ရခိုင်လက်နက်ကိုင်တပ် AA နဲ့ အစိုးရတပ်တို့ကြား စစ်ဖြစ်နေတဲ့ ရခိုင်မှာ စစ်ဘေးဒဏ်ကြောင့် အသက်ဆုံးခဲ့ရတာ နောက် မသင်္ကာမှုတွေနဲ့ ဖမ်းဆီးစစ်ဆေးခံရရင်း သေခဲ့ရတဲ့ ဒေသခံပြည်သူပေါင်းက ၃၅ဦးအထိရှိသွားပြီဖြစ်ပြီး လက်နက်ကိုင်တပ်နဲ့ဆက်နွယ်တယ်ဆိုပြီး မသင်္ကာလို့ ဖမ်းဆီးစစ်ဆေးခံနေရတာက ၁၀၀ကျော်ရှိသွားပြီလို့ ရခိုင်လွှတ်တော်ကိုယ်စားလှယ်တွေကပြောပါတယ်။ စစ်ဘေးကြောင့် အသက်ဆုံးခဲ့ရသူတွေ ဖမ်းဆီး ညှင်းပမ်းနှိပ်စက်ခံရသူ တရားစွဲခံနေရတဲ့ ဒေသခံတွေအတွက် ဆုံးရှုံးနစ်နာမှုတွေကို သက်ဆိုင်ရာ နိုင်ငံသားတို့ အခွင့်အရေး ကာကွယ်လုံခြုံမှုပေးဖို့နဲ့ တရားဥပဒေနဲ့အညီ ဆောင်ရွက်ပေးဖို့ ရခိုင်လွှတ်တော်ကိုယ်စားလှယ်တွေက တောင်းဆိုလိုက်ပါတယ်။ မဆုမွန် စုစည်းတင်ပြထားပါတယ်။
လနဲ့ချီကြာမြင့်လာပြီဖြစ်တဲ့ ရခိုင်ပြည်နယ်တွင်း ရခိုင်တိုင်းရင်းသားလက်နက်ကိုင်တပ် AA နဲ့ အစိုးရစစ်တပ်တို့ကြား တိုက်ပွဲတွေ အပြင်းထန်ဖြစ်ပွားနေချိန် စစ်ပြေးဒုက္ခသည်ပေါင်းက လေးသောင်းခြောက်ထောင်ကျော်အထိရှိသွားပြီဖြစ်ပါတယ်။စစ်ဖြစ်နေတဲ့ နယ်မြေတွေထဲ လက်နက်တွေနဲ့ပစ်ခတ် တိုက်ခိုက်မှုတွေကြား အသက်ဆုံးခဲ့ရသူနဲ့ ရခိုင်တပ်နဲ့ဆက်သွယ်တယ်ဆိုတဲ့စွပ်စွဲချက်နဲ့ ဖမ်းဆီးစစ်ဆေးခံရင်း သေဆုံးခဲ့ရသူပေါင်းက ၃၅ဦးအထိ ရှိသွားပြီဖြစ်လို့ သေဆုံးနစ်နာခဲ့ရသူ နောက် ကျန်ရစ်သူမိသားစုတွေအတွက် တရားမျှတမှု ရစေချင်တယ်လို့ ရခိုင်ပြည်နယ် ရသေ့တောင်မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်ခင်စောဝေက ဗွီအိုအေမြန်မာပိုင်းကိုပြောပါတယ်။
“စစ်ဆေးတဲ့အတွက် သေတဲ့လူက အခုဆိုရင်လောလောဆည် ၁၄ ယောက်ရှိနေပါပြီ။ နောက်ပြီးတော့ မစစ်ဆေးပဲနဲ့ တိုက်ပွဲတွေဖြစ်တဲ့နောက် တပ်မတေ်ာတွေဝင်လာပြီးတော့ သေနတ်ပစ်ခံရတဲ့ လူတော်တော်များများသေတာတွေဆိုရင် အကုန်လုံး ပေါင်းရင်းတော့ ၃၅ ယောက်လောက်ရှိနေပြီ။ စစ်ဆေးတဲ့အချိန်အတွင်းမှာလည်း တော်တော်များများသေတာတွေလည်းရှိတာမို့ တဖက်ကို တဖက်က ဘယ်သူက လုပ်တယ် ဆိုပြီးတော့ အပြစ်ပုံချတာတွေကိုပဲ ကျမတို့ တွေ့ရပါတယ်။ နောက်မတရားဖမ်းဆီးခံထားရတာရှိတယ် နောက်လူတွေကိုတွေ့ရင် AA ဆိုပြီးတော့ ဖမ်းတယ်။ AA ဟုတ် ဟုတ် မဟုတ်ဟုတ် AA ပဲဆိုပြီးတော့ တထစ်ချသူတို့ စွပ်စွဲတာတွေရှိတယ်။ အဲဒီအတွက်ကြောင့် ရွာသားတွေဆိုရင် တပ်မတော်စစ်ကြောင်းတွေ့ရမှာကို အရမ်းကြောက်ပြီးတော့ ထွက်ပြေးနေတာတွေရှိတယ်။ အဲဒီတော့ သေသွားတဲ့ မိသားစုတွေကလည်း ကျမတို့ကို တွေ့တိုင်းတင်ပြတာတွေရှိပါတယ် သူတို့ကို လာပြီးတော့ စုံစစ်းစစ်ဆေးတာတွေ ၊ လူ့အခွင့်အရေးကော်မရှင်တခုပဲ လာပြီးတော့ စုံစမ်းစစ်ဆေးတယ်။ဘယ်သူမှ သေဆုံးမှုနဲ့ ပတ်သက်ပြီးတော့ တစုံတရာလုပ်ဆောင်မှုတွေမရှိဘူး ဆိုပြီး ကျမတို့ကို အချိန်နဲ့အမျှ တင်ပြနေတာတွေရှိပါတယ်။”
စစ်ရေးပဋိပက္ခတွေပြင်းထန်နေဆဲ နယ်မြေမတည်ငြိမ်သေးချိန် ညမထွက်ရအမိန့်တွေက ထုတ်ပြန်ထားဆဲဖြစ်သလို စစ်ရှောင်နေရတဲ့ပြည်သူကိုမှ အာဏာပိုင်တွေဘက်က ထပ်မံဖမ်းဆီးစစ်ဆေးနှိပ်စက်နေတာကတော့ တရားဥပဒေစိုးမိုးမှုမဲ့နေပြီး ဥပဒေမဲ့ပုံစံမျိုးဖြစ်နေတယ်လို့လည်း ရခိုင်ပြည်နယ် ဘူးသီးတောင်မြို့နယ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးထွန်းအောင်သိန်းကလည်း ပြောပါတယ်။
“ကျနော်တို့ ပြည်သူလူထုဟာ ဥပဒေမဲ့ ပုံစံမျိုးဖြစ်နေတယ်လေ။ ကျနော်တို့ကို ခေါ်ယူစစ်ဆေးတယ် အဲဒီနေရာမှာ ခေါ်ယူစစ်ဆေးမူတွေလုပ်တဲ့အခါမှာ ရိုက်တာတွေရှိတယ်။ သူတို့နောက်ဆုံး မတရားအသင်းနဲ့ ဆက်သွယ်တာတွေ မပေါ်တဲ့အချိန်အခါမှာ သူတို့အတွက် နစ်နာတယ်။ နစ်နာတဲ့အတွက်ကြောင့် ဒါတွေကို သူတို့နစ်နာချက်တွေကို ဥပဒေကြောင်းအရ နစ်နာမှုတွေကို သက်ဆိုင်ရာက ဆောင်ရွက်ပေးရမှာဖြစ်တယ်။ အဲလို နစ်နာမှုမဖြစ်အောင် ကာကွယ်တားဆီးနိုင်ဖို့ အစိုးရအနေနဲ့ ဆောင်ရွက်သင့်တယ်လို့ မြင်ပါတယ်။ နောက်ပိုင်း စစ်ကြောရေးစခန်းတွေမှာ စစ်တဲ့အခါမှာ သူတို့ စိတ်ပိုင်းဆိုင်ရာ၊ ရုပ်ပိုင်းဆိုင်ရာ ခြိမ်းခြောက်ခံရမှုတွေရှိတယ်။ ဒါတွေဟာ ကျနော်တို့ဆီရောက်လာတဲ့အခါမှာ သူတို့ စိတ်ပိုင်းဆိုင်ရာ၊ ရုပ်ပိုင်းဆိုင်ရာ စိုးရိမ်မှုတွေ ရှိနေတယ်။ လူကြားသူကြားမှာ အသွားအလာကအစ သူတို့ အခက်အခဲတွေရှိနေတဲ့အတွက်ကြောင့် သူတို့နစ်နာမှုတွေကိုတော့ အစိုးရအနေနဲ့ ဆောင်ရွက်သင့်တယ်လို့ ကျနော်ပြောချင်ပါတယ်။”
အခုလိုစစ်ဒဏ်သင့်ရခိုင်ပြည်သူတွေ ကြုံနေရတဲ့ အခြေအနေတွေကို ရခိုင်အမျိုးသားပါတီက ဦးဆောင်ပြီး လွှတ်တော် ကိုယ်စားလှယ်တွေဘက်က ကွင်းဆင်းစုံစမ်းစစ်ဆေးတွေ့ရှိချက်တွေကို နိုင်ငံတော်သမ္မတ၊ နိုင်ငံတော်အတိုင်ပင်ခံ၊ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်နဲ့ သက်ဆိုင်ရာ အဖွဲ့အစည်းတွေကို တင်ပြခဲ့ပေမဲ့လို့ ဘာတခုမှ တုန့်ပြန်ချက်မရသလို တာဝန်ယူမှု တာဝန်ခံမှု မရှိဘူးဖြစ်နေတယ်လို့လည်း ရခိုင်ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်ခင်စောဝေကပြောပါတယ်။
“ကျမတို့က ဒေသခံပြည်သူများရဲ့ ထိခိုက်နစ်နာချက်ဆိုပြီး စုံစမ်းရေးကော်မရှင်တခု ဖွဲ့ခဲ့တယ်။ အဲဒီကော်မရှင်ကလည်း ကျမတို့ နိုင်ငံတော်သမ္မတ ၊ နိုင်ငံတော်အတိုင်ပင်ခံ နောက်တခါ ကာချုပ်ဆိုပြီးတော့ နောက် လူ့အခွင့်အရေးကော်မရှင်တို့ကို ကျမတို့က တိုင်ကြားစာတွေပို့ခဲ့ပါတယ်။ ဒီအစိုးရဘက်က တာဝန်ရှိတဲ့လူတွေဘက်ကပေါ့နော် ကျမတို့ တင်ပြထားတဲ့ လူ ပုဂ္ဂိုလ် တွေဘက်ကရော ဘာတခုမှ တုံ့ပြန်ချက်တွေမရှိပါဘူး။ အဲဒီအတွက်ကြောင့် ကျမတို့က ပြည်သူ့ကိုယ်စားလှယ်တဦးဖြစ်တယ်။ ပြည်သူတွေရဲ့ နစ်နာချက်တွေကိုတော့ ကျမတို့က ထိထိရောက်ရောက်စုံစမ်းစေချင်ပါတယ်။ ဒါပေမယ့် ကျမတို့ တင်ပြတိုင်းကို ဘာတခုမှ တုံ့ပြန်မှု မရှိဘူးဆိုတာကိုတော့ ကျမတို့အနေနဲ့ရော ပြည်သူကို စာနာတဲ့အနေနဲ့ရော အခုလိုဖြစ်နေတဲ့ဟာတွေကိုတော့ တာဝန်ယူမှု တာဝန်ခံမှုနဲ့ ဖြေရှင်းဖို့ အဖွဲ့အစည်းတခုတော့ လိုအပ်နေပြီလို့ ကျမအနေနဲ့ ဒီနေရာကနေပြောချင်ပါတယ်။”
ပြည်သူကရွေးချယ်လိုက်တဲ့အရပ်သားအစိုးရလက်ထက် နိုင်ငံသားတဦးချင်းစီ ဘေးကင်းလုံခြုံရေး နိုင်ငံသားအခွင့်အရေး လူ့အခွင့်အရေး လုံခြုံကာကွယ်မှုမရပဲ ဆုံးရှုံးနစ်နာနေရတဲ့အနေအထားအပေါ် ပြည်ထောင်စုအစိုးရ၊ ပြည်နယ်အစိုးရဘက်က ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့အညီ နိုင်ငံသားအခွင့်အရေးကာကွယ်ပေးပါလို့လည်း ပြည်သူ့ကိုယ်စားလှယ်တွေကတိုက်တွန်းပါတယ်။ စစ်ဘေးဒဏ်သင့်နေတဲ့နယ်မြေတွေကတော့ ရခိုင်ပြည်နယ် မြောက်ဦး၊ ကျောက်တော်၊ မင်းပြား၊ ဘူးသီးတောင်၊ ရသေ့တောင်နဲ့ ပုဏ္ဍားကျွန်း မြို့နယ် ခြောက်မြို့နယ်ဖြစ်ပြီး ယာယီ စစ်ပြေးစစ်ရှောင် ဒုက္ခသည်စခန်းတွေ အပါအဝင် စစ်ဖြစ်ပွားရာနေရာတွေက ကျေးရွာတွေထဲမှာပဲ ဘေးလွတ်ရာကို တိမ်းရှောင်နေကြရတဲ့ ဒုက္ခသည်စုစုပေါင်း အခုနောက်ဆုံးအချိန်အထိ လေးသောင်းကျော် ငါးသောင်းနီးပါးအထိဖြစ်နေပြီလို့ ရခိုင်တိုင်းရင်းသားမျိုးနွယ်များ အစည်းအရုံးဘက်က ထုတ်ပြန်ထားပါတယ်။