သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဖျက်သိမ်းမဲဆန္ဒနယ်များ ရွေးကောက်ပွဲကျင်းပရေး ဘယ်အချိန်ဖြစ်နိုင်သလဲ


နိုဝင်ဘာ ၈ ရက် ရွေးကောက်ပွဲနေ့တုန်းက မဲဆန္ဒထည့်နေသူများ (Photo by Ye Aung THU / AFP)
နိုဝင်ဘာ ၈ ရက် ရွေးကောက်ပွဲနေ့တုန်းက မဲဆန္ဒထည့်နေသူများ (Photo by Ye Aung THU / AFP)

(Zawgyi/Unicode)

လက်ရှိရွေးကောက်ပွဲ မဲအများဆုံးရထားတဲ့ အစိုးရပါတီက၊ တိုင်းရင်းသားပါတီတွေကို ပူးပေါင်းဆောင်ရွက်ဖို့ကမ်လှမ်းလိုက်ချိန်မှာ၊ တပ်မတော်ဘက်ကလည်း AA ရခိုင်လက်နက်ကိုင်အဖွဲ့တောင်းဆိုတဲ့၊ ရခိုင်ပြည်နယ်က ရွေးကောက်ပွဲမလုပ်နိုင်ခဲ့တဲနေရာတွေမှာ ရွေးကောက်ပွဲပြန်လုပ်ပေးရေးကို ကြိုဆိုလိုက်ပြီး ညိနှိုင်းသွားမယ်လို့ ဆိုပါတယ်။

အစိုးရပါတီ NLD အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပြောခွင့်ရက၊ AA ပြောသလို ကြားဖြတ်ရွေးကောက်ပွဲဆိုရင်၊ အစိုးရဖွဲ့ပြီး တစ်နှစ်ကြာမှလုပ်နိုင်မယ်လို့ ပြောလိုက်ချိန်မှာ၊ ဖွဲ့စည်းပုံဥပဒေဆိုင်ရာကျွမ်းကျင်သူကတော့ ဒါက ကြားဖြတ်ရွေးကောက်ပွဲမဟုတ်တာမို့ အဆင်ပြေချိန်လုပ်လို့ရတယ်လို့ အကြံပြုလိုက်ပါတယ်။

NLD ရဲ့ မနေ့က ဒီကမ်းလှမ်းချက်ကို တိုင်းရင်းသားပါတီတစ်ခုက ကြိုဆိုလိုက်တာနဲ့၊ တိုင်းရင်းသားသုံးသပ်သူတစ်ဦးက လက်တွေ့အကြံပြုလိုက်တာကို ကိုဝင်းမင်းက ပြောပြထားပါတယ်။

AA ရခိုင်လက်နက်ကိုင်အဖွဲ့ရဲ့ ဒီဇင်ဘာလကုန် မတိုင်ခင် ကြားဖြတ်ရွေးကောက်ပွဲ လုပ်ပေးဖို့ မနေ့က တောင်းဆိုမှု အပေါ် NLD ပြောခွင့်ရ ဒေါက်တာမျိုးညွန့်က -

“ကြားဖြတ်ရွေးကောက်ပွဲကို အထွေထွေရေးကောက်ပွဲနဲ့ ကာလဘယ်လောက်ကြာမှ လုပ်ရမယ်ဆိုတာ ဥပဒေမှာ သတ်မှတ်ပြီးသားရှိပါတယ်။ တနှစ်ကျော်မှာ လုပ်ရတာပါ။”

ဒီအပေါ် ဖွဲ့စည်းအုပ်ချုပ်ပုံဆိုင်ရာ ဥပဒေ ကျွမ်းကျင်သူ ဒေါက်တာ Andrew Ngun Cung Lian က ကြားဖြတ်ရွေးကောက်ပွဲအတွက် အခုလို ဥပဒေ ရှိပေမယ့် အခုက ဖျက်သိမ်းလိုက်တဲ့ရွေးကောက်ပွဲ ပြန်ကျင်းပရမှာလို့ ဆိုပါတယ်။

“ကြားဖြတ် By-election မဟုတ်ဘူး။ By-election ဆိုတာက လစ်လပ်နေရာ ၊ လစ်လပ်ဆိုတာ ရွေးပြီးတော့ သေလို့ မဟုတ်ရင် နုတ်ထွက်လို့ အဲဒီ လစ်လပ်နေရာမှာ ကြားဖြတ်ရွေးကောက်ပွဲလုပ်လို့ရတယ်။ အခုဟာက လစ်လပ် တဲ့နေရာမဟုတ်ဘူး Cancellation ဥပဒေနဲ့ လုပ်တာ ၊ ဖျက်သိမ်းတာ။”

အဲဒီတော့ တပ်မတော်ဘက်က အရင်အကြမ်းဖက်အဖွဲ့အစည်းအဖြစ် သတ်မှတ်ထားတဲ့ AA လက်နက်ကိုင်တပ်ဖွဲ့ တောင်းဆိုတာကို ကြိုဆိုလိုက်ပြီး AA သုံးသလို ဒီကြားဖြတ်ရွေးကောက်ပွဲတွေကို ရခိုင်ပြည် ၊ ရှမ်းပြည်နယ်မှာပါ ကျင်းပနိုင်ရေး ညှိနှိုင်းဆောင်ရွက်သွားမယ်လို့ ပြောလာတဲ့အပေါ် ဘယ်အချိန် လက်တွေ့ဖြစ်လာနိုင်တာကို မေးရာမှာ ဒေါက်တာ Andrew Ngun Cung Lian ကပဲ -

“ကျနော်ထင်တာက တပ်မတော်ဘက်က ဒီ Cancellation လုပ်တဲ့ဟာတွေကို By-election သဘောနဲ့ မစဉ်းစားဘူး။ အခု Cancellation နဲ့ ပတ်သက်ပြီးတော့ ဘာဥပဒေမှ မရှိဘူး။ အဲဒီတော့ မနက်ဖြန်လုပ်မယ်ဆိုရင် လုပ်လို့ရတယ်၊ မလုပ်ပဲနေမယ်ဆိုရင်လည်း ရတယ်။ အဲဒါကတော့ အစိုးရနဲ့ UEC (ပြည်ထောင်စုရွေးကာက်ပွဲကော်မရှင်) အပေါ်မှာ မူတည်တယ်လေ။”

တိုင်းရင်းသားတွေနဲ့ ဘုံရည်မှန်းချက်တူတဲ့အတွက် ဒီမိုကရေစီ ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေးအတွက် ပူးပေါင်း ဆောင်ရွက်ဖို့ မျှော်လင့်ပါတယ်လို့ NLD က မနေ့ကဘဲ ကမ်းလှမ်းခဲ့ပါတယ်။ အဲဒီလို ပြောဆိုချက်အပေါ် ရခိုင်ပြည်နယ်မှာ အဓိက အနိုင်ရထားတဲ့ ရခိုင်အမျိုးသားပါတီ ပြောခွင့်ရ ဒေါ်အေးနုစိန်က ကြိုဆိုလိုက်ပါတယ်။

“ကျမတို့ကတော့ ကြိုဆိုပါတယ်။ တလျောက်လုံး မျှော်လင့်ထားခဲ့တာဟာ ပြည်ထောင်စုမှာ တိုင်းရင်းသားပါတီကို ဘာဖြစ်လို့ လက်တွဲ လက်ကမ်းပြီးတော့ ပူးပေါင်းဆောင်ရွက်မှု မရှိပဲနဲ့ Dialogue partner (တိုင်ပင်ဆွေးနွေးဖော်) အဖြစ် ဘာဖြစ်လို့ အသုံးမပြုခဲ့တာဆိုတာလည်း တချိန်လုံး တင်ပြပြောဆိုနေခဲ့ရတဲ့ အနေအထားမှာ အခု ဒီလိုစာမျိုး ထုတ်လိုက်တယ်ဆိုတော့ လှိုက်လှိုက်လဲှလဲှဘဲ ကြိုဆိုပါတယ်။”

အဲဒီတော့ ဒီအချိန်မှာ ဘာကြောင့်အခုလို NLD ဘက်က ကမ်းလှမ်းလာပါသလဲလို့ မေးရာမှာ ဒေါ်အေးနုစိန်က အရင်ဖွဲ့စည်းပုံ ပြင်ဆင်ရေးမှာ တပ်မတော်နဲ့ NLD ထိပ်တိုက် တွေ့ခဲ့တာကို အခုပြင်ဆင်နိုင်ဖို့ ဖြစ်နိုင်တယ်ဆိုပြီး၊ လက်ရှိ ပြောင်းသွားတဲ့အခြေအနေကို အခုလို ရှင်းပြပါတယ်။

“ပထမ အနေအထားမှာတော့ ညွှန့်ပေါင်းအစိုးရဆိုတာကြီးကို မလိုချင်တဲ့အတွက် တိုင်းရင်းသားတွေ၊ ပါတီတွေနဲ့ ညှိနှိုင်းမယ့်အစီအစဉ်မရှိဘူး ဆိုပြီးတော့ တင်တင်းမာမာပြောခဲ့တဲ့ အနေအထားတွေဟာတော့ အခုတော့ ညွှန့်ပေါင်းအဆင့်ကိုလည်း မရောက်ဘူး၊ တစ်ပါတီထဲက အစိုးရ ဖွဲ့နိုင်တဲ့ အဆင့်ကို ရောက်သွားတယ်ဆိုတော့ မျှော်မှန်းထားတာထက် ပိုတဲ့အနေအထားကို ဖန်တီးလိုက်တာလို့ ကျမမြင်ပါတယ်။”

တချိန်တည်းမှာ ရှမ်းပြည်နယ်မှာ အဓိက အနိုင်ရထားတဲ့ ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ်ကိုလည်း NLD ပြောခွင့်ရက ကမ်းလှမ်းခဲ့ပါတယ်။

“ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ်ကလည်း ကျနော်တို့ရဲ့ ခိုင်မာတဲ့ မဟာမိတ်ဖြစ်ပါတယ်။ မဟာမိတ်ဟောင်းများ လိုလားတဲ့ အတိုင်းပဲ ကိုယ်ပိုင်အုပ်ချုပ်ခွင့် ကိုယ်ပိုင်ဆုံးဖြတ်ခွင့်ရှိတဲ့ ပြည်နယ်တခုအဖြစ် ပီပီပြင်ပြင် ပေါ်ထွက်လာတာကို ကိုယ်တိုင် မြင်ရပါလိမ့်မယ်။”

အခုလို NLD ဘက်က ကမ်းလှမ်းလာတဲ့ စာအပေါ် ရှမ်းနိုင်ငံရေး ကျွမ်းကျင်သူ နိုင်ငံရေးသိပ္ပံပါရဂူ ဒေါက်တာ စိုင်းဦးက

“အဲဒီစာရဲ့ ရည်ရွယ်ချက်ကို ကျနော်မြင်တာကောင်းတယ်။ ဒါပေမယ့် စာထွက်လာတဲ့ အချိန်နဲ့ အရေးအသားနဲ့ ဒါတွေက နည်းနည်း လိုရာ ရောက်မှာမဟုတ်ဘူး။ တကယ်လုပ်မယ် ဒါက အစိုးရရဲ့ စေတနာနဲ့ တကယ်ပဲ နိုင်ငံရဲ့ ရှေ့ရေးကို ဖြေရှင်းမယ်လို့ မြင်မယ်ဆိုရင် လုပ်နိုင်တဲ့နည်းလမ်းတွေ အများကြီးရှိတယ်။ လွယ်တဲ့ဟာကတော့ တိုင်းရင်းသားတွေနဲ့ တိုက်ရိုက်ခေါ်တွေ့ပြီးတော့ ရှင်းရှင်းလင်းလင်း ထိုင်ပြီး ဖြေရှင်းမှုတွေ လုပ်သင့်တယ်။ နောက်ပြီးတော့ အမျိုးသားပြန်လည်ရင်ကြားစေ့ရေးဆိုတဲ့ ကော်မတီဖွဲ့ပြီးတော့ တိုင်းရင်းသားတွေနဲ့ သူတို့ ပါဝင်မှုအပြင် သူတို့နဲ့ နီးနီးကပ်ကပ် လုပ်သွားတဲ့ လုပ်ငန်းတွေ လုပ်လို့ရတယ်။”

တကယ်တော့ အရင်အာဏာလွှဲခဲ့တဲ့ လက်ရှိ အဓိက အတိုက်အခံပါတီကို ကျောထောက်နောက်ခံပေးခဲ့တဲ့ တပ်မတော်နဲ့ လက်ရှိ အာဏာရထားတဲ့ အစိုးရပါတီတို့အကြား ဒီတစ်ခေါက် ရွေးကောက်ပွဲဆိုင်ရာ အငြင်းပွားမှုတွေ ပြင်းထန်လာခဲ့ပြီး၊ အခုလို တိုင်းရင်းသားတွေကို အပြိုင် ကမ်းလှမ်းကြိုဆိုလာတာ ဖြစ်တယ်လို့ သုံးသပ်မှုတွေ ရှိနေပါတယ်။

တိုက်ရိုက် လင့်ခ်

...............

(Unicode)



















XS
SM
MD
LG