သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

သမ္မတဘိုင်ဒန် နောက်တကြိမ် ရွေးကောက်ပွဲဝင်မည်


အမေရိကန်သမ္မတဂျိုးဘိုင်ဒန် ၂၀၂၃ ဧပြီလက ထုတ်ပြန်လိုက်တဲ့ တရားဝင်မဲဆွယ်စည်းရုံးရေးဗွီဒီယိုဖိုင်မှ ရုပ်ပုံတခု
အမေရိကန်သမ္မတဂျိုးဘိုင်ဒန် ၂၀၂၃ ဧပြီလက ထုတ်ပြန်လိုက်တဲ့ တရားဝင်မဲဆွယ်စည်းရုံးရေးဗွီဒီယိုဖိုင်မှ ရုပ်ပုံတခု

အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန်က လာမယ့် ၂၀၂၄ သမ္မတ ရွေးကောက်ပွဲမှာ ဝင်ပြိုင်မယ့်အကြောင်း ဒီကနေ့ပဲ တရားဝင် ကြေညာလိုက်ပါတယ်။ ၄ နှစ် သမ္မတသက်တမ်း နောက်တကြိမ် တာဝန်ထမ်းခွင့်ရဖို့ ရွေးကောက်ပွဲ ဝင်မယ့်အကြောင်း ဒီကနေ့ မနက် စောစောမှာပဲ ၃ မိနစ်ကြာ ဗွီဒီယိုတခု ထုတ်ပြန်ပြီး ခုလို ကြေညာလိုက်တာပါ။

ရီပတ်ဘလစ်ကန်တွေရဲ့ အစွန်းရောက် အယူအဆတွေကြောင့် နိုင်ငံသားတွေရဲ့ လွတ်လပ်ခွင့် ဆုံးရှုံးခဲ့ရတာတွေ ရှိတဲ့အကြောင်း ထောက်ပြပြီး ပြည်သူတွေရဲ့ လွတ်လပ်ခွင့်တွေကို ကာကွယ်ပေးသွားဖို့၊ လက်ရှိ သမ္မတသက်တမ်းအတွင်း သူ့အနေနဲ့ မပြီးပြတ်သေးတဲ့ တာဝန်တွေ ဆက်လက် ထမ်းဆောင်နိုင်ဖို့ ဒုတိယအကြိမ် ထပ်မံအရွေးခံမှာ ဖြစ်တဲ့အကြောင်း ဒီကနေ့ ထုတ်ပြန်တဲ့ ၃ မိနစ်ကြာ ရုပ်သံဖိုင်ထဲမှာ သမ္မတဘိုင်ဒန်က ပြောသွားပါတယ်။ နှစ်ပေါင်း ၅၀ ကျော် နိုင်ငံရေး အတွေ့အကြုံတွေနဲ့ လက်ရှိ သမ္မတ သက်တမ်းအတွင်း အောင်အောင်မြင်မြင် ဆောင်ရွက်နိုင်ခဲ့တာတွေကို ကြည့်ပြီး အမေရိကန်ရဲ့ အသက်အကြီးဆုံး သမ္မတတယောက်အနေနဲ့ တာဝန်တွေ ထမ်းနိုင်ပါဦးမလား မစိုးရိမ်ကြဖို့လည်း သမ္မတက စည်းရုံးပြောဆိုထားပါတယ်။

နယူးယောက်ပြည်နယ် မန်ဟက်တန်တရားရုံးမှာ ပထမဆုံးရုံးချိန်တက်ရောက်ပြီးနောက် ဖလော်ရီဒါပြည်နယ်က သူပိုင် Mar-a-Lago အပန်းဖြေစခန်းမှာ မိန့်ခွန်းပြောနေတဲ့ အမေရိကန်သမ္မတဟောင်းဒေါ်နယ်ထရမ့်ပ် (ဧပြီ ၄၊ ၂၀၂၃)
နယူးယောက်ပြည်နယ် မန်ဟက်တန်တရားရုံးမှာ ပထမဆုံးရုံးချိန်တက်ရောက်ပြီးနောက် ဖလော်ရီဒါပြည်နယ်က သူပိုင် Mar-a-Lago အပန်းဖြေစခန်းမှာ မိန့်ခွန်းပြောနေတဲ့ အမေရိကန်သမ္မတဟောင်းဒေါ်နယ်ထရမ့်ပ် (ဧပြီ ၄၊ ၂၀၂၃)

လာမယ့် ၂၀၂၄ သမ္မတ ရွေးကောက်ပွဲမှာ ဝင်ပြိုင်ဖို့ ရီပတ်ဘလစ်ကန် ပါတီက သမ္မတဟောင်း ဒေါ်နယ်ထရမ့်ပ် (Donald Trump) ကလည်း ပြီးခဲ့တဲ့ နိုဝင်ဘာလ ကတည်းက ကြေညာထားတာပါ။ ပြီးခဲ့တဲ့ ရွေးကောက်ပွဲမှာ ထရမ့်ပ်ကို လွတ်လွတ်ကျွတ်ကျွတ် အနိုင်ရခဲ့တဲ့ သမ္မတဘိုင်ဒန်အနေနဲ့ ဒီတကြိမ်မှာတော့ တိုင်းပြည်တွင်း ကွဲလွဲမှုတွေနဲ့ အကျပ်အတည်းတွေ များနေချိန်မှာ ပြန်လည် အရွေးခံရဖို့ ခက်ခဲနိုင်တယ်လို့ လေ့လာ စောင့်ကြည့်သူတွေက သုံးသပ် ပြောဆိုကြပါတယ်။ တကယ်လို့ ဒုတိယအကြိမ် ပြန်လည် အရွေးခံရရင်တော့ သမ္မတသက်တမ်း တာဝန်စထမ်းဆောင်မယ့် အချိန်မှာ သမ္မတ ဘိုင်ဒန်ဟာ အသက် ၈၂ နှစ် ရှိမှာဖြစ်ပြီး အသက်ကြီးဆုံး အမေရိကန်သမ္မတ ဖြစ်လာမှာပါ။

တိုက်ရိုက် လင့်ခ်
XS
SM
MD
LG