ကူဝိတ်နိုင်ငံမှာ ဖိလစ်ပိုင် အိမ်အကူအလုပ်သမတဦး အသတ်ခံရပြီးတဲ့နောက် အိမ်အကူလုပ်သားအများအပြားဟာ ကူဝိတ်ကနေ ဖိလစ်ပိုင်နိုင်ငံကို ပြန်သွားနေကြပါတယ်။ သူတို့ရဲ့အလုပ်ရှင်တွေက ဘယ်လောက်တောင် နှိပ်စက်တတ်တယ်ဆိုတာကို ပြောကြ ပေမဲ့လည်း ပြည်ပမှာ ပြန်ပြီး အလုပ်သွားလုပ်ချင်ကြတယ်လို့ အများအပြားက ပြောပါတယ်။
သူတို့ တခါတခါကြုံတွေ့ရတဲ့ ဆိုးရွားတဲ့အခြေအနေတွေနဲ့ ကူဝိတ်ရဲတွေကို ရှောင်ပြီး လုပ်ကိုင်နေကြရပေမဲ့လည်း ဖိလစ်ပိုင်က သူတို့မိသားစုတွေကို ထောက်ပံ့ဖို့က သူတို့အတွက် ပိုအရေးကြီးနေတာပါ။
ကူဝိတ်မှာ ငါးနှစ်နီးပါးလုပ်ခဲ့တဲ့ အသက် ၄၀ အရွယ် Marissa Dalot က သူ့အလုပ်ရှင်ရဲ့ မိခင်ဖြစ်သူဟာ သူ့ကို ခုံထူ ရှုးဖိနပ်နဲ့ ရိုက်တာကြောင့် ခန္ဓာကိုယ်မှာ ဒဏ်ရာတွေ ရခဲ့ပေမဲ့ အိမ်မပြန်ချင်ဘူးလို့ ပြောပါတယ်။ သူ့ကလေးတွေ ကျောင်းတက်နေကြဆဲမို့ သူ အလုပ်ဆက်လုပ်ချင်သေးတဲ့အကြောင်း ပြီးခဲ့တဲ့သီတင်းပတ်ကုန်ကမှ အိမ်ပြန်ဖို့ ဆုံးဖြတ်လိုက်တဲ့ Dalot ကပြောပါတယ်။
ဖိလစ်ပိုင်အိမ်အကူအလုပ်သမ Joanna Demafelis ရဲ့ အသက်မဲ့ခန္ဓာကိုယ်ကို သားငါးအစားအသောက်တွေ တာရှည်ခံအောင် အအေးခံတဲ့ freezer ထဲမှာတွေ့ခဲ့ပြီးတဲ့နောက် ကူဝိတ်က အိမ်အကူလုပ်သားတွေရဲ့အခြေအနေအပေါ် အထူး အာရုံစိုက်လာကြ တာပါ။
အာရပ်ဘ်အလုပ်ရှင်တွေဟာ ဖိလစ်ပိုင်အလုပ်သမတွေကို ရံခါလို မုဒိန်းကျင့်တာတွေရှိတယ်၊ တရက်ကို ၂၁ နာရီ အလုပ် လုပ်ခိုင်းပြီး မသေရုံတမည်ပဲကျွေးတယ်လို့ သိသိသာသာကို ဒေါသထွက်နေတဲ့ ဖိလစ်ပိုင်သမ္မတ Rodrigo Duterte ကပြောပါ တယ်။
ကူဝိတ်မှာအလုပ်လုပ်နေတဲ့ ဖိလစ်ပိုင်နိုင်ငံသား ၂ သိန်းခွဲကျော်ရှိပြီး အများအပြားက အိမ်အကူတွေအဖြစ် လုပ်ကိုင်နေ ကြတာဖြစ်ပြီးတော့ နှိပ်စက်ခံရတာနဲ့ မတရားလုပ်ခံရတဲ့သတင်းတွေ ကျယ်ကျယ်ပြန့်ပြန် ထွက်ထားတာပါ။