(Zawgyi/Unicode)
ရခိုင်ပြည်နယ်မှာ တပ်မတော်နဲ့ AA ရခိုင်လက်နက်ကိုင် အဖွဲ့ကြား မကြာသေးခင် ကစလို့ စစ် ရေးတင်းမာမှုတွေ လျော့ပါးလာပေမဲ့လည်း သိန်းနဲ့ချီတဲ့ စစ်ရှောင်ဒုက္ခသည် အများ စုက တော့ လုံခြုံရေး စိုးရိမ်မှုတွေ အပါအဝင် အကြောင်းအမျိုးမျိုးကြောင့် နေရပ်မပြန်နိုင် သေးပဲ ဖြစ်နေပါတယ်။
စစ်ရှောင် ဒုက္ခသည်စခန်းတွေကို ကိုယ်တိုင်သွားရောက်ခဲ့တဲ့ ဗွီအိုအေ မြန်မာပိုင်း သတင်းထောက် ကိုသက်နိုင်က နောက်ဆုံးအခြေအနေတွေကို ပြောပြမှာပါ။
အခုကျနော်ရောက်ရှိနေတဲ့ နေရာကတော့ ကျောက်တော်မြို့နယ်နဲ့ ၇မိုင်လောက်အဝေးမှာ ရှိတဲ့ ညောင်ချောင်းစစ်ရှောင်စခန်းမှာ ဖြစ်ပါတယ်။ ဒီစခန်းမှာ ဆိုလို့ရှိရင် ပလက်ဝမြို့နယ် အပါအဝင် ကျောက်တော်မြို့နယ်အတွင်းက ကျေးရွာပေါင်း ၂၀လောက်က စစ်ရှောင်ဦး ရေ ၄ ထောင်ကျော်လောက် နေထိုင်ကြတာလည်းဖြစ်ပါတယ်။ အခုလက်ရှိ ရခိုင်ပြည်နယ်မှာ တိုက်ပွဲတွေ ရပ်ဆိုင်းထားတယ် ဆိုပေမယ့်လည်း ဒီမှာရှိတဲ့ စစ်ရှောင်တွေကတော့ နေရပ်မပြန် နိုင်ကြသေးပဲ ဒီစခန်းမှာပဲ ဆက်လက်နေထိုင်နေရာ ဖြစ်ပါတယ်။
စစ်ရှောင်ဒုက္ခသည်တဦးဖြစ်တဲ့ တင်းမကျေးရွာက မစောညွန့်ကတော့
“ ကျမတို့ တင်းမကသူတွေကတော့ အကုန်လုံး အိမ်ကို ပြန်ချင်ကြပါတယ်။ ဒါပေမယ့် မဖြစ်နိုင် သေးဘူးလေ။ စစ်သားတွေ ရှိနေသေးတော့ ကျမတို့ ပြန်လို့မရသေးဘူး။ သူတို့တွေနမရှိ တော့မှာ အေးအေးဆေးဆေးဖြစ်တော့မှ ပြန်ချင်ပေမယ့်လည်း သူတို့က မိုင်းတွေ ဘာတွေ ထောင်ထားမှာလည်း ကြောက်တယ်။ ကျမတို့က အဖြစ်အပျက်အားလုံးကို ခံစားပြီးသားဖြစ် နေ တော့ နောက်တစ်ခေါက်ဖြစ်မှာကိုလည်း ကျမတို့က စိုးရိမ်ပါတယ်။ အခုလိုနေဖို့ ကူညီပေးသူတွေကိုလည်းကျေးဇူးတင်ပါတယ်။ ကျမတို့က ဝမ်းလည်းနည်းတယ်။ တစ်သက်လုံး စုဆောင်းထားတဲ့ ပစ္စည်းတွေ အခုဘာမှ မရှိတော့ဘူးဆိုတော့ ကျမတို့ တော်တော်ခံစားရပါတယ်။ ကျမတို့ရွာ အေးအေးချမ်းချမ်းဖြစ်ပြီဆိုရင် ကျမတို့ သွားချင်ပါတယ်။ အိမ်တွေ ဘယ်လိုဖြစ်နေလဲ အိမ်မှာရှိတဲ့ ပစ္စည်းတွေကို ဘယ်သူတွေ ယူသွားကြပြီလဲဆိုတာ ကျမတို့ မြင်ချင်ပါတယ်။ ကျမတို့ တစ်သက်လုံးစုဆောင်းထားတဲ့ ပစ္စည်းတွေပါ။”
တိုက်ပွဲတွေကြောင့် ကျောက်တော်မြို့နယ် တင်းမကျေးရွာကနေ တိမ်းရှောင်လာပြီး၊ အခုအခါ ညောင်ချောင်းစစ်ရှောင်စခန်းမှာ ခိုလှုံနေတဲ့ မစောညွန့်က လုံခြုံရေးအတွက် စိတ်မချသေးလို့ နေရပ်မပြန်ရဲသေးတဲ့အကြောင်း ပြောသွားတာပါ။
နိုဝင်ဘာလဆန်းက ရွေးကောက်ပွဲ ကျင်းပချိန်မှာ လုံခြုံရေးစိတ်မချရတာကြောင့် မကျင်းပပဲ ချန်လှပ်ထားခဲ့တဲ့ ရခိုင်ပြည်နယ်က မဲဆန္ဒနယ်မြေတွေမှာ ပြန်ကျင်းပနိုင်မယ့် အခြေအနေတွေ ဖန်တီးဖို့ AA ရခိုင်လက်နက်ကိုင်အဖွဲ့ရဲ့ ကမ်းလှမ်းချက်ကို တပ်မတော်က လက်ခံလိုက်ပြီး နောက် ၁ လလောက်ကြာ တိုက်ပွဲတွေ ရပ်စဲနေရာက ဒုက္ခသည်တချို့ နေရပ်ပြန်ခဲ့ကြ တာလည်းဖြစ်ပါတယ်။
ဒါပေမဲ့လည်း သိန်းနဲ့ချီတဲ့ ဒုက္ခသည်တွေထဲက အများစုကတော့ နေရပ်မပြန်နိုင်ကြ သေးပါ ဘူး။ ရသေ့တောင်မြို့နယ် မျောက်တောင်းကျေးရွာကနေ တိမ်းရှောင်လာပြီး ညောင်ချောင်း စစ်ရှောင်စခန်းမှာ ခိုလှုံနေတဲ့ မကြည်ကြည်လှကလည်း ပြန်ချင်ပေမဲ့ မပြန်နိုင် သေးဘူးလို့ ပြောပါတယ်။
“ ဒီနေရာမှာ ဘယ်အချိန်ထိ သမီးတို့နေရမယ်ဆိုတာတော့မသိဘူး။ ဒါပေမယ့် ပြောချင်တာ ကတော့ အချိန်တန်ရင်တော့ အနေထိုင်သွားလိမ့်မယ်လို့ နေသားကျသွား လိမ့်မယ်။ ဒါပေမယ့်နေသားမကျဘူး။ ကိုယ့်ရပ်ကိုယ့်ရွာကိုပဲ ပြန်ချင်တယ်။ အဲတာကြောင့် စစ်ပွဲတွေကို ရပ်ပေးကြပါ။ သမီးတစ်ယောက်တည်းမဟုတ် သမီးတို့ရွာက အကုန်လုံးက နေရပ်ပြန်ချင်ကြပါ တယ်။ အဲတာကြောင့် စစ်ပွဲတွေ ရပ်ပေးကြပါလို့ပြောချင်ပါတယ်။”
လုံခြုံရေး စိုးရိမ်မှုတွေ အပြင် လက်နက်ကိုင် ပဋိပက္ခတွေကြား ကျေးရွာတွေ ထိခိုက်ပျက်စီး မှုတွေကြောင့် နေရပ်မပြန်နိုင်တဲ့ သူတွေလည်း ရှိပါတယ်။ ကျောက်တော်မြို့နယ်၊ တင်းမ ကျေးရွာက တိမ်းရှောင်လာတဲ့ ဒေါ်ချိုဦးမေ ဟာဆိုရင်လည်း နေရပ်ပြန်မယ်ဆိုရင်တောင် နေစရာ အိမ်မရှိတော့တဲ့သူပါ။
“ကိုယ်ရွာကိုတော့ ပြန်ချင်တယ်။ သူတို့ရှိနေသေးတော့ ကျမတို့က မပြန်ရဲဘူး။ သူတို့းဒီနေရာ တွေက ထွက်မသွားသရွေ့ကျမတို့က မပြန်ရဲဘူး။ ဘာလို့လည်း ဆိုတော့ အခုသူတို့ ကျမတို့ နယ်မြေမှာ စခန်းချလို့နေတယ်။ အထက်တင်းမမှာနေတယ်ပေါ့နော်။ သူတို့နေရာကနေ လှမ်းပစ်ရင်လည်း ကျမတို့က သေနိုင်တာပဲလေ။ ကျမတို့ရွာက ပြေးလို့မရဘူးထွက် ပေါက်ရ မှာမဟုတ်ဘူး တောနဲ့ တအားနီးတယ်လေ။ ကျမတို့ သိပ်ကြောက်လို့ပြေးလာတာ သူတို့ မထွက်သရွေ့ကျမတို့မပြန်ဘူး။”
နှစ်ဖက်တပ်ဖွဲ့အကြား တိုက်ပွဲရပ်တန့်နေတဲ့ အခြေအနေကြောင့် နေရပ်ပြန်သူတွေ၊ စပါးရိတ် သိမ်းဖို့ ပြန်တဲ့သူတွေ ရှိတဲ့အတွက် စစ်ပြေးဒုက္ခသည် အရေအတွက်က အနည်းငယ် လျော့သွားပေမဲ့ ဒီဇင်ဘာလဆန်းအထိ စာရင်းတွေအရ ၁၉၀,၀၀၀ ကျော် ရှိနေသေးတယ် လို့လည်းဒုက္ခသည်တွေကိုအကူအညီပေးနေ တဲ့ ရခိုင်တိုင်းရင်းသားမျိုးနွယ် များ အစည်းအရုံး (REC) က ထုတ်ပြန်ထားပါတယ်။
..............
(Unicode)