့်အရေးအဖွဲ့ရဲ့ ဒါရိုက်တာ ကိုတေးရားက ပြောပါတယ်။

“အပြစ်မဲ့ပြည်သူတွေကို အဲဒီလို ထိခိုက်သေဆုံးမှုဆိုတာ တကယ်ကို ဆိုးဆိုးရွားရွား လူ့အခွင့်အရေး ချိုးဖောက်မှုတခုပဲပေါ့နော်။ ဒါက မဖြစ်သင့်မဖြစ်ထိုက်တဲ့ အရာပဲ။”

ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်၊ ကျေးရွာ ၃ ခုမှ ချင်းတိုင်းရင်းသား ၁၁ ဦး လေကြောင်းတိုက်ခိုက်မှုအတွင်း သေဆုံးမှုနဲ့ ပတ်သက်ပြီး ခူမီး ချင်းမျိုးနွယ်စုများရေးရာ ပေါင်းစပ်ညှိနှိုင်းရေးကောင်စီက တုန်လှုပ်ချောက်ချားပြီး ကန့်ကွက်ရှုတ်ချကြောင်း ဒီကနေ့ တနင်္ဂနွေနေ့မှာ ကြေညာချက်တရပ် ထုတ်ပြန်ထားပါတယ်။

ချင်းပြည်နယ် ပလက်ဝနဲ့ ရခိုင်ပြည်နယ်မြောက်ပိုင်းဒေသမှာ မြန်မာစစ်တပ်နဲ့ ရခိုင်လက်နက်ကိုင် AA အဖွဲ့တို့ တိုက်ပွဲအပြင်းအထန် ဖြစ်ပွားနေသလို ပစ်ခတ်မှုဖြစ်စဉ်အတွင်း အရပ်သားတွေ ထိခိုက်သေဆုံး ဒဏ်ရာရရှိမှုကလည်း များပြားနေပါတယ်။

မတ်လ ၁၃ ရက် သောကြာနေ့မှာ ရခိုင်ပြည်နယ် ကျောက်တော်နဲ့ မြောက်ဦးမြို့နယ်အတွင်းက ဆေးရုံ၊ စစ်ဘေးရှောင် ဒုက္ခသည်စခန်းနဲ့ ကျေးရွာအချို့မှာ လက်နက်ကြီး၊ လက်နက်ငယ်တွေနဲ့ ပစ်ခတ်တိုက်ခိုက်ခံရလို့ လူ ၄ ဦး သေဆုံးခဲ့ပြီး ၃၀ ကျော် ဒဏ်ရာရခဲ့ပါတယ်။

တပ်မတော်ဘက်ကတော့ ကျေးရွာတွေမှာ ရွာသားတွေမရှိတော့ဘဲ AA အဖွဲ့ ခိုအောင်းနေလို့ ပစ်ခတ်တာဖြစ်တယ်လို့ ပြောပါတယ်။

တိုက်ရိုက် လင့်ခ်

-----------------------------

(Unicode)

ပလကျဝပဈခတျမှု အရပျသား ထိခိုကျသဆေုံးမှု ရှိနေ




















XS
SM
MD
LG