သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

စစ်ကိုင်းတိုင်း ယင်းမာပင် တိုက်ပွဲဆက်


ယင်းမာပင်မြို့နယ်အတွင်း ဒေသခံ ပြည်သူ့ကာကွယ်ရေးတပ်နဲ့ စစ်ကောင်စီတပ် တိုက်ပွဲကြောင့် ထွက်ပြေးတိမ်းရှောင်နေရတဲ့ စစ်ရှောင်ဒုက္ခသည်များ။
ယင်းမာပင်မြို့နယ်အတွင်း ဒေသခံ ပြည်သူ့ကာကွယ်ရေးတပ်နဲ့ စစ်ကောင်စီတပ် တိုက်ပွဲကြောင့် ထွက်ပြေးတိမ်းရှောင်နေရတဲ့ စစ်ရှောင်ဒုက္ခသည်များ။

(Zawgyi / Unicode)

စစ်ကိုင်းတိုင်း ယင်းမာပင်မြို့နယ် အရှေ့ဘက် ဖိုလ်ဝင်တောင်နားမှာ ဖေဖော်ဝါရီ ၂၀ ရက် ညနေပိုင်းက စစ်ကောင်စီယာဉ်တန်းများ မိုင်းဆွဲတိုက်ခိုက်ခံရပြီးနောက် ဒေသခံ ပြည်သူ့ကာကွယ်ရေးတပ်နဲ့ အပြန်အလှန်ပစ်ခတ်မှု ဖြစ်ပွားနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။ တိုက်ပွဲကြောင့် အနီးအနားက ရွာသာယာကျေးရွာ အပါအဝင် ၅ ရွာထက်မနည်း ဒေသခံတွေ အိုးပစ်အိမ်ပစ် ဘေးလွတ်ရာကို ထွက်ပြေးနေကြရတယ်လို့ ဆိုပါတယ်။ ဒီအကြောင်း ရန်ကုန်ကလာတဲ့သတင်းကို မအင်ကြင်းနိုင် ပြောပြပါမယ်။

စစ်ကောင်စီယာဉ်တန်း ၆ စီးနဲ့ ခြေလျင်အင်အား ၈၀ လောက်ပါတဲ့ စစ်ကြောင်းဟာ ဖေဖော်ဝါရီ ၂၀ ရက် ညနေပိုင်းမှာ ယင်းမာပင်မြို့နယ် ဖိုလ်ဝင်တောင် ရွာသာယာကျေးရွာ အနီးအနားမှာ မိုင်းဆွဲတိုက်ခိုက်ခံရပြီး ဒေသခံ ပြည်သူ့ကာကွယ်ရေးတပ်တွေနဲ့ အပြန်အလှန်ပစ်ခတ်မှု ဖြစ်ပွားနေတယ်လို့ ဒေသခံတဦးက ဗွီအိုအေကို ပြောပါတယ်။

“အခုပစ်နေတုန်းပေါ့။ ကျနော်တို့ ဒီမှာ ရွာနဲ့ပါဆို ၂ ဖာလုံလောက်ပဲ ကပ်ပစ်နေကြတာ။ ရွာသာယာခင်ဗျ။ ကျနော်တို့ရွာလမ်းက ကတ္တရာလမ်းကျောပေါ်မှာ သူတို့ သွားလာတဲ့ဟာကို ကျနော်တု့ိ ကျေးရွာ ဒေသခံကာကွယ်ရေးတွေက အဲ့…သေနတ်သံတွေ၊ အဲ့ဒါ (အခုကြားနေရတဲ့အသံက ပစ်ခတ်သံတွေပါ) အဲ့ဒါ သေနတ်သံတွေပဲ။ ကျနော်တို့ဘက်က ကြိုတင်ပြီးတော့ သတင်းရထားလို့ မိုင်းခွဲပြီး တိုက်ခိုက်တာပဲ။ ဒါပေမယ့် သူတို့ဘက်က ဒဏ်ရာရတဲ့လူနဲ့ အနာတရဖြစ်တဲ့လူက လွဲရင် ကျန်တဲ့လူက ပြန်ပစ်တော့ ကျနော်တို့ အပြန်အလှန် တိုက်ပွဲဖြစ်တာပါခင်ဗျ။ ယာဉ်တန်း ၆ စီးနဲ့ ခြေလျင်အားက ၇၀၊ ၈၀ လောက်ရှိမယ်။”

လက်နက်ကြီးပစ်ခတ်မှုတွေဟာ တဖြည်းဖြည်း ကျေးရွာအနား ရောက်လာတာကြောင့် ဘေးလွတ်ရာကို ထွက်ပြေးကြရတယ်လို့ ကောင်းဆင့်ကျေးရွာခံတဦးက ပြောပါတယ်။

“နဂိုတုန်းကလည်း ပြေးရပြီဆိုလို့ရှိရင် ဒီဘက်ကနေပြီးတော့ အဲ့လိုမျိုး လက်နက်ကြီးကျသံတို့ ဗုံးသံတို့ မိုင်းဆွဲတဲ့အသံတို့ ဒီလိုမျိုးပဲ တိုက်ပွဲအခြေအနေကြောင့် အားလုံးက ပြေးခဲ့ရတာ။ ကားယာဉ်တန်းတွေရော တင့်ကားရော ပါတဲ့ကြားရော အရှေ့ကလာတဲ့ ကားတွေကို ဒီဘက်က မိုင်းဆွဲတိုက်ခိုက်တဲ့ အတွက်ကြောင့်မို့လို့လေ။ မိုင်းတွေက တလုံးပြီးတော့တလုံး ဆင့်ကဲဆင့်ကဲ ကွဲနေတာဆိုတော့ အသံတွေကလည်း တဖြည်းဖြည်းနဲ့ နီးလာတာဆိုတော့ ညီမတို့ရွာက လူတွေက အကုန်လုံးက ရှောင်ပေးရတာပေါ့။ အဲ့လိုမျိုး ဒီနားဆိုလို့ရှိရင် ထုံစံအတိုင်းပဲ ဒီဘက်က နှောရိုး၊ ကောင်းဆင့်တို့ ပြီးတော့ အရှေ့မှာဆိုလို့ရှိရင် တယ်ပင်ကန်တို့၊ ဝရံတို့ ဒါမျိုးတွေကအစ အကုန်လုံးရှောင်ရတာပေ့ါ။ အနည်းဆုံး ရွာ ၅ ရွာထက်မနည်းပေါ့။”

တိုက်ပွဲကြောင့် ရွာသာယာကျေးရွာ၊ ကောင်းဆင့်ကျေးရွာ၊ နှောရိုးကျေးရွာနဲ့ တယ်ပင်ကန်ကျေးရွာ အပါအဝင် ၅ ရွာထက်မနည်း ထောင်နဲ့ချီတဲ့ ဒေသခံတွေ အိုးပစ်အိမ်ပစ် ဘေးလွတ်ရာကို ထွက်ပြေးနေကြရတာလို့ ပြောပါတယ်။

စစ်ဘေးဒုက္ခသည်တွေဟာ တောတောင်တွေထဲမှာ ခက်ခက်ခဲခဲနဲ့ နေထိုင်စားသောက်နေကြရတာလို့ တယ်ပင်ကန်ရွာခံတဦးက အခုလို ပြောပါတယ်။

“အသက်ကြီးရွယ်အိုတွေရော၊ ဆိတ်အုပ် နွားအုပ်တွေရောပါအေး၊ တိရစ္ဆာန်လေးတွေရောဆိုတော့ အခက်အခဲတော့ ဖြစ်ကြတာပေါ့။ အခုဆိုရင် ကျန်းမာရေးကလည်း သိပ်မကောင်းကြဘူးလေ။ တောတောင်တွေထဲတော့ အိပ်ရတာတော့ မိုးကာလေးတွေနဲ့ နေရတာပါ မိုးပြီးတော့၊ တချို့တလေကျတော့လည်း အပင်အရိပ်ကောင်းတဲ့ နေရာလေးတွေပါ။”

အသက်ကြီးရင့်သူတွေ ကလေးသူငယ်တွေနဲ့ အထုပ်ကိုယ်စီ ပြေးလွှား သယ်ဆောင်ရတာ အတော်လေး ဒုက္ခရောက်နေကြရတယ်လို့ ဒေသခံတွေက ပြောပါတယ်။ အဲ့ဒီဒေသတဝိုက်မှာ ပစ်ခတ်တိုက်ခိုက်မှုတွေ မကြာမကြာ ဖြစ်ပွားနေပြီး ဒေသခံတွေ ပြေးလွှားနေကြရတာ ဒါနဲ့ဆိုရင် ၆ ကြိမ်ထက်မနည်း ရှိသွားပြီလို့ စစ်ဘေးဒုက္ခသည်တွေက ပြောဆိုကြပါတယ်။

အခုရက်ပိုင်း စစ်ကိုင်းတိုင်းအတွင်းက PDF ကာကွယ်ရေးတပ်တွေရှိတဲ့ နေရာတွေကို စစ်ကောင်စီတပ်တွေက နယ်မြေရှင်းလင်း စစ်ဆင်မှုတွေ တိုးလုပ်လာသလိုပဲ တဖက်မှာ အပြန်အလှန် ပစ်ခတ်မှုတွေလည်း တိုးလာနေပါတယ်။ မနေ့က မနက်မှာပဲ စစ်ကိုင်းတိုင်း ကန့်ဘလူမြို့နယ်က ချပ်သင်းကျေးရွာရဲစခန်းကို လက်နက်ကိုင်အင်အား ၆၀ ခန့် တိုက်ခိုက်ခဲ့ပြီး ထိခိုက်ဒဏ်ရာရမှု မရှိခဲ့ဘူးလို့ စစ်ကောင်စီ ပြန်ကြားရေးက ထုတ်ပြန်ပါတယ်။ အခု ဖိုလ်ဝင်တောင်အနီး တိုက်ပွဲနဲ့ ပတ်သက်လို့ စစ်ကောင်စီဘက်က တစုံတရာ ထုတ်ပြန်တာ မရှိပါဘူး။

မြန်မာနိုင်ငံမှာ မနှစ် စစ်တပ်က အာဏာသိမ်းမှုအပေါ် ဆန္ဒပြမှုတွေ အကြမ်းဖက်နှိမ်နင်းခဲ့တဲ့နောက် ဆန္ဒပြလူငယ် အများအပြားဟာ ဒေသအသီးသီးမှာ PDF ပြည်သူ့ကာကွယ်ရေးတပ်တွေ ဖွဲ့ပြီး စစ်ကောင်စီတပ်တွေကို တုံ့ပြန်တိုက်ခိုက်လာကြတာပါ။ အဲဒီကတည်းက စစ်ကိုင်းတိုင်းအတွင်း မြို့နယ်အတော်များများမှာ အခုလို တိုက်ပွဲတွေ ဆက်တိုက်ကြုံလာခဲ့ရတဲ့နောက် စစ်ပြေးဒုက္ခသည်တွေလည်း တိုးပွားလာနေပါတယ်။

တိုက်ရိုက် လင့်ခ်

---------------------------

(Unicode)













XS
SM
MD
LG