သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

စစ်ကောင်စီကို ရရာလက်နက်နဲ့ ခုခံကာကွယ်မည် (အရပ်သားကာကွယ်ရေးအဖွဲ့ဝင်)


စစ်အာဏာသိမ်း ဆန့်ကျင်ကန့်ကွက်သည့် လူငယ်များ KNU စခန်းတွင် စစ်သင်တန်းတက်နေကြစဉ်
စစ်အာဏာသိမ်း ဆန့်ကျင်ကန့်ကွက်သည့် လူငယ်များ KNU စခန်းတွင် စစ်သင်တန်းတက်နေကြစဉ်

{{Zawgyi/Unicode}}

စစ်ကောင်စီကို ဆန့်ကျင်ပြီး လက်နက်ကိုင်တိုက်ခိုက်နေတဲ့ ဒေသခံ ကာကွယ်ရေးအဖွဲ့တွေကို စစ်ကောင်စီဘက်က သည်းမခံဘဲ ရှင်းလင်းဆောင်ရွက်သွားမယ်လို့ ဒီကနေ့ ပြုလုပ်တဲ့ သတင်းစာ ရှင်းလင်းပွဲမှာ ပြောပါတယ်။ ဒေသခံလက်နက်ကိုင်တွေဘက်ကလည်း ဒီမိုကရေစီရသည်အထိ လက်နက် စွဲကိုင်တော်လှန်သွားမယ်လို့ ပြောပါတယ်။ ဒီအကြောင်းအပြည့်အစုံ ရန်ကုန်ကလာတဲ့သတင်းကို ကိုငြိမ်းချမ်းက ပြောပြပါမယ်။

စစ်ကိုင်းတိုင်းနဲ့ ချင်းပြည်နယ်တို့မှာ ဒေသခံကာကွယ်ရေးတပ်ဖွဲ့တွေဖွဲ့ပြီး စစ်ကောင်စီတပ်တွေကို ရရာလက်နက်စွဲကိုင် တော်လှန်တိုက်ခိုက်နေတာတွေကို ရှင်းလင်းဆောင်ရွက်သွားမယ်လို့ ဒီကနေ့ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ စစ်ကောင်စီဘက်က ပြောပါတယ်။

ဒီအခြေအနေကိုတော့ စစ်ကောင်စီသတင်းထုတ်ပြန်ရေးအဖွဲ့က ဗိုလ်မှူးကောင်းထက်စံက အခုလိုပြောသွားတာပါ။

“နိုင်ငံတခုမှာ ကျွန်တော်တို့ မြန်မာနိုင်ငံမှာပေါ့ နိုင်ငံတည်ငြိမ်အေးချမ်းရေးနဲ့ လုံခြုံရေးအတွက် အခုချိန်မှာ ကျွန်တော်တို့က တပ်မတော်က တာဝန်အရှိဆုံးပဲ။ ဒီတိုင်းနိုင်ငံမှာ ဖြစ်ကျ ပုံမှန်သမရိုးကျ ရာဇဝတ်မှုတွေ လောက်တောင် သည်းခံလို့မရဘူး။ ဒါတွေကိုကျွန်တော်တို့က ဖြေရှင်းပြီးတော့မှ လုပ်သင့်လုပ်ထိုက်တဲ့ နည်းတွေ လုပ်ဆောင်ပြီးတော့မှ နိုင်ငံတည်ငြိမ်အေးချမ်းရေးကို လုပ်ဆောင်ရတာဖြစ်ပါတယ်။ အခုလို လက်နက်စွဲကိုင်ပြီး လုပ်လာတယ်ဆိုတဲ့ကိစ္စက နိုင်ငံတခုအတွက် တည်ငြိမ်အေးချမ်းရေးအတွက် လက်နက်ကိုင် တပ်ဖွဲ့ကြီးဖြစ်တဲ့ တပ်မတော်အနေနဲ့ ဘယ်လိုမှကို သည်းခံနိုင်စရာ အကြောင်းမရှိပါဘူး။ ကျွန်တော်တို့တွေ အဲ့ဒါကြောင့်မို့လို့ ဒီလိုမျိုး လုပ်ငန်းတွေ လုပ်ရပ်တွေ အကြမ်းဖက်လုပ်ရပ်တွေ လက်နက်စွဲကိုင်တဲ့ လုပ်ရပ်တွေပေါ်လာတယ်ဆိုလို့ရှိရင် ကျွန်တော်တို့တွေသည် ဒါတွေကို ကျွန်တော်တို့ လုပ်သင့်လုပ်ထိုက်တဲ့ နည်းလမ်းတွေလုပ်ဆောင်ပြီး ရှင်းလင်းဆောင်ရွက်သွားမယ်လို့ ဖြေကြားလိုပါတယ်။”

စစ်ကောင်စီ အာဏာသိမ်းပြီးနောက်ပိုင်း မြန်မာနိုင်ငံတဝှမ်း ဆန္ဒထုတ်ဖော်တာတွေဖြစ်ခဲ့သလို စစ်ကောင်စီဘက်က လူပေါင်း ၇၀၀ ကျော် သတ်ဖြတ်ခဲ့ပြီး အများအပြားကို ဖမ်းဆီးခဲ့တဲ့ နောက်မှာပဲ စစ်ကိုင်းတိုင်း နဲ့ ချင်းပြည်နယ်တို့မှာ ဒေသခံကာကွယ်ရေးတပ်ဖွဲ့တွေဖွဲ့ပြီး စစ်ကောင်စီတပ်တွေကို လက်နက်ကိုင်ပြီး ပြန်လည် တိုက်ခိုက်လာကြတာဖြစ်ပါတယ်။

စစ်ကောင်စီဘက်က နယ်မြေရှင်းလင်းတာတွေ လုပ်ဆောင်လာရင်လည်း ပြန်လည်ခုခံပြီး ဖက်ဒရယ်ဒီမိုကရေစီရသည်အထိ စစ်ကောင်စီကို ဆက်လက်ဆန့်ကျင်သွားမယ်လို့ ဒေသခံကာကွယ်ရေးအဖွဲ့မှာ ပါဝင်သူတဦးက ဗွီအိုအေကို အခုလိုပြောပါတယ်။

“ကျွန်တော်တို့က တနိုင်ငံလုံးအနေနဲ့ စစ်ကောင်စီကို မလိုလားလို့ အမှန်တရားကိုမြတ်နိုးလို့တော်လှန်တာ သူတို့ဘယ်လောက်ပဲ ရှင်းရှင်း ကျွန်တော်တို့ရဲ့ အမှန်တရား မြတ်နိုးမှုအမြစ်ကတော့ ပျောက်ပျယ်သွားမှာ မဟုတ်ဘူး။ သူတို့ဘက်ကရှင်းလင်းလာရင်လည်း ကျွန်တော်တို့ဘက်က ရှိတဲ့လက်နက်နဲ့ အတတ်နိုင်ဆုံး ကာကွယ်မယ်။ သူတို့ဘယ်လောက်ပဲဒီဘက်ကိုဖိဖိ သူတို့ဒီဘက်ကိုဖိရင် ကျွန်တော်တို့က ဟိုဘက်ကိုကြွမယ်။ ဟိုဘက်ကိုဖိရင်ဒီဘက်ကိုကြွမယ်။ ကျွန်တော်တို့အဲ့လိုလုပ်ဆောင်ထားတယ်။ ကျွန်တော်တို့လိုချင်တဲ့ စစ်မှန်ပြည့်ဝတဲ့ ဒီမိုကရေစီမရမချင်း တိုက်ပွဲဝင်သွားမှာဖြစ်ပါတယ်။ သူတို့ရေးဆွဲထားတဲ့ ဥပဒေအတိုင်းပဲ ငြိမ်းချမ်းစွာ စီတန်းလှည့်လည် ခွင့်ဆိုတဲ့ ဥပဒေအတိုင်းပဲ ကျွန်တော်တို့ ငြိမ်းချမ်းစွာ စီတန်းလှည့်လည်တယ်။ ကျွန်တော်တို့လိုချင်တဲ့ ငြိမ်းချမ်းစွာ စီတန်းတဲ့ ကျွန်တော်တို့ရချင်တဲ့ ဒီမိုကရေစီဆိုတာ မရနိုင်ဘူးလေ။ မရနိုင်တဲ့အနေအထားမှာ ကျွန်တော်တို့ တောင်းလို့ရရင်ရ မရရင် ချမယ်ဆိုတဲ့ အနေအထားအရ လူတွေအားလုံးက အသင့်အနေအထား အခုလို လက်နက်စွဲကိုင်တော်လှန်တာဖြစ်ပါတယ်။”

စစ်ကောင်စီက ရှင်းလင်းရေးတွေ လုပ်မယ်လို့ သတင်းစာ ရှင်းလင်းပွဲမှာ ပြောချိန်နဲ့ တနေ့တည်းမှာပဲ ဒီကနေ့ နက်ပိုင်းမှာပဲ စစ်ကိုင်းတိုင်း ကနီမြို့အနီးက သမင်ခြံရွာမှာ စစ်ကောင်စီတပ်တွေနဲ့ ဒေသခံရွာသားတွေ ပစ်ခတ်တာတွေ ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီဘက်က ဗိုလ်မှူး တဦးအပါအဝင် ၁၀ ဦးခန့် သေဆုံးခဲ့ပြီး အများအပြား ဒဏ်ရာရရှိခဲ့သလို ဒေသခံကာကွယ်ရေးအဖွဲ့ဘက်က ၂ ဦး သေဆုံးခဲ့ပါတယ်။

ဒီအခြေအနေနဲ့ပတ်သက်လို့ ဒေသကာကွယ်ရေးအဖွဲ့ဝင် တဦးက

“ဒီနေ့ကတော့ ကနီမြို့နယ် သမင်ခြံကျေးရွာအနီးမှာ ဖြစ်သွားတဲ့ တိုက်ပွဲက သူတို့ဘက်က ၁၀ ယောက်ကျတယ်။ ပြည်သူဘက်က ၂ ယောက်ကျတယ်။ သူတို့ကျတဲ့သတင်းမှာတော့ ဗိုလ်မှူးသန့်ဇင် အပါအဝင် ၁၀ ဦးကျတယ်။ ထိခိုက်ဒဏ်ရာ ရမှုကတော့ ၁၀ ဦးဝန်းကျင်လောက်ရှိတာပေါ့။ ပြည်သူဘက်က ၂ ယောက်ကျတယ်ဗျ။ တယောက်က တခါတည်းကျတယ်။ နောက်တယောက်ကကျတော့ လက်မောင်းမှာမှန်ပြီး သွေးထွက်လွန်ပြီး ဆုံးသွားတယ်။”

စစ်ကောင်စီအနေနဲ့ လက်နက်ကိုင်ဆန့်ကျင်နေတဲ့ ဒေသခံကာကွယ်ရေး တပ်ဖွဲ့တွေကို ရှင်းလင်းမယ်လို့ ပြောဆိုသလို လက်နက်မဲ့တဲ့ ကျေးရွာတွေမှာလည်း ဒေသခံတွေကို ပစ်ခတ်တာသတ်ဖြတ်တာတွေ လုပ်နေပါတယ်။

ဒီကနေ့ မေ ၇ ရက် မနက်အစောပိုင်းမှာ မြင်းခြံမြို့နဲ့ ၁ မိုင်ခွဲသာဝေးတဲ့ လယ်သစ်ရွာမှာ စစ်ကောင်စီ သတင်းပေးနေအိမ်ကို လူတစုက လက်လုပ်မိုင်းနဲ့ ပစ်ခတ်ပြီး ထွက်ပြေးသွားတဲ့နောက်မှာပဲ စစ်တပ်က ကျေးရွာကို ရောက်လာပြီး ပစ်ခတ်တာကြောင့် ၁၅ နှစ်အရွယ် ကလေးငယ်တဦးသေဆုံးခဲ့သလို ကျေးရွာသား ၃ ဦးကိုလည်း ဖမ်းဆီးသွားပါတယ်။ ဒီအခြေအနေနဲ့ပတ်သက်လို့ ဒေသခံ ရွာသားတဦးက အခုလိုပြောပါတယ်။

“ဒီနေ့မနက် ဖြစ်စဉ်ကလေ မနက် ၅ နာရီလောက်မှာ လယ်သစ်ရွာရဲ့ ဒလံအိမ်ကို ဘယ်အဖွဲ့ကမှန်း မသိဘူး။ တခြားကပဲဖောက်ခွဲမှုလာလုပ်တာ ဖောက်ခွဲပြီးလုပ်ပြီးတော့ သူတို့ကတော့ ထွက်ပြေးတာပေါ့နော်။ ဖောက်ခွဲမှု လုပ်ပြီးတော့ ရွာဒလံက စစ်သားကိုလှမ်းခေါ်ပြီးတော့ စစ်တပ်ကလာပြီးတော့ ရွာမှာ ကား ၅ စီးလောက်နဲ့ လာပြီးတော့ ဝင်စီးတာပေါ့။ အိမ်တွေကော ဟိုလျှောက်ဝင် ဒီလျှောက်ဝင် ဝင်ပြီးတော့ ၃ ယောက်ကိုလည်း ဖမ်းသွားတယ်။ လမ်းတွေ့တဲ့ ကလေးကလည်း သူ့ဘာသာ ခြံသွားတာကို အနောက်ကနေ သေနတ်နဲ့ ပစ်လိုက်တ်။ ဘာမှမလုပ်ဘူး။ ကလေးက သူ့ဘာသာခြံသွားတာ ကလေးက အခုမှ ၁၅ နှစ်လောက်လေး ရှိသေးတယ်။ စစ်သားမြင်တော့သူလည်း ပြေးတော့ပြေးတာပေါ့။ ပြေးတုန်း အနောက်ကနေ သေနတ်နဲ့ လှမ်းပစ်လိုက်တာ။”

ဒါ့အပြင် မေ ၅ ရက်က စဉ့်ကိုင်မြို့နယ်က တရုတ်ဂတ်စ်ပိုက်လိုင်းစောင့်တဲ့ လုံခြုံရေး ရဲ ၅ ဦးကို လူ ၃၀ ခန့်က ဝင်ရောက်တိုက်ခိုက်ခဲ့လို့ ရဲ ၃ ဦး သေဆုံးတာနဲ့ ပတ်သက်ပြီး အနီးနားကကျေးရွာတွေကို စစ်တပ်က ဝင်ရောက်ရှာဖွေဖမ်းဆီးတာတွေ လုပ်နေပါတယ်။ မနေ့ညကလည်း လုံခြုံရေးတွေ တိုက်ခိုက်ခံရတဲ့ အနီးက မုန်ပင်ကျေးရွာမှာ စစ်တပ်က ဝင်ရောက်ဖမ်းဆီးတာတွေလုပ်ခဲ့ပါတယ်။ ဒါနဲ့ပတ်သက်လို့ ရွာသားတဦးက အခုလိုပြောပါတယ်။

“ရွာထဲဝင် ရွာထဲကိုဝင်ပြီးလှည့်ပတ် သူတို့စိတ်ထင်တဲ့နေရာတွေလှည့်ပတ် ခြံတွေထဲကို လှည့်သွား တောတွေ တောင်တွေထဲလှည့်ရှာ ဘုန်းကြီးကျောင်းတခုမှာ ရှေ့နေတယောက်ကိုဖမ်းလာတယ်။ အဲ့ဒါပဲသေနတ်ကဖောက်တယ်။ ဘာလို့ဝင်ရှာတာလည်းဆိုတော့ တောမကိစ္စရယ် အညှိးပုံစံနဲ့ ကျွန်တော်တို့ ရွာကို နောက်ပြီး တက်ကြွလှုပ်ရှားသူတွေကို ဖမ်းချင်တာရယ် ခေါင်းစဉ် ၂ ခုဖြစ်နေတယ်။”

စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း ငြိမ်းချမ်းစွာ ဆန္ဒပြကြပေမယ့် နောက်ပိုင်းမှာ ကျေးရွာတွေကို ဝင်ရောက် ဖမ်းဆီးတာတွေ ဆန္ဒပြပြည်သူတွေကို ပစ်ခတ် ဖမ်းဆီးတာတွေ လုပ်လာတဲ့အတွက်ကြောင့် ချင်းပြည်နယ်နဲ့ စစ်ကိုင်းတိုင်းတို့မှာ လက်နက်စွဲကိုင်ပြီး စစ်ကောင်စီကို တော်လှန်နေကြတာ ဖြစ်ပါတယ်။

............................................................

တိုက်ရိုက် လင့်ခ်

{{Unicode}}

















XS
SM
MD
LG