သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မိုင်ဂျာယန်နောက်ဆက်တွဲ ရှေ့ဆက်လုပ်စရာ အများအပြားရှိ


မိုင်ဂျာယန် ဆွေးနွေးပွဲမြင်ကွင်း။ ဇူလိုင် ၃၀၊ ၂၀၁၆။
မိုင်ဂျာယန် ဆွေးနွေးပွဲမြင်ကွင်း။ ဇူလိုင် ၃၀၊ ၂၀၁၆။

၂၁ ရာစုပင်လုံ ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ မတိုင်ခင် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေအားလုံး မျက်နှာချင်းဆိုင် တွေ့ဆုံဆွေးနွေးခဲ့ကြတဲ့ မိုင်ဂျာယန်ညီလာခံကနေ လက်နက်ကိုင်အဖွဲ့တွေအားလုံး လက်ခံနိုင်တဲ့ ယေဘူယျအခြေခံမူ ဘုံသဘောတူညီချက်တချို့ကိုပဲ ချမှတ်နိုင်ခဲ့ပြီး ရှေ့ဆက်သွားမယ့် ၂၁ရာစုပင်လုံအတွက် အစိုးရ၊ တပ်မတော်အပါအဝင် ဘက်အားလုံးက လက်ခံတဲ့ နိုင်ငံရေးမူဘောင်တရပ် ချမှတ်နိုင်ဖို့က အတော်လေးကြိုးစားရဦးမယ်လို့ သုံးသပ်မှုတွေရှိပါတယ်။ ငါးရက်တာကျင်းပပြီးစီးခဲ့တဲ့ ကချင်ပြည်နယ် မိုင်ဂျာယန်က တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အားလုံးရဲ့ မျက်နှာစုံညီအစည်းအဝေးပေါ် ဘယ်လောက် မျှော်လင့်ချက်ရှိကြသလဲ ဆိုတာကို မဆုမွန်က ဆက်သွယ်မေးမြန်း ထားတာ နားဆင်ပါ။

ကချင်ပြည်နယ် မိုင်ဂျာယာန်မြို့မှာ ဇူလိုင်လ ၂၆ရက်နေ့ကနေ ဇူလိုင်လ ၃၀ရက်နေ့အထိ ငါးရက်တာကျင်းပခဲ့တဲ့ တိုင်းရင်းသား လက်နက်ကိုင် တော်လှန်ရေး အဖွဲ့အစည်းအားလုံးရဲ့ မျက်နှာစုံညီအစည်းအဝေးကြီးကတော့ ပြီးဆုံးသွားပြီးဖြစ်ပါတယ်။ မိုင်ဂျာယာန်ညီလာခံကို တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းပေါင်း(၁၈)ဖွဲ့က ခေါင်းဆောင်တွေ ၊ တိုင်းရင်းသားပါတီတွေက ကိုယ်စားလှယ်တွေ ငြိမ်းချမ်းရေးအကျိုးဆောင်တွေအပါအဝင် ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ရဲ့ မြန်မာနိုင်ငံဆိုင်ရာအထူးအကြံပေးပုဂ္ဂိုလ် Mr Vijay Nambiar အပါအဝင် တရုတ်နိုင်ငံက အာရှရေးရာအထူးကိုယ်စားလှယ်ပါ တက်ရောက်ခဲ့တာပါ။

၂၁ရာစုပင်လုံညီလာခံနဲ့ပတ်သက်ပြီး အကြိုညိနှိုင်းရေးနဲ့ အနာဂတ်ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုတည်ဆောက်ရေး နိုင်ငံရေးဘုံသဘောထားရရှိရေးဆိုတဲ့ အဓိက ရည်ရွယ်ချက်နှစ်ခုနဲ့ကျင်းပတဲ့ ဒီမိုင်ဂျာယန်ညီလာခံမှာ ခေါင်းစဉ်ကြီးလေးခုကို အဓိကထားဆွေးနွေးခဲ့ကြတာပါ။ ပင်လုံလက်စွဲစာတမ်း၊ ဖက်ဒရယ်ပြည်ထောင်စု နဲ့ ပြည်နယ်ဖွဲ့စည်းပုံအခြေခံဥပဒေတွေမှာ ပါရမယ့်အခြေခံမူတွေ၊ အမျိုးသားကာကွယ်ရေးနဲ့ လုံခြုံရေးမူဝါဒဆိုင်ရာအခြေခံမူ၊ ဖက်ဒရယ်ပြည်ထောင်စု တပ်မတော်ကို အရပ်သားအုပ်ချုပ်မှုအောက်ထားရှိရေးအပါအဝင် နိုင်ငံရေးမူဘောင်တွေကို အဓိကဆွေးနွေးပြီး ဘုံသဘောထားတချို့ကို စုစည်းနိုင်ခဲ့တယ်ဆိုတာကို အစည်းအဝေးအပြီး ကြေညာချက်ထုတ်ပါတယ်။

ဒီမိုင်ဂျာယန်ညီလာခံကနေ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေရဲ့ ဘုံသဘောထားတွေနဲ့ ညီညွတ်မှုကို စုစည်းနိုင်ခဲ့ကြောင်း ချပြနိုင်ခဲ့တယ် ဆိုတာကို နိုင်ငံရေးအကဲခတ်ဒေါက်တာရန်မျိုးသိမ်းက ရှု့မြင်ပါတယ်။

“ဒီ NCA ကို လက်မှတ်ရေးထိုးထားတဲ့အဖွဲ့တွေနဲ့ NCA ကို လက်မှတ် မရေးထိုးထားတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတွေ ကျောချင်းကပ်ပြီးတော့ ပူးပေါင်းဆောင်ရွက်မှ ပြည်တွင်းငြိမ်းချမ်းရေးကို တကယ်ဖော်ဆောင်နိုင်မယ်ဆိုတဲ့ ယေဘုယျ သဘောတူညီချက်တခုကိုတော့ ရလိုက်တယ်လို့ ကျနော်နားလည်တယ်။ ဒါပေမယ့် မိုင်ဂျာယန် အစည်းအဝေးမှာ သတင်းထုတ်ပြန်ချက်တွေထွက်တယ်။ ဒါပေမယ့် တရားဝင်ဆုံးဖြတ်ချက်ပေါ့လေ Resolution သဘောမျိုးထွက်တာကိုတော့ မတွေ့ရဘူး ။ အဲဒီအခါကျတော့ ကျနော့်အမြင်ကတော့ မိုင်ဂျာယန်အစည်းအဝေးရဲ့အလွန်မှာ ဆက်ပြီးတော့ ဆွေးနွေးညှိနှိုင်းရမယ့် သဘောတွေရှိဦးမယ်လို့ ကျနော်မြင်တယ်။ အဲဒီတော့ တနည်းအားဖြင့်ပြောရင်တော့ ဒါ Process တခုရဲ့အစလို့မြင်တယ်။ အဲဒီနောက်ပိုင်းမှာ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတွေကြားထဲမှာရော၊ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတွေနဲ့ တပ်မတော် ကြားထဲမှာရော ဆွေးနွေးညှိနှိုင်းမှုတွေလုပ်ဖို့အချိန်ယူရဦးမယ်လို့ ကျနော်ကတော့မြင်တယ်။ နောက် ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံပေါ့လေ ၂၁ ရာစုပင်လုံဟာ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းအားလုံးမပါဝင်နိုင်ဘူးဆိုရင် နိုင်ငံရေးအရ အားကောင်းဖို့အလားအလာနည်းတယ်လို့ ကျနော်က ယူဆတယ်။ အဲဒီအတွက်ကြောင့် အစိုးရအနေနဲ့ရော တပ်မတော်အနေနဲ့ရော နောက် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတွေအနေနဲ့ရော တိုင်းရင်းသားပါတီတွေ အနေနဲ့ရော ပွင့်ပွင့်လင်းလင်း ညှိနှိုင်းဆွေးနွေးပြီးတော့ ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံမှာ အားလုံး ပါဝင်နိုင်အောင်ဖော်ဆောင်ဖို့လိုအပ်တယ်လို့မြင်တယ်။”

ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ဟောင်းလည်းဖြစ် ငြိမ်းချမ်းရေး၊ တိုင်းရင်းသားအရေးစောင့်ကြည့်အကဲခတ်နေတဲ့ ရှမ်းပြည်နယ်သီပေါမြို့နယ်က ဦးရဲထွန်းကတော့ ဒီမိုင်ဂျာယန်ညီလာခံဟာ အောင်မြင်တဲ့ညီလာခံလို့သုံးသပ်နိုင်ပေမဲ့ ရှေ့ဆက်ညိနှိုင်းဆောင်ရွက်ရမယ့်လုပ်ငန်းစဉ်တွေ ဖြတ်သန်းရာမှာတွေ အများကြီးရှိနေသေးတယ်လို့ သုံးသပ်ပါတယ်။

“အောင်မြင်တယ်လို့ပြောနိုင်ပါတယ်။ ဘာကြောင့်လဲဆိုတော့ သူတို့ရဲ့ ရည်ရွယ်ချက်က အစိုးရသစ်နဲ့တွေ့တဲ့အခါမှာ ညီညီညွတ်ညွတ်နဲ့ သူတို့ရဲ့သဘောထားတင်ပြဖို့ ဆိုတဲ့အခါကျတော့ အဓိကအားဖြင့်တော့ ဒေါ်အောင်ဆန်းစုကြည် အနေနဲ့က ဖက်ဒရယ်စနစ်ရဲ့ အနှစ်သာရတွေကို နားလည်အောင်ဆုပ်ကိုင်ပြီး ဒီ ၂ ခုကို ပေါင်းစပ်ပေးနိုင်ဖို့ လိုတာပေါ့။ ၂ ဘက် စလုံးက ရွေ့လာအောင် သူကြိုးစားရလိမ့်မယ်။ လွယ်တော့မလွယ်ဘူး အဲဒီလိုလုပ်ပြီးတော့ ၂ ဘက်စလုံး လက်ခံလာနိုင်မှ ၊ လက်ခံတဲ့အနေအထားရောက်မှ ဒီဆွေးနွေးပွဲက အောင်မြင်လိမ့်မယ်လို့ ထင်တယ်။”

ကချင်ပြည်နယ်က ကချင်အမျိုးသားလူမှုဖွံ့ဖြိုးရေးအဖွဲ့ဥက္ကဋ္ဌ ဦးလမောင်လထောင်ကတာ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းတွေအားလုံး အခုလို မျက်နှာစုံညီစည်းဝေးမှုကနေ ရှေ့ဆက် ၂၁ရာစုပင်လုံညီလာခံကို အကုန်လုံးတက်ရောက်နိုင်ဖို့ မျှော်လင့်ကြောင်းပြောပါတယ်။

“၆၂ ခုနှစ်ကတည်းကနေ အခုအထိပေါ့လေ ခံစားလာခဲ့တဲ့ တိုင်းရင်းသားတွေ အဲဒီမှာ အတူညှိပြီးတော့ လက်ရှိအစိုးရနဲ့ တိုင်ပင်ပြီးတော့ သူတို့လိုလားတဲ့အရာကို ညှိညှိနှိုင်းနှိုင်းနဲ့ ပြုလုပ်သွားမယ်ဆိုတဲ့အရာက အင်မတန်မှကောင်းတဲ့အရာပဲ လို့ကျနော့်အနေနဲ့မြင်တယ်။

ပြဿနာဆိုတာ ညှိညှိနှိုင်းနှိုင်းနဲ့လုပ်သွားမှ ပြဿနာ အားလုံးကိုဖြေရှင်းနိုင်မှာလေ။ အဲဒါကြောင့် တိုင်းရင်းသားတွေ သူတို့လိုလားချက်တွေကို အခုလို ညှိညှိနှိုင်းနှိုင်းနဲ့လက်ရှိအစိုးရသစ်နဲ့ ညှိနှိုင်းပြီးလုပ်သွားတဲ့အရာမို့လို့ အောင်မြင်မှာပဲလို့ ကျနော်အနေနဲ့အဲဒီလိုမျှော်လင့်တယ်လေ။”

ဒီမိုင်ဂျာယန်အစည်းအဝေးအပြီးမှာတော့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အားလုံးရဲ့ ဘုံသဘောထားတွေကို စုစည်းနိုင်ခဲ့ပြီး အတည်ပြုဖို့ ဖြည့်စွက်ဖို့ ပြင်ဆင်ဖို့ လိုအပ်နေသေးတဲ့ အကြောင်းအရာတွေကို ဆက်လက်လုပ်ဆောင်နိုင်ဖို့အရေး ရှေ့ဆက်ပြီး အပစ်ရပ်ထားတဲ့ လက်နက်ကိုင်အဖွဲ့တွေရဲ့လုပ်ငန်းအဖွဲ့နဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေရဲ့ နိုင်ငံရေးဆိုင်ရာညိနှိုင်းဆွေးနွေးရေးကိုယ်စားလှယ်အဖွဲ့တို့ ပူးတွဲ နည်းလမ်းရှာတဲ့နည်း နဲ့ ရှေ့လုပ်ငန်းစဉ်တွေ ဆောင်ရွက်မယ်ဆိုတာကိုလည်း မိုင်ဂျာယန်အပြီး ဇူလိုင်လ ၃၀ရက်နေ့ နေ့စွဲနဲ့ ထုတ်ပြန်တဲ့ ကြေညာချက်ထဲ ပြောဆိုထားပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG