သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

၂၁ ပင်လုံ ဒုတိယညီလာခံ အမေရိကန်ကြိုဆို


၂၁ ရာစုပင်လုံ ပထမအကြိမ်အစည်းအဝေး
၂၁ ရာစုပင်လုံ ပထမအကြိမ်အစည်းအဝေး

မြန်မာနိုင်ငံအတွင်း တနိုင်ငံလုံး ငြိမ်းချမ်းရေးရဖို့အတွက် မေလ ၂၄ ရက်၊ နေပြည်တော်မှာ ဒုတိယ အကြိမ် ကျင်းပမယ့် ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ - ၂၁ ရာစုပင်လုံကို အမေရိကန်ပြည်ထောင်စုအနေနဲ့ ထောက်ခံအားပေးကြောင်းနဲ့ ညီလာခံဖြစ်မြောက်ရေးမှာ ကြိုးပမ်းကြတဲ့ သူတွေအားလုံးကို ချီးကျူးကြောင်း အမေရိကန်နိုင်ငံခြားရေးဌာန ကပြောပါတယ်။

တချိန်တည်းမှာပဲ အမေရိကန်ပြည်ထောင်စုမှာ ရောက်ရှိနေထိုင်ကြတဲ့ မြန်မာတိုင်းရင်းသားတွေကတော့ ကျင်းပဖို့ရက်ပိုင်းသာလိုတော့တဲ့ ဒီ ၂၁ ရာစု ပင်လုံညီလာအပေါ် တိုးတက်ကောင်းမွန်တဲ့ ရလဒ်တွေ ထွက်လာမယ်လို့ သိပ်ပြီးမမျှော်လင့်တဲ့အကြောင်း ပြောဆိုကြပါတယ်။ ဘာကြောင့်ပါလဲ၊ ရလဒ်ကောင်းတွေရလာဖို့အတွက် သူတို့တွေဘက်က ဘာတွေတိုက်တွန်းထားပါသလဲ။ အပြည့်အစုံကို ဆက်သွယ်မေးမြန်းထားတဲ့ ရှားဖောင် က တင်ပြပေးပါမယ်။

မြန်မာနိုင်ငံမှာ ရေရှည်ခံပြီး အုပ်စုအားလုံးတို့ပါဝင်ပြီး တရားမျှတတဲ့ ငြိမ်းချမ်းရေး ဖော်ဆောင်နိုင်ဖို့ ကြိုးပမ်းမှုမှာ ဒီဒုတိယအကြိမ် ကျင်းပတဲ့ ပြည်ထောင်စု ငြိမ်းချမ်းရေးညီလာခံ - ၂၁ ရာစု ပင်လုံဟာ နောက်ထပ်ခြေလှမ်းတရပ်ဖြစ်တယ်လို့ အမေရိကန်ပြည်ထောင်စု နိုင်ငံခြားရေးဌာန အရှေ့အာရှနဲ့ပစိဖိတ်ရေးရာပြောခွင့်ရပုဂ္ဂိုလ် Anna Richey-Allen က ဗွီအိုအေကိုပြောပါတယ်။

ဒါ့အပြင်ကမ္ဘာပေါ်မှာသက်တမ်းအကြာရှည်ဆုံးပြည်တွင်းပဋိပက္ခအဆုံးသတ်နိုင်ရေးအတွက် လက်ရှိကြိုးပမ်းအားထုတ်နေကြတဲ့အုပ်စု အားလုံးကို အမေရိကန်ပြည်ထောင်စု အနေနဲ့ ချီးကျုးတဲ့အကြောင်းလည်း Anna Richey-Allen က ပြောပါတယ်။

ရန်ကုန်အခြေစိုက် အမေရိကန်သံရုံးကလည်း ၂၁ ရာစုပင်လုံညီလာခံအတွက် အပြန်အလှန် ညှိနှိုင်းဆွေးနွေးကြတဲ့ သက်ဆိုင်တဲ့ အဖွဲ့တွေအားလုံးနဲ့အတူ မြန်မာနိုင်ငံမှာ ရေရှည်တည်တံ့မယ့်ငြိမ်းချမ်းရေးဖန်တီးနိုင်ရေးကို အမေရိကန်ပြည်ထောင်စုက ထောက်ခံအားပေးကြောင်း မေလ ၁၉ ရက်နေမှာ ကြေညာချက်ထုတ်ပြန်ထားပါတယ်။ ပါဝင်သူတွေအားလုံးအနေနဲ့ ငြိမ်းချမ်းရေးနဲ့ အမျိုးသားပြန်လည်သင့်မြတ်ရေးအတွက် အခွင့်အရေးတွေကို ဆုပ်ကိုင်ထားကြမယ် လို့လည်း မျှော်လင့်ကြောင်း ကြေညာချက်မှာ ဖော်ပြထားပါတယ်။

တဖက်မှာတော့ မြန်မာနိုင်ငံတဝှမ်း အပစ်အခတ် ရပ်စဲနိုင်ဖို့နဲ့ ငြိမ်းချမ်းရေးရရှိဖို့အတွက် ၂၁ ရာစုပင်လုံညီလာခံကို မေလ ၂၄ ရက်နေ့မှာ စတင်ကျင်းပတော့မှာဖြစ်ပေမယ့် ပါဝင်သင့် ပါထိုက်သူတွေအားလုံး တက်ရောက်ခွင့်မရှိတဲ့အတွက် သိပ်ပြီး တိုးတက်ကောင်းမွန်တဲ့ ရလဒ်တွေ ထွက်လာမယ်မထင်တဲ့အကြောင်း အမေရိကန်ပြည်ထောင်စုမှာ ရောက်ရှိနေထိုင်ကြတဲ့ မြန်မာ တိုင်းရင်းသားတွေက ပြောကြပါတယ်။

ဒါနဲ့ပတ်သက်လို့ကယ်လီဖိုးနီးယား ရှမ်းစာပေယဉ်ကျေးမှုအသင်းဥက္ကဌ ဒေါက်တာ စိုင်းထွေးမောင်က သူ့ရဲ့ အမြင်ကို အခုလိုပြောပါတယ်။

“ရှင်းရှင်းပြောရရင်တော့ ဘာမှရလာမှာမဟုတ်ဘူးလို့ထင်တယ်။အခုခေါ်တဲ့ အစည်းအဝေးကို ပြန်ကြည့်တဲ့အခါမှာ ခေါ်တဲ့ပုံစံလေးက သိပ်ပြီးတော့ မဟုတ်သေးဘူး။ ဘာဖြစ်လို့လဲဆိုတော့ သူတို့ခေါ်တာကတော့ တချို့တွေခေါ်တယ်ဆိုတော့ အားလုံးမပါဝင်နိုင်ဘူးဆိုတော့ သူတို့အနေနဲ့ ဘာမှလည်း ဆုံးဖြတ်နိုင်မှာမဟုတ်ဘူး။”

နေပြည်တော်မှာ ကျင်းပမယ့် ၂၁ ရာစုပင်လုံ ညီလာခံကို တက်ရောက်ဖို့ အပစ်အခတ် ရပ်စဲရေး စာချုပ် - NCA ကို ချုပ်ဆိုထားကြတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ၈ ဖွဲ့ ကိုဖိတ်ကြားထားပြီး အားလုံးတက်ရောက်ကြမှာဖြစ်ပါတယ်။ ဒါပေမယ့် ညီလာခံကျင်းပဖို့ ရက်ပိုင်းပဲ လိုတဲ့အချိန်မှာ NCA ကို လက်မှတ်မထိုးရသေးတဲ့ တရုတ် - မြန်မာနယ်စပ်အခြေစိုက် အဖွဲ့ ၇ ဖွဲ့လည်း တက်ရောက်မယ်ဆိုတဲ့ သတင်းတွေလည်းထွက်ပေါ်နေပြီး၊ ညီလာခံတက်ရောက်ဖို့ အစိုးရက အားလုံးကိုဖိတ်ခေါ်တယ်လို့ ကြားသိထားရကြောင်းလည်း တရုတ်-မြန်မာ နယ်စပ်အခြေစိုက်တဲ့ အဖွဲ့တဖွဲ့ ဖြစ်တဲ့ NDAA ခေါ် မိုင်းလားအဖွဲ့ရဲ့ အထွေထွေအတွင်းရေးမှူး ဦးကြည်မြင့် က ဗွီအိုအေကို အစောပိုင်းမှာ ပြောဆိုထားပါတယ်။

ညီလာခံ မှာရလဒ်ကောင်းတွေထွက်လာနိုင်ဖို့အတွက် ပါဝင်တက်ရောက်မယ့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေ၊ အစိုးရတာဝန်ရှိသူတွေ နဲ့ တပ်မတော် ကိုယ်စားလှယ်တွေကို ဒေါက်တာ စိုင်းထွေးမောင်က အခုလို အကြံပြုတိုက်တွန်းထားပါတယ်။

“ကျနော်တို့ရလဒ်ကောင်းရဖို့ဆိုရင် အချိန်ပေးရမယ်တခု။ အချိန်ပေးရမယ်ဆိုတာက သေချာပြင်ဆင်ထား ပြီးတော့ အဖွဲ့အားလုံးကို ပါဝင်နိုင်ဖို့ရင် ကြိုးစားရမယ်။ နောက်အထူးသဖြင့် ကျနော်တို့ရှမ်းတိုင်းရင်းသား တွေဆိုရင် ကျနော်တို့လူမျိုးစုအလိုက် ဘာမှတောင်မဆွေးနွေးရသေးဘူး ။ ဆွေးနွေးခွင့်လည်း မပေးဘူး။ဒါကြောင့် အချိန်တွေအများကြီးပေးပြီးတော့ တကယ်ပဲလွတ်လွတ်လပ်လပ်တိုင်းရင်းသားတွေကို ဆွေးနွေးပိုင်ခွင့်ရှိဖို့ ၊ ပေးဖို့လိုတယ်။ တိုင်းရင်းသားတွေ သူတို့က တိုင်းရင်းသားအချင်းချင်းစုပြီးတော့ တိုင်းရင်းသားတွေရဲ့အမြင်လိုအပ်ချက်တွေကို အကုန်လုံးဖွင့်ဟပြီးတော့ သူတို့အနေနဲ့ စုစည်းပြီးတော့ တိုင်းရင်းသားတွေကိုယ်စားသွားပြီးတော့ တိုင်ပင်တဲ့အခါမှာပဲ တကယ့်စစ်မှန်တဲ့ ငြိမ်းချမ်းရေးရနိုင်မယ်လို့ ကျနော်မြင်တယ်။”

ပါဝင်သင့်တဲ့တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အားလုံးကို ညီလာခံ ကျင်းပဖို့ ရက်ပိုင်းလေးသာလိုတော့တဲ့အချိန်မှာမှ ဖိတ်ကြားတာကြောင့် ဒီ ဒုတိယအကြိမ် ကျင်းပမယ့် ၂၁ ရာစု ပင်လုံညီလာခံဆွေးနွေးပွဲအပေါ်မျှော်လင့်ချက်ကတော့ နှစ်မျိုးနှစ်မည်ရှိနိုင်တယ်လို့ Chin Forum တွဲဘက်ညှိနှိုင်းဆောင်ရွက်ရေးမှူး ဒေါက်တာ Ro Dinga က ပြောပါတယ်။

“အဖြေ၂ ခုရှိမယ်။ ၁ ခုကတော့ မျှော်လင့်တဲ့အပိုင်း ၂၁ ရာစုပင်လုံ ညီလာခံတွေ ဆက်တိုက်ကျင်းပနိုင်တာကတော့ အပြုသဘောဖြစ်တယ် ၊ တိုးတက်မှုတခုပေါ့နော်။ ဘာမှဆွေးနွေးမှုမရှိတာထက်စာရင် အများကြီးတိုးတက်မှုရှိတယ်။ တိုင်းရင်းသားတွေ ကိုယ့်ခံစားချက်တွေ လိုအပ်ချက်တွေကို တင်ပြနိုင်မယ့်အခွင့်အရေးရှိမယ်လို့ကျနော်မြင်တယ်။ နောက် သိပ်မကောင်းတဲဘက်က မြင်တာကတော့ အားလုံးက စစ်တပ်ပေါ်မှာမူတည်နေတယ်။ အဲဒီလိုမျိုးရှိတဲ့အခါမှာ စစ်တပ်ကနေ ဘယ်လောက် လိုက်လျောမလဲ။ စစ်တပ်ကနေ ဘယ်လောက်လောက်ဖွင့်ပေးမလဲဆိုတဲ့အပေါ်မှာမူတည်တယ်။ ဒါကြောင့်ကျနော်အစွန်းဆုံအထိ အပေါင်းလက္ခဏာအများကြီးပေါ်မယ်ဆိုတာကတော့ မျှော်လင့်ချက်မရှိပါဘူး။”

မြန်မာနိုင်ငံ ငြိမ်းချမ်းရေးရရှိဖို့အတွက် ကြိုးစားလာခဲ့ကြတာ နှစ်ပေါင်းများကတည်း ကဖြစ်တာကြောင့် အစိုးရအနေနဲ့ တိုင်းရင်းသားတွေရဲ့ တောင်းဆိုချက် တွေအပေါ် ထည့်တွက် စဉ်းစားပေးဖို့ကိုလည်း အမေရိကန်ပြည်ထောင်စုမှာ ရောက်ရှိနေထိုင်ကြတဲ့ ဒုက္ခသည်တွေကို နေရာချထားရေးတွေမှာ ကြီးကြပ်လုပ်ဆောင်ပေးနေတဲ့ ကချင်တိုင်းရင်းသူ Ruth Dun က ပြောပါတယ်။

“ဖိနှိပ်ခံရတဲ့ တိုင်းရင်းသူတယောက်အနေနဲ့ပြောမယ်ဆိုရင် ကျမတို့တိုင်းရင်းသားတွေဘက်ကတော့ ငြိမ်းချမ်းမှုအရမ်းလိုလားတယ်ပေါ့နော် ။ အဲဒီလိုလားတဲ့အတွက်ကြောင့်လည်း ကျမတို့ကြိုးစားခဲ့တာ နှစ်ပေါင်း မနည်းတော့ဘူးပေါ့နော်။ အစိုးရဘက်ကလည်း ဒါတွေကို ထည့်တွက်စဉ်းစားပြီးတော့ အကောင်းဆုံးဖြစ်အောင်ပေါ့လေ တိုင်းရင်းသားတွေကို တန်းတူညီမျှအခွင့်အရေးပေးပြီးတော့ အတူတကွပေါ့လေ ငြိမ်းငြိမ်းချမ်းချမ်းနဲ့ နေနိုင်အောင် ဦးဆောင်ပြီး၊ ခေါ်ဆောင်ပြီးတော့ လုပ်ပေးသွားနိုင်ဖို့အတွက် ကျမတို့ မျှော်လင့်ပါတယ်။”

ထိုင်း-မြန်မာနယ်စပ်မှာအခြေစိုက်တဲ့ တိုင်းရင်းသားလူမျိုးများဖယ်ဒရယ်ကောင်စီ UNFC ကတော့ အခု ဒုတိယအကြိမ် ကျင်းပမယ့် ၂၁ ရာစုပင်လုံညီလာခံကို တက်ရောက်မယ်မတက်ရောက်ဖူးဆိုတာကို ဆွေးနွေးနေဆဲဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG