သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာလူ့အခွင့်အရေးကော်မရှင်အဖွဲ့ဝင် ၄ ဦး နှုတ်ထွက်


မြန်မာလူ့အခွင့်အရေးကော်မရှင်အဖွဲ့ဝင်များသတင်းစာရှင်းလင်းပွဲလုပ်နေစဉ် (၂၁ စက်တင်ဘာလ ၂၀၁၆)
မြန်မာလူ့အခွင့်အရေးကော်မရှင်အဖွဲ့ဝင်များသတင်းစာရှင်းလင်းပွဲလုပ်နေစဉ် (၂၁ စက်တင်ဘာလ ၂၀၁၆)

ရန်ကုန်မြို့က အင်းဝအပ်ချုပ်ဆိုင်မှာ အိမ်အကူ မိန်းကလေး ၂ ဦး ညှင်းပမ်းနှိပ်စက်ခံရမှုကို လိုက်ပါဆောင်ရွက်ရာမှာ ပျက်ကွက်ခဲ့တယ်လို့ စွပ်စွဲခံခဲ့ရတဲ့ မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေးကော်မရှင် အဖွဲ့ဝင် ၄ ဦးကို နိုင်ငံတော်သမ္မတရုံးကနှုတ်ထွက်ခွင့်ပြုလိုက်ပါတယ်။ ကော်မရှင်တာဝန်ရှိသူ တချို့ကိုအရေးယူပေးဖို့ လွှတ်တော်နဲ့ လူ့အခွင့်အရေး လှုပ်ရှားသူတွေ တိုက်တွန်းပြောဆိုသံတွေ ထွက်ပေါ်လာခဲ့ပြီး နောက်မှာပဲ အခုလို အစိုးရက နှုတ်ထွက်ခွင့် ပြုလိုက်တာပါ။ အကြောင်းစုံကိုတော့ ဆက်သွယ်စုံစမ်းထားတဲ့ ဗွီအိုအေသတင်းထောက် ကိုထက်အောင်ခန့် ရန်ကုန်မြို့ကနေ သတင်းပေးပို့ထားပါတယ်။

ရန်ကုန်မြို့က အင်းဝအပ်ချုပ်ဆိုင်မှာ အိမ်အကူ မိန်းကလေး ၂ ဦး ညှင်းပမ်းနှိပ်စက်ခံရမှုကို လိုက်ပါဆောင်ရွက်ရာမှာ ပျက်ကွက်ခဲ့တယ်လို့ စွပ်စွဲခံခဲ့ရတဲ့ မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေးကော်မရှင် အဖွဲ့ဝင် ၄ ဦးကို နိုင်ငံတော်သမ္မတရုံးက နုတ်ထွက်ခွင့်ပြုလိုက်ပါတယ်။ သမ္မတရုံးက ကြေညာချက်မှာတော့ အိမ်အကူ မိန်းကလေး ၂ ဦး ညှင်းပမ်းနှိပ်စက်ခံရမှုကို ညှိနှိုင်းဆောင်ရွက်ပေးရာ၌ပါဝင်ခဲ့ကြသူတွေဖြစ်တဲ့ လူ့အခွင့်အရေးကော်မရှင် အဖွဲ့ဝင် ၄ ဦး ဖြစ်တဲ့ ဦးဇော်ဝင်း၊ ဒေါက်တာဉာဏ်ဇော်၊ ဒေါက်တာ ဒေါ်သန်းနွဲ့နဲ့ ဒေါ်မြမြ တို့ကို မိမိသဘောဆန္ဒအလျောက် နှုတ်ထွက်ခွင့်ပြုတဲ့အကြောင်း ဒီကနေ့ အောက်တိုဘာလ ၆ ရက်နေ့ ရက်စွဲနဲ့ထုတ်ပြန်တဲ့ သမ္မရုံးကြေညာချက်မှာဖော်ပြထားပါတယ်။

တဖက်မှာလည်း လူ့အခွင့်အရေးလှုပ်ရှားသူတွေဟာ ထုတ်ပြန်ချက်သည် သဘောထားပျော့ပျောင်းနေတဲ့အကြောင်းဝေဖန်မှုတွေရှိနေပါတယ်။ ထုတ်ပြန်ချက်နဲ့ပတ်သက်ပြီး ပြည်သူကော လွှတ်တော်ကောကျေနပ်မှမဟုတ်ကြောင်းထောက်ပြကြပါတယ်။ ဒါနဲ့ပတ်သက်လို့ညီမျှခြင်းမြန်မာမှ အမှုဆောင်ဒါရိုက်တာ ဦးအောင်မျိုးမင်းက အခုလိုပြောပါတယ်။

“ဟုတ်ကဲ့ ပြည်သူလူထုရော၊ လွှတ်တော်ရော တော့ ကျေနပ်မှာမဟုတ်ဘူးခင်ဗျ။ ဘာကြောင့်လဲဆိုတော့ လွှတ်တော်က ထိုက်သင့်သလောက်အရေးယူဖို့အတွက် တောင်းဆိုတာ ဘာကြောင့်လဲဆိုတော့ သူတို့လုပ်ဆောင်တဲ့ကိစ္စကို ကြည့်မယ်ဆိုရင် ဒါက စွမ်းရည်ပြည့်ဝမှုအားနည်းနေတာ၊ လုပ်သင့်တာကို မလုပ်တာဖြစ်တဲ့အတွက် ဒါက ပေါ့လျော့မှုဆိုတဲ့ သဘောမျိုးဖြစ်တယ်။ အဲဒီတော့ ဒါမျိုး ဆိုရင် ကျနော်တို့က တရားရေးအရကို အရေးယူချင်တဲ့ ဆန္ဒတွေပါတယ်။ ဒါကြောင့် ဒီအထဲမှာ ကျနော်တို့အကောင်းဆုံးအနေနဲ့ သူတို့နဲ့ အဖြစ်နိုင်ဆုံး ဒါကိုနှုတ်ထွက်ခွင့်ပြုပြီးမှ ဒါကိုပဲ ပြစ်ဒဏ်လိုပုံစံမျိုးနဲ့ သွားထားတယ်လို့ပဲ ကျနော်ယူဆပါတယ်။”

အင်းဝအပ်ချုပ်ဆိုင်က အိမ်အကူမိန်းကလေး ၂ ဦး ညှင်းပမ်းနှိပ်စက်ခံ ရမှုကို စတင်ဖော်ထုတ်ရေးသားခဲ့တဲ့ Myanmar Now ဌာန က ကိုဆွေဝင်းကတော့ လူ့အခွင့်ရေးကော်မရှင်အဖွဲ့ဝင်တွေအပေါ် အရေးယူမှုဟာ ပျော့ပျောင်းလွန်းတယ်လို့ ထင်ရပေမယ့် အခုလိုအကူးအပြောင်းကာ လမှာ အစိုးရဲ့သစ်ရဲ့ သိမ်မွေ့တဲ့ဖြေရှင်းမှုတရပ်ဖြစ်တယ်လို့ပြောပါတယ်။

“ဒါဟာ အင်မတန် ပျော့ပျောင်းညှင်သာတဲ့ အစိုးရရဲ့ အရေးယူမှုလို့ ကျနော်တို့ပြောလို့ရပါတယ်။ ရုတ်တရက်ကြည့်မယ်ဆိုရင်တော့ ဒါ အင်မတန်ပျော့ပျောင်းတယ် ၊ လိုအပ်သလောက်ကိုမလုပ်ဘူးလို့ ထင်မြင်စရာရှိနေပေမယ့်လည်း တဘက်မှာလည်း ကျနော်တို့က နိုင်ငံရေးအကူးအပြောင်း အခြေအနေမှာ လူဟောင်းလူသစ် ဒီလိုသဘောထားတွေအားလုံးနဲ့ ဆောင်ရွက်နေတာမို့လို့ ပျော့ပျောင်းတယ်ဆိုတာကလည်း အင်မတန် သိမ်မွေ့တဲ့ လုပ်ရပ်တခုလို့ ကျနော်မှတ်ချက်ပြုပေးနိုင်ပါတယ်ခင်ဗျ။”

အိမ်အကူမိန်းကလေး ၂ ဦးကို ညှင်းပမ်းနှိပ်စက်ခဲ့တဲ့ အင်းဝအပ်ချုပ်ဆိုင်မိသားစု ၆ ယောက်ကို လူကုန်ကူးမှုဥပဒေနဲ့ တရားစွဲဆိုထားပါတယ်။ ကိုယ်အင်္ဂါချို့ယွင်းတဲ့အထိ ညှင်းပန်းနှိပ်စက်ခံခဲ့ရတဲ့ အိမ်အကူမိန်းကလေးငယ်၂ဦးအမှုကို လျော်ကြေးပေးပြီး ညှိနှိုင်းဖြေရှင်းခဲ့တဲ့ လူ့အခွင့်အရေးကော်မရှင်အဖွဲ့ဝင်အချို့ကို ထိထိရောက်ရောက် အရေးယူဖို့လည်း လွှတ်တော်အမတ်တွေက အစိုးရကို တိုက်တွန်းခဲ့တာလည်းရှိပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG